ပညာသည်သာ အမြတ်ဆုံးရတနာ လေ့လာမှတ်သားသင်ယူပါ

Type
5

ခင်သန်းမြင့်

မေလရဲ့နွေရက်အလွန် မုတ်သုံမိုးဦးနဲ့အတူ ဇွန်လ ၃ ရက်နေ့ကစပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပါပြီ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်း တစ်ပတ်ကာလအတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော်ကျော် ကျောင်းအပ်နှံခဲ့ကြတယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းအပ်နှံ တဲ့ကလေးတွေအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊  ဗလာစာအုပ်၊  ခဲတံ၊   ဘောပင်တွေ အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေပါ အခမဲ့ဖြန့်ဝေ ပေးတယ်လို့ သိရပါတယ်။


တစ်နှစ်ထက်တစ်နှစ်       တိုးတက်လာတဲ့ ကျောင်းအပ်နှံမှုကိန်းဂဏန်းတွေ၊ ကျောင်းအပ်နှံ တဲ့နေ့မှာ ကျောင်းဝတ်စုံ၊  ပြဋ္ဌာန်းစာအုပ်၊   ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်လေးတွေကို ပွေ့ပိုက်ပြီးထွက် လာကြတဲ့ သားသား မီးမီးတွေ၊ ကျောင်းဖွင့်ရက်မှာ ကျောင်းဝတ်စုံအဖြူ၊  အစိမ်းကိုယ်စီနဲ့  လန်းဆန်း တက်ကြွပျော်ရွှင်စွာ    ကျောင်းစတက်လာကြတဲ့ နိုင်ငံတော်ရဲ့ အနာဂတ်ရင်သွေးငယ်တွေကို တွေ့မြင် ရတာ အနာဂတ်နိုင်ငံတော်နဲ့ မြန်မာ့လူ့အဖွဲ့အစည်း အတွက် အားတက်ဝမ်းမြောက်စရာဖြစ်ရပါတယ်။ 


ပညာခေတ်မှာ       လူတစ်ဦးချင်းရဲ့ကံကြမ္မာ၊ မိသားစုနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်နိုင်ငံရဲ့  ရှေ့အနာဂတ်အလားအလာကို      ပညာတတ်မှု၊ မတတ်မှုဆိုတဲ့ ပညာရေးရေချိန်စံနှုန်းကသာ အဆုံး အဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းက ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ် မြင့်သထက်မြင့်အောင် သင်ရိုးညွှန်း တမ်းတွေကို   ခေတ်နဲ့လျော်ညီအောင်    ပြဋ္ဌာန်း သင်ကြားပေးနေခြင်းပဲဖြစ်ပါတယ်။ 


ဘောလုံးပရိသတ်တွေဟာ ပွဲအပြီး
အမှိုက်တွေကို လိုက်လံသိမ်းဆည်းပေးခဲ့


ခေတ်နဲ့လျော်ညီတဲ့ပညာရေးစနစ်က မွေးထုတ် ပေးလိုက်တဲ့နိုင်ငံသားတွေ၊ နိုင်ငံတွေအနေနဲ့လည်း ပညာရဲရင့်  ပွဲလယ်တင့်ဆိုသလို  ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှ ဂုဏ်တင့်တယ်ပါတယ်။ ပြီးခဲ့တဲ့နှစ် တွေကကျင်းပခဲ့တဲ့  ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အာရှဖလားဘောလုံးပြိုင်ပွဲတွေမှာဆို       ဂျပန် ဘောလုံးပရိသတ်တွေဟာ     ဂျပန်လက်ရွေးစင် ဘောလုံးအသင်း ရှုံးနိမ့်တဲ့ပွဲစဉ်မှာတောင် ပွဲအပြီး မှာ   ပွဲကြည့်စင်ထက်က   အမှိုက်တွေကို   လိုက်လံ သိမ်းဆည်းပေးခဲ့ကြလို့ အများရဲ့ချီးကျူးလေးစားမှု ကို ခံယူရရှိခဲ့ကြပါတယ်။


ဂျပန်နိုင်ငံအနေနဲ့ မူလတန်းအရွယ်ကတည်း က  ကျောင်းပညာရေးအပြင်  ကိုယ့်အားကိုယ်ကိုး တတ်အောင်၊ အများနဲ့ စုပေါင်းလုပ်ဆောင်နိုင်အောင်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊    ပတ်ဝန်းကျင်သန့်ရှင်းမှု ရှိအောင်၊  စည်းကမ်းတကျသွားလာနေထိုင်တတ်အောင်    ငယ်စဉ်ကတည်းက  သင်ကြားပေးခဲ့တဲ့ ဂျပန်ပညာရေးစနစ်ရဲ့   အကျိုးကျေးဇူးရလဒ်လို့ပဲ ဆိုရပါမယ်။ 


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း     လူမှုကွန်ရက် စာမျက်နှာထက်မှာ     တရုတ်မူလတန်းကျောင်း တစ်ကျောင်းက  ကျောင်းသား  ကျောင်းသူကလေး ငယ်တွေကို  မိဘတွေအနေနဲ့  ကိုယ့်ရင်သွေးငယ် ကလေးတွေ ပညာတတ်ကြီးဖြစ်အောင် လုပ်ငန်းခွင် မှာ ပင်ပန်းတကြီး  ကြိုးစားလုပ်ကိုင်နေတဲ့ဗီဒီယို မှတ်တမ်းတွေ ဖွင့်ပြနေတာတွေ့လိုက်ရတယ်။


ပညာမတတ်ရင် ဘဝမှာ ရုန်းကန်ရတယ်ဆိုတဲ့ 
အတွေးအမြင်ကို ပေးချင်တဲ့သဘော


ဒီမှတ်တမ်းဗီဒီယိုကိုကြည့်ပြီး ကျောင်းသား ကျောင်းသူကလေးငယ်အချို့      မျက်ရည်ကျတဲ့ အထိ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတဲ့ မြင်ကွင်း ကိုလည်း တွေ့မြင်ခဲ့ရတယ်။ ရည်ရွယ်ချက်ကတော့ စာကိုကြိုးစားသင်ယူကြဖို့၊ ပညာမတတ်ရင် ဘဝမှာ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ရတတ်တယ်ဆိုတဲ့ အတွေး အမြင်ကို ပေးချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။


ကျွန်မတို့   မြန်မာ့လူ့အဖွဲ့အစည်းဟာလည်း ပညာကို  မြတ်နိုးတန်ဖိုးထားတဲ့  လူ့အဖွဲ့အစည်း တစ်ရပ်ပါပဲ။ “ပညာရွှေအိုး လူမခိုး”တို့၊ “ပညာရဲရင့် ပွဲလယ်တင့်”တို့ စတဲ့ ပညာဂုဏ်၊ ပညာရဲ့တန်ဖိုးကို ဖော်ကျူးပြတဲ့ စကားပုံတွေ၊ ဆောင်ပုဒ်တွေနဲ့တကွ မိဘများက သားသမီးများကို ငယ်စဉ်ကတည်းက ဆိုဆုံးမလေ့ရှိပါတယ်။


မြန်မာ့ယဉ်ကျေးမှုလို့တောင်ဆိုရမယ့် မြတ်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ၃၈ ဖြာမင်္ဂလာ တရားတော်မှာလည်း “အကြားအမြင်ဗဟုသုတများ ခြင်း၊ စက်မှုလက်မှု အတတ်တစ်ခုခုတတ်ကျွမ်းခြင်း၊ လူမှုရေးရာကျင့်ဝတ်များသင်ကြားထားခြင်း” စတဲ့ တရားသုံးပါးကိုလည်း   ကြီးပွားချမ်းသာကြောင်း ကောင်းမြတ်သောမင်္ဂလာများအဖြစ် ညွှန်ပြတော် မူခဲ့ပါတယ်။
ချမ်းမြေ့ဆရာတော်ကြီးကလည်း   ချမ်းမြေ့ ရိပ်သာသို့လာရောက်ပြီး       ကုသိုလ်ရှာမှီးကြတဲ့ ရှင်သာမဏေများ၊      ကျောင်းသားများအတွက် သင်ကြားရေးအထောက်အကူအဖြစ် ရေးသားပြုစုခဲ့ တဲ့ “ချမ်းမြေ့မင်္ဂလာသင်စရာ”စာအုပ်ငယ်မှာ ဗဟု သစ္စဉ္စမင်္ဂလာတရားနဲ့ပတ်သက်ပြီး   “ဗဟုသုတ ရှိခြင်းသည် မင်္ဂလာဖြစ်သည်ဆိုသော်လည်း အပြစ် ကင်းသော ဗဟုသုတသည်သာ မင်္ဂလာဖြစ်၍ အပြစ် မကင်းသောဗဟုသုတမှာမူ မင်္ဂလာမဖြစ်ပေ။


အပြစ်ကင်းသော ဗဟုသုတဖြစ်စေကာမူ မိမိ ရရှိထားသောဗဟုသုတနှင့်အညီ လိုက်နာကျင့်ကြံ သူအတွက်သာ မင်္ဂလာဖြစ်၏။ မလိုက်နာမကျင့်ကြံ သူအတွက်မှာမူ သူ၏ဗဟုသုတသည်  မျက်မမြင် ထွန်းညှိသော   မီးရောင်နှင့်သာတူလေ၏”ဟူ၍ လည်းကောင်း၊      သိပ္ပဉ္စမင်္ဂလာတရားတော်မှာ “မည်သည့်အတတ်ပညာကိုမဆို    တတ်မြောက် အောင် သင်ယူရာ၏။ အတတ်ပညာပေါင်းများစွာကို အနည်းငယ်စီမျှ   မပြည့်မစုံတတ်မြောက်သူထက် တစ်ခုတည်းသောအတတ်ပညာကို     အပြည့်အစုံ တတ်မြောက်သူက လူ့လောကကို အကျိုးပိုပြုနိုင်၍ အသက်မွေးဝမ်းကျောင်းမှုလည်းစိတ်ချရ၏” ဟူ၍ လည်းကောင်း။ 


ဝိနယော စ သုသိက္ခိတောမင်္ဂလာတရားတော် နဲ့ပတ်သက်ပြီး “ကိုယ်ပိုင်ဉာဏ်လည်းမရှိ၊ ဆရာ့ထံ က   ကောင်းစွာသင်ယူထားအပ်သော       နေနည်း၊ ထိုင်နည်း  ဝိနည်းကျင့်ဝတ်လည်း              မရှိသော လူအများစုသည်   တောထဲ၌     ကျွဲကန်းလှည့်လည် သွားလာသကဲ့သို့ လှည့်လည်သွားလာနေထိုင်ရ၏။
ထို့ကြောင့်    ဤလောက၌အချို့သူတို့သည် ဆရာကောင်းထံ၌  နည်းခံသင်ယူကြကုန်ပြီ၊ ထိုသို့ သင်ယူထားကြခြင်းကြောင့်   နေနည်း၊ ထိုင်နည်း ဝိနည်းကျင့်ဝတ်၌  လိမ္မာယဉ်ကျေးကြကုန်သော ထိုသူတို့သည် တည်ကြည်သောစိတ်ရှိကြကုန်လျက် နေထိုင်ကြရကုန်၏”ဟူ၍ သတ္တနိပါတ်၊ ဂန္ဓာရဇာတ် လာ  ဂန္ဓာရရသေ့က    ဝိဒေဟရသေ့ကိုဆုံးမသော စကားကို ကိုးကားပြီး ဆရာတော်ကြီးကဆောင်ပုဒ် အဖြစ် . . .


“ကိုယ်ပိုင်ဉာဏ်မဲ့၊ သင်ယူမဲ့၍၊ ကင်းမဲ့ပညာ၊ ဉာဏ်တုံးပါမူ၊   မဟာမြိုင်လယ်၊    ကျွဲကန်းနှယ်၊ ခက်ဖွယ်ကြုံရသည်။
ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံကြံကျင့်၊ ပညာပွင့်သော်၊   ကိုယ်ကျင့်စုံညီ၊    စိတ်တည်ကြည်၊ ရွှင်ကြည်ချမ်းမြေ့ပါသတည်း”ဟူ၍လည်းကောင်း ရေးသားတော်မူခဲ့ပါတယ်။


ပါမောက္ခချုပ်ဆရာတော်ကြီး      ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသကလည်း ပညာနဲ့ပတ်သက် ပြီး “သိမြင်လိုမှုဆန္ဒကြောင့် စာပေသင်ယူကြားနာ ကြသဖြင့် သိမြင်လိုမှုနှင့်အမျှ သုတကိုအခြေခံ၍ ကြံစည်သုံးသပ်ဆုံးဖြတ်ပိုင်ပိုင်       သိစွမ်းနိုင်သည့် ဉာဏ်ပညာလည်း တိုးတက်လာရပါသည်။ ဤဆန္ဒ နှင့် သုတအခြေခံအကြောင်းနှစ်ရပ်သည် ပညာရရန် အတွက် လုံလောက်သောအကြောင်းနှစ်ရပ်ဖြစ်ပါသည်။


ပညာရလာလျှင် အဆိုးအကောင်းကို   ခွဲခြားသိမြင်တတ်


ပညာရလာလျှင် ၎င်းပညာဖြင့် အဆိုးအကောင်း အကျိုးအကြောင်းကို   ခွဲခြားသိမြင်တတ်ပါသည်။ ပညာမရှိလျှင် မျက်မမြင်သူကန်း စမ်းတဝါးဝါးစခန်း သွားလျှင် လိုရာဌာနမရောက်ဘဲ ဒုက္ခအဖုံဖုံကြုံရ သလို ပညာမရှိလျှင် အရာရာတွင်ဆင်ခြင်ဆုံးဖြတ် နိုင်စွမ်းမရှိသဖြင့်      အမှားမှားအယွင်းယွင်းဖြင့် နောက်ဆုံး     ဒုက္ခတွင်း၌သာ    နစ်မြုပ်ရပါသည်။ ထို့ကြောင့်  အရာရာတွင် အဆိုးအကောင်း အကျိုး အကြောင်းကို  ခွဲခြားသိတတ်သော    ပညာရရှိရန် လိုအပ်ပါသည်”ဟူ၍ နှစ်(၃၀)ပြည့် မဟာသုဗောဓာ ရုံကျောင်းတိုက်နေ့ အထိမ်းအမှတ်အဖြစ်ပေးပို့သော သဝဏ်လွှာမှာ ရေးသားတော်မူခဲ့ပါတယ်။
ထို့အတူ     ပါမောက္ခချုပ်ဆရာတော်ကြီးက လူငယ်များကို   “လူ့လောကမှာ ငွေကြေးဓနဟာ တကယ့်အနှစ်သာရမဟုတ်ဘူး။  တကယ့်အနှစ်သာရ ဆိုတာကို ဗုဒ္ဓမြတ်စွာက ‘ပညာ နရာနံ ရတနံ’တဲ့။ လူတွေရဲ့တကယ့်အနှစ်သာရ  ရတနာဟာ    အသိ ပညာ။ အတတ်ပညာပဲနော်။ အေး . . . ဒါကြောင့်မို့ အဲဒါတွေဆုံးရှုံးသွားလို့ရှိရင် တကယ့်ဆုံးရှုံးမှု၊ ကိုယ့် ကို မထိခိုက်မနစ်နာဘူးလား။  ထိခိုက်တယ်။ ကိုယ် ထိခိုက်တာနဲ့တစ်ပြိုင်နက် သူတစ်ပါးကိုရော တစ်ဖက် တစ်လမ်းအားဖြင့် တိုက်ရိုက်မဟုတ်တောင် ထိခိုက် သွားနိုင်တယ်”စသည်ဖြင့်   လူငယ်များသို့  ဩဝါဒ ဆိုပြီး ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါတယ်။


သို့ကြောင့်မို့ ပညာခေတ်မှာ မိဘများက မိမိ ရင်သွေးငယ်များ ပညာကိုကြိုးစားသင်ယူပြီး ပညာ တတ်ကြီးတွေဖြစ်လာအောင် မိဘဝတ္တရားနဲ့အညီ ငယ်စဉ်ကတည်းက အတတ်လည်းသင် ပဲ့ပြင်ဆုံးမ ပေးဖို့လိုသလို ကျောင်းသားလူငယ်မောင်မယ်တွေအနေနဲ့လည်း တကယ့်အနှစ်သာရ  ရတနာဟာ အသိပညာ၊ အတတ်ပညာ၊ ပညာသည်သာ အမြတ် ဆုံးရတနာ၊ ပညာသည်သာ အားထားရာဆိုတာကို နားလည်သဘောပေါက်ပြီး      သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်     အဓိပတိသီတဂူဆရာတော်ကြီးက ၂၀၀၃-၂၀၀၄  ပညာသင်နှစ်   စာသင်သားအသစ် ကြိုဆိုပွဲ (မောင်မယ်သစ်လွင်ကြိုဆိုပွဲ)မှာ မိန့်ကြား ခဲ့တဲ့   “အားလုံးသော သင်တန်းသား သင်တန်းသူ တို့တစ်တွေ   များများသင်၊   မြန်မြန်သင်၊  သေသေ ချာချာသင်၊ ပျော်ပျော်ရွှင်ရွှင်သင်၊ မရပ်မနားသင်” ဆိုတဲ့ ဩဝါဒစကားတော်နဲ့အညီ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်မှာ လေ့လာမှတ်သားသင်ကြားနိုင်ကြပါစေ သတည်း။           ။