
မိုးကေနိုင်
ပညာခေတ်ကြီးမှာ ပညာတတ် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်သည့်အလျောက် ပညာတော်သူ၊ စာတော်သူများကို အခွင့်အခါသင့်သည့်အခါတိုင်း အားပေးချီးမြှောက်ဖြစ်ကြသည်။ ဝတ္ထုပစ္စည်းအားဖြင့် မချီးမြှောက်ဖြစ်တောင်မှ နှုတ်အားဖြင့် အားပေးဖြစ်သည်သာ။
ယနေ့ခေတ်ပညာရေးခရီးကား မဖြောင့်ဖြူးလှ။ ပြန်လှည့်ကြည့်တော့ မိဘကော ကာယကံရှင် ကျောင်းသားပါ သူ့အတိုင်းအတာနှင့်သူ ခက်ခက်ခဲခဲ ရုန်းကန်ကြရပြီး နိုင်ငံတော်နှင့် တာဝန်ရှိသူများ ဘက်ကလည်း နိုင်ငံ၏ ပညာရေးကဏ္ဍကြီးတစ်ခုလုံး စိန်ခေါ်မှုများကြားမှ အခွင့်အလမ်းကောင်းများကို ခက်ခက်ခဲခဲ ဖန်တီးပေးနေသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး နှင့် ပညာရေးဆက်စပ်မှုကို အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသား မဏ္ဍိုင်လေးရပ်က အခက်အခဲများ ကြားတွင် ဟန်ချက်ညီညီ ချိတ်ဆက်ပေးနေသည်သာ ဖြစ်သည်။
စိတ်ဓာတ်ကျစရာမရှိ၊
နောင်နှစ်အတွက် ပိုကောင်းသော ရလဒ်ထွက်အောင် ကြိုးစားပြရုံသာ
ယခုအချိန် KG+12 ခေါ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများထွက်ပြီးခါစ ပူပူနွေးနွေး ကာလတစ်ခုအတွင်း အောင်သူကပျော်၊ ဂုဏ်ထူး ပါသူကမော်၍ အောင်စာရင်းမှာမပါသူက မှိုင်ကြ သည်။ အထူးသဖြင့် မပါသည့်ကလေးများကို အားပေးလိုသည်က ဘာမှ မှိုင်နေ တွေဝေနေစရာ မလို၊ ဤအရာသည် ရှည်လျားသည့်ပညာသင်ခရီး၏ အစိတ်အပိုင်းတစ်ခုမျှသာ။ ယနေ့ခေတ် မိသားစု ဘဝများသည် ယေဘုယျခက်ခဲပေမယ့် ပညာရေး အစိတ်အပိုင်းတစ်ခုကြောင့် မိမိ၏ ဘဝခရီးလမ်း တစ်ဆစ်ချိုးသွားသည်လည်းမဟုတ်၍ ဒါကို ဘဝကြီးတစ်ခုဟုလည်း မမှတ်နှင့်၊ မိသားစုအခက် အခဲကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်အကြောင်း တရားများစွာကြောင့်လည်း ဖြစ်နိုင်ပေရာ ဘာမှ အားငယ်စရာမလို၊ စိတ်ဓာတ်ကျစရာလည်းမရှိ။
အရေးကြီးသည်က မိမိ၏ အားနည်းချက်၊ အားသာချက် အခွင့်အလမ်းများမှ သင်ခန်းစာယူ၊ အနာဂတ်အတွက် ပိုကောင်းအောင်ပြင်ဆင်ရုံသာ၊ မွေးရာပါမှတ်ဉာဏ်မကောင်း၍ ဆိုလျှင်လည်း မှတ်ဉာဏ်က လေ့ကျင့်ယူ၍ရသည်။ ဒီနှစ်ရလဒ်က နောင်နှစ်အတွက် ယခုနှစ်မရခဲ့သည့် မျှော်မှန်း ရလဒ်ထက် ပိုကောင်းသည့်ရလဒ်ရအောင်လုပ်ရန် ဖန်တီးပေးလိုက်သည်ဟုသာ ခံယူထားသင့်သည်။ မခံချင်စိတ်မွေး၍ စိတ်ဓာတ်ကိုမြှင့်ထားရမည်။ မိမိတို့၏ တန်ဖိုးများသည် ရှိနေဆဲပါ၊ ဘာဆိုဘာမှ လည်း ဆုံးရှုံးမသွားပါ၊ ယနေ့ အနေအထားတစ်ခုကို အရှုံးဟုမခံယူဘဲ နောင်နှစ်များအတွက် အားပြန်ဖြစ် ဖို့သာ ကျောင်းသားမိဘများကော ကျောင်းသားများ ကိုပါ အားပေးနှိုးဆော်ချင်သည်။
လက်ရှိရလဒ်မှသည် အကျိုးပြုရလဒ်တစ်ခုသို့
အောင်သွားသည့် ကျောင်းသားအတွက်ကော မိမိ၏ ဘဝပန်းတိုင်မှာ ဤအောင်မြင်မှုသည် စိတ်ဓာတ်အင်အားလေးတစ်ခုဖြစ်ရန် အစိတ် အပိုင်းတစ်ခုသာ၊ လျှောက်လှမ်းစရာ များစွာကျန် သေးသည်။ စာသင်ခန်းကရသည့်ပညာသည် သညာ၊ သညာသိနှင့်မပြီး၊ ပညာသိဖြစ်အောင်၊ တော်ရုံနှင့်မပြီး တတ်နေအောင်၊ စာမေးပွဲရလဒ်က ပေးသည့်တန်ဖိုးမှ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ လူ့အဖွဲ့အစည်းကြီးအတွက်၊ နောက်ဆုံးလောကကြီး အတွက်ပါ တန်ဖိုးမြင့်လူသားတစ်ဦး၊ ပညာရှင်တစ်ဦး ဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်ကြရန် ဖြစ်ပါသည်။
ဆိုလိုသည်မှာ ဤအတန်းပညာရလဒ်သည် မိမိဘဝခရီးတိုးတက်ရန်လမ်းစတစ်ခု ရလဒ် output တစ်ခုမျှဟုသာ ခံယူထားပြီး ဤရလဒ်ကို အခြေခံ၍ မိမိ၏ဘဝကို အဆင်ပြေစေမည့် ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ ချမှတ်ထား သင့်သည်။ မိမိဘာဝါသနာပါသလဲ၊ ဘယ်ကဏ္ဍကို ပိုစိတ်ဝင်စားသလဲ၊ မိမိကို ဘယ်ဘာသာက ပိုအကျိုးပြုနိုင်မလဲ၊ မိမိ မိသားစုအတွက်ကော ကြည့်ရမည်၊ မိမိလူ့အဖွဲ့အစည်းမှာကော ဘယ် နေရာတွေမှာ အားနည်းနေသလဲ၊ ကိုယ် တစ်ယောက်တည်း တော်နေ၊ တတ်နေရုံနှင့်မပြီး၊ လူ့အဖွဲ့အစည်းကိုပါ ကိုယ့်ပညာနှင့် အကျိုးပြုနိုင် သူဖြစ်အောင် တန်ဖိုးရှိလူသားတစ်ယောက်အနေ ဖြင့် ဘယ်နေရာမှာ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ၊ ဤအထိကြည့်၍ ရှေ့ဆက် ခြေလှမ်းခရီးဆက် နိုင်လျှင် လူ့အဖွဲ့အစည်းအတွက် ပို၍အကျိုးရှိ မည့် အကျိုးပြုရလဒ် outcome တစ်ခု ဖြစ်သွား ပါပြီ။
စာများများဖတ်
အချိန်တိုင်းမှာ လေ့လာသင်ယူပါ
သို့ဆိုလျှင် မိမိတို့ ကျောင်းသားလူငယ်များက မိမိတို့အနာဂတ်ဘဝလှပရန် ဘယ်လို ရှေ့ခရီး ဆက်ကြမလဲ။ ဆက်ပြီး ကြိုးစားမည်၊ ပို၍တော်သည့် ပို၍တတ်သည့် ပညာတတ်ကြီးဖြစ်အောင်၊ ဆိုခဲ့ သည့် ပညာရှင်ကြီးဖြစ်အောင် ဆက်ပြီးအားထုတ် မည်ဟုသာ ခံယူကြပါစို့။ အဓိကက စာများများ ဖတ်ရန်ဖြစ်သည်။ အချိန်တိုင်းတွင် လေ့လာနေရန် ဖြစ်သလို မိမိထက် အတွေ့အကြုံရှိသူများဆီက သင်ယူနေရန်ဖြစ်သည်၊၊ စာများများဖတ်ခြင်းက အချိန်တိုအတွင်း အတွေ့အကြုံသစ်များရစေပြီး မူလအမူအကျင့် များကိုပင် ပို၍ကောင်းသည့်ဘက်ကို ပြောင်းလဲနိုင်စွမ်းရှိလာမည်။
အကျိုးပြုစာပေကြောင့် စိတ်ခံစားမှု Emotional intelligence ပိုင်းမှာ ပြောင်းလဲလာမည်။ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုရာမှ အများအတွက်ခံစား ပေးပြီး စဉ်းစားတတ်လာမည်။ သူ့အကြောင်းသိဖို့ ထက် ကိုယ့်ကိုယ်ကိုယ်အရင်သိဖို့၊ နားလည်ဖို့ self awareness ဖြစ်လာလိမ့်မည်။ မိမိနှင့်ပတ်ဝန်းကျင် ကို နားလည်တတ်လာလျှင် အကောင်းမြင်တတ်ဖို့ အပြုသဘောဆောင်တတ်ဖို့အရေး ခက်ခဲနေမည် မဟုတ်တော့ပါ။
တချို့သူများ တည်ငြိမ်မှုရှိခြင်းသည် စာဖတ် တတ်ခြင်းနှင့်လည်း ဆိုင်လိမ့်မည်။ ဖတ်ရာမှတ်ရာ တွင်လည်း မိမိရည်မှန်းချက်ပန်းတိုင်အတွက် ပိုပြီး ထိရောက်စေမည့် စာသင်ခန်းပညာရေးမှာ မိမိ တတ်ကျွမ်းခဲ့သည့် ဘာသာရပ်ဆိုင်ရာနှင့် ဆက်စပ် သောစာပေမျိုးကို ဦးစားပေးလေ့လာပါက ပိုသင့် မည်ထင်သည်။ ဥပမာ- အင်္ဂလိပ်စာတော်ခဲ့သည့် ကျောင်းသားက ပြင်ပလေ့လာစရာ ဘာသာရပ် ဆိုင်ရာတွင် အရေး၊ အဖတ်၊ အပြော နားထောင်မှုကို ပိုမိုတိုးတက်အောင်လုပ်နိုင်သည်။ ထိုမှတစ်ဆင့် နိုင်ငံခြားဘာသာစာပေမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ ဆရာတစ်ဆူအဖြစ် အိပ်မက်မက် နိုင်သည်။ မည်သည့်အတတ်ပညာမဆို သင်ယူနိုင် သမျှ သင်ယူပါက ကျွမ်းကျင်မှုပိုင်းမှာ ပိုမြင့်လေ ဖြစ်သည်။
ဘယ်သူ ဘယ်လိုပဲဖြစ်ဖြစ် ယခုခေတ်မှာ နိုင်ငံခြားဘာသာစကားတစ်ခုခု အထူးသဖြင့် အင်္ဂလိပ်စာကို အချိန်ပေး လေ့လာသင်ယူထားနိုင် လျှင် သင့်လျော်ပါမည်။ ဘောဂဘာသာရပ်တွင် တော်ခဲ့သည့် ကျောင်းသားအနေနှင့်ကော.. ပြင်ပက Eco; အခြေခံဘာသာရပ်ဆိုင်ရာစာပေများကို ကြိုတင် လေ့လာထားခြင်းဖြင့် အနာဂတ်မိမိ၏ တက္ကသိုလ် ပညာရေး၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအထိ တစ်ထောင့်တစ်နေရာမှ ပို၍ အထောက်အကူ ပြုလာနိုင်မည်ဖြစ်သည်။
အသိကိုအသုံးချ၍ အတွေ့အကြုံနှင့်ပေါင်းစပ်ပါက
ထိုမှတစ်ဆင့် စာပေမျိုးစုံကို ပေးသည့်အချိန်ပေါ် မူတည်၍ ဖတ်စေချင်သည်။ ဖတ်ရာတွင်လည်း အကျိုးရှိမည့်စာပေမျိုး၊ မိမိအတွက် စိတ်ဓာတ် ခွန်အားဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးတက်စေမည့် စာပေမျိုးကို ရွေးချယ်ကာ တိုး၍တိုး၍ဖတ်သင့်သည်။ ထိုသို့ဖတ်သည့်အကျင့် ရလာသည့်အခါ ငါ့မှာ မသိမတတ်သေးတာတွေ များနေပါသေးလား၊ ရေအိုင်ထဲက ဖားသူငယ်ပမာ ငါ့မှာသိစရာတွေ၊ လိုအပ်ချက်တွေရှိပါသေးလား၊ စာသင်ခန်းကသာ ရလာသည့်အသိ၊ မိသားစုက အခြေအနေပေး၍ တွန်းတွန်းတိုက်တိုက် နှိုးဆော်၍ ရလာသည့်ရလဒ်၊ တစ်နှစ်ပတ်လုံး အချိန်ပြည့် စာမှစာလုပ်ခဲ့သဖြင့် ရလာသည့်သညာ ဒါသည် ဘာမှမဟုတ်သေးပါလား၊ လူ့လောကမှာ ယူစရာမှတ်စရာတွေ အများကြီး ရှိပါသေးလားဆိုသည့်အသိသည် ဘာနှင့်မှလဲမရပါ။ ဤသည်မှာ စာဖတ်ခြင်းက ရလာသည့်တန်ဖိုး၊ လက်တွေ့လုပ်ငန်းခွင်ကရလာသည့် အတွေ့အကြုံ ၏ တန်ဖိုးပါ။
ကျောင်းပိတ်တုန်းခဏ အချိန်ကို အကျိုးရှိစွာ အသုံးချ ဆက်၍ဆက်၍ ဖတ်မှတ်လေလေ အကျိုး ရှိလေလေသာဖြစ်သည်။ စာပေမရွေး မျိုးစုံဖတ်နိုင် ခြင်းက အမှားနှင့် အမှန်ကို ခွဲခြားသိ၊ ချင့်ချိန်နိုင်စွမ်း ရှိလာမည်၊ ကျွဲကူးရေပါဆိုသလို ပြဿနာကိုပါ ဖြေရှင်းနိုင်စွမ်းပါရှိလာမည်။ ထိုအရာသည် မိမိဘဝ အတွက် လက်ရှိအခြေအနေမျိုးမှာ အရေးကြီးဆုံး သော လိုအပ်ချက်လည်းဖြစ်နေသည်ကို သတိပြုရပါ မည်။ စာသင်ခန်းက သညာသိကို စာဖတ်ခြင်းက ရသည့် သုတအသိနှင့်ပေါင်းစပ်ပြီး လက်တွေ့ လုပ်ငန်းခွင်မှာပါ ထိုအသိဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချကာ Practical intelligence ဖြစ်အောင် ကြိုးစားသင့်ကြသည်။ လက်တွေ့မှာ ရထားသည့်ဘွဲ့ နှင့် လက်တွေ့လုပ်နေရသည့်အလုပ်က တခြားစီ ဖြစ်နေသည်တို့ကို အနီးစပ်ဆုံးအသုံးချခြင်းဖြင့် လက်တွေ့ဘဝတွင် များစွာအကျိုးရှိသွားနိုင်ပါ သည်။
ကျန်းမာရေးသည်လည်းအရေးကြီး
ယနေ့ကာလ ပညာရေးကို ကျန်းမာရေးနှင့် ပေါင်းစပ်ပြီး လေ့ကျင့်မွေးမြူနေကြသည့်ခေတ်ကြီး မှာ ကျွန်တော်တို့ဆီက ကျောင်းသားများတွင်မူ အခြေခံပညာအဆင့်မှာ ကျောင်းစာမှာပဲ အာရုံနှစ်၍ စာပြီးစာဖြစ်နေသည်ကများသည်။ ကျန်းမာရေး အတွက် အလေ့အကျင့်ကောင်းကို အလေ့အထစရိုက် Physical intelligence အဖြစ် အသွင်မပြောင်း နိုင်သည့်အခါ ခန္ဓာကိုယ်ကျန်းမာရေးပိုင်းမှာ fitness ဖြစ်ရန် အချိန်လွန်သွားပြီဖြစ်သည်။ ယခုကဲ့သို့ အခြေခံပညာအလွန်မှာ မိမိတို့ကျန်းမာရေးအတွက် သင့်တော်မည့် အားကစားနည်းတစ်မျိုး၊ နှစ်မျိုးခန့် ကို နေ့စဉ်လေ့ကျင့်နိုင်အောင် ယခုမှစ၍ ပြင်ဆင် လေ့ကျင့်ကြရန် တိုက်တွန်းချင်သည်။
မိမိတစ်ကိုယ်ရေကျန်းမာရေးမှသည် နိုင်ငံ့ဂုဏ် ဆောင် အားကစားသမား ဖြစ်လာသည်အထိဆိုလျှင် ပိုကောင်းသော ရည်ရွယ်ချက်ဖြစ်မည်။ ယခုအခါ လူ့ပျမ်းမျှသက်တမ်းသည် ဆုတ်ယုတ်မှုဆီ ဦးတည်လာရာ အနာဂတ် မိမိတို့သားသမီးများ လူလားမြောက်ချိန်နှင့် ယုတ်လျော့လာနေသည့် လူ့သက်တမ်း တိုက်ဆိုင်၍မဖြစ်၊ မကျန်းမာသည့် ခန္ဓာကိုယ်နှင့် ဘာလုပ်လို့ရမလဲ သတိပြုမိဖို့ ဖြစ်သည်။ ကျန်းမာရေးဆိုရာမှာ အားကစားအပြင် အနေအထိုင် အစားအသောက်ကိုပါ ဂရုစိုက်ရန် လိုသည်၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စသည့် မကောင်းသောအမူအကျင့်များ မလုပ်မိ၊ မစမိ အောင်လည်း ရှောင်သင့်သည်။ မိမိတို့အနာဂတ် ပညာရေးနှင့် သားစဉ်မြေးဆက် လူမှုစီးပွားဘဝကို နှောင့်နှေးစေသည့်အရာများစွာမှာ ကျန်းမာရေးကအရေးကြီးဆုံးဖြစ်သည်ကို မမေ့သင့်ပါ။
ရတနာသုံးပါးနှင့် မိဘဆရာများကိုမမေ့သင့် အစဉ်ဦးထိပ်ပန်ဆင်ပါ
နောက်ထပ် မိမိကိုယ်မိမိ ကောင်းသောအမူ အကျင့်ကို တိုးမြှင့်တည်ဆောက်သည့်နေရာတွင် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးမမေ့ခြင်း၊ ကျေးဇူးတင်တတ်ခြင်းသည်လည်း စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးတစ်ခု ဖြစ်ပါသည်။ အထူး သဖြင့် မိမိကို ပညာတတ်တစ်ယောက်ဖြစ်အောင် ဖြည့်ဆည်းပျိုးထောင်ပေးခဲ့သည့် မွေးမိခင်၊ ဖခင် များနှင့်ထပ်တူ အနန္တောအနန္တဂိုဏ်းဝင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို အစဉ်မမေ့မလျော့ ဦးထိပ်ထားလေးစားနေရန်လိုပါသည်။ မိမိကို စေတနာနှင့် ပြောဆိုဆုံးမခဲ့သူများ၊ ပညာရဲရင့် ပွဲလယ်တင့်အောင် ပြုပြင်ပေးခဲ့သူများ၊ သင်ကြား ပေးခဲ့သူ မိဘဆရာများကို နေ့ညမပြတ် ရိုသေစွာ ကန်တော့ခြင်း ရိုသေလေးစားထိုက်သူများကို ရိုသေ လေးစားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်ကို ဘယ်တော့မှမမေ့သင့်ပါ။
ထိုနည်းတူ မိမိတို့၏ ဘာသာသာသနာကိုလည်း မမေ့သင့်ကြပါ။ အတုမရှိ မြတ်သော ဘုရား၊ တရား၊ သံဃာကို အမှုမဲ့ အမှတ်မဲ့မနေဘဲ ဤရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဆောင်ထားရမည့် အသုံးအဆောင် အဖိုးတန် တန်ဆာများဖြစ်သည်ကို သတိချပ်ပါ။ သရဏဂုံ တည်ခြင်းအကျိုးကြောင့် ထက်မြက်သော ဉာဏ်ပညာ ရတတ်ပါသည်။ စည်းစိမ်ချမ်းသာလည်း တိုးပါသည်။ အပေါင်းအသင်းလည်း ဆန့်၊ အများ၏ ချစ်ခင် နှစ်သက်မှုကိုလည်းရနိုင်သည့် လောကီအကျိုးများ သည် ယနေ့လူငယ်များအတွက် ဘဝတစ်လျှောက် လိုအပ်သော ကိုယ်ရည်ကိုယ်သွေးများအတွက် အထောက်အကူပြုကာ သံသရာအတွက်လည်း အကျိုးပေးကောင်းသည့်အကြောင်း လက်ဆောင် ပေးချင်ပါသည်။
နောက်ဆုံးမှာ ယနေ့လူငယ်များတွင် ပညာ ကြောင့် မှန်ကန်သောယုံကြည်မှုသည် မဝံ့မရဲဖြစ်နေ သော အားငယ်စိတ်များနေရာတွင် အစားထိုးလာ မည်ဟု ယုံကြည်ထားပါသည်။ ထို့ကြောင့် မိမိကိုယ် မိမိ ယုံကြည်ချက်ရှိလာရန်နှင့် တိုးတက်ရန်အတွက် အထက်ပါ တင်ပြချက်များကို အနည်းဆုံးကျင့်ကြံ ကြပါလို့ တိုက်တွန်းရပါမည်။ ယုံကြည်ချက်ရှိခြင်း က ဘယ်အလုပ်ကိစ္စမှာမဆို တာဝန်ယူ တာဝန်ခံ နိုင်စွမ်းကို ပေးစွမ်းပါသည်။
လူတစ်ဦး ရင့်ကျက်မှုဆိုသည်ကို ရှိနေသည့် အားနည်းချက်များ ဘယ်လောက်လျော့ပါးသွားပြီး အားသာချက်များ ဘယ်လောက်တိုးလာပါသလဲ၊ ထိုမှတစ်ဆင့် မိမိတို့၏ စိတ်ခံစားမှုများကို ဘယ်လောက်ထိန်းချုပ်နိုင်စွမ်းရှိလာသလဲ စသည် နှင့် တိုင်းတာနိုင်သည်။ မြတ်ဗုဒ္ဓအလိုအရ အကုသိုလ် ဘယ်လောက်ပါးသွားသလဲ၊ ကုသိုလ် ဘယ်လောက်တိုးလာသလဲနှင့် တိုင်းတာပါသည်။
အရေးကြီးသည်မှာ ယခုကဲ့သို့ ပညာရေးအခိုက် အတန့်အောင်မြင်မှုမှတစ်ဆင့် ဘဝတစ်သက်တာ အတွက် အဓိပ္ပာယ်ရှိသည့် အောင်မြင်မှုများရယူနိုင် ဖို့ကသာ အဓိကဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့ ခေတ်လူငယ်များအနေဖြင့် သညာသိမှသည် ဘဝပေးအသိ၊ ထိုမှတစ်ဆင့် တန်ဖိုးမြင့်လူသားများ အဖြစ် မိမိတို့၏ စိတ်ကူးယဉ်ကမ္ဘာများကို အကောင်းဆုံးဖန်တီးနိုင်ကြပါစေဟူ၍ များစွာ မျှော်လင့်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments