ကြီးမားသည့် စွမ်းဆောင်ရည်၏ ဝှက်ထားသော မောင်းနှင်အား

Type

 

သဲဟန် (ဘန်ကောက်)
 

Daniel Goleman ရဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်စွမ်းဉာဏ်စ (EI-Emotional Intelligence)ကို ဒီကနေ့ လုပ်ငန်းခွင်အတော်များများမှာ တွင်တွင်ကျယ်ကျယ် အလေးပေးလာကြပြီဆိုတာ  သိကြမှာပါ။  EI ရဲ့ အစိတ်အပိုင်းတွေထဲက “မိမိကိုယ်မိမိ အမှန်မြင်အောင် သတိပြုဆင်ခြင်နိုင်စွမ်းနဲ့ ကိုယ်ချင်းစာနာမှု” ဟာ ကြီးမားသော စွမ်းဆောင်ရည်ရဲ့ ဝှက်ထားတဲ့ မောင်းနှင်အားလို့ စာရေးသူက အခိုင်အမာ ကောက်ချက်ချချင်ပါတယ်။ လုပ်ငန်းခွင်မှာ EI ရဲ့ အရေးပါမှုကို သုတေသနပြုလုပ်တဲ့ စာတမ်းအတော်များများကို သုံးသပ်ကြည့်ရင် လူကောင်းဆိုတာ စိတ်ခံစားမှုထိန်းချုပ်နိုင်တဲ့ အသိဉာဏ်နဲ့ ကိုယ်ချင်းစာနာစိတ်ရှိသူလို့တောင် ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုလာကြပါပြီ။
ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ခံစားချက်နဲ့အမူအကျင့်  
ခေါင်းဆောင်တစ်ဦးရဲ့       စိတ်ခံစားချက်နဲ့ အမူအကျင့်ဟာ သူနဲ့ဆက်နွှယ်နေသူ လူအားလုံး၊ အဖွဲ့အစည်း၊ အသိုက်အမြုံတစ်ရပ်လုံးကို ရိုက်ခတ် စေတဲ့ သူ့အဖွဲ့အစည်းက ဘာလဲ၊ သူကဘာလဲဆိုတာ ကို မီးမောင်းထိုးပြနေတယ်လို့ဆိုရင် မှားမယ်မထင် ပါဘူး။
သံချေးတက်စိတ်ဓာတ်၊     ညစ်ထေးနေတဲ့၊ ရက်စက်တဲ့ခေါင်းဆောင်မှုအောက်က အဖွဲ့အစည်း ဟာ   အဆိပ်သင့်အဖွဲ့အစည်းသာဖြစ်ပြီး   ဒီအဖွဲ့ အစည်း အရှုံးပေါ်မလား၊ မြတ် မလားဆိုတာကလည်း ခေါင်းဆောင်နဲ့ နောက်လိုက်များရဲ့ အကောင်းအဆိုး မောင်းနှင်အားအပေါ် မူတည်နေပါတယ်။
 အမြဲတမ်းစီးဆင်းနေတဲ့ 
လျှပ်စီးကြောင်းများနဲ့ ဝိုင်ယာကြိုးများ
စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ လွှတ်ပေး လိုက်တာ၊ ဒေါသပေါက်ကွဲတာဟာ မြင်းဇက်ကြိုး မထိန်းနိုင်တော့သလိုမျိုး ပရမ်းပတာတွေဖြစ်စေတာ ကို   ခေါင်းဆောင်လုပ်သူတွေ   သတိချပ်ရမှာပါ။ စိတ်ခံစားမှုအသိဉာဏ်ဟာ ကြီးမားသောစွမ်းရည်ရဲ့ ဝှက်ထားတဲ့     မောင်းနှင်အားပဲ      ဖြစ်ပါတယ်။ စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်း၊     အသိဉာဏ်နဲ့ ကိုယ်ချင်းစာနာမှုဟာ  အဓိကရ ချိတ်ဆက်နေတဲ့ သံကြိုးကွင်းဆက်အဖြစ် မရှိမဖြစ် အရေးကြီးတာ ကို အလုပ်အမှုဆောင်တွေဆီက မကြာခဏကြားနေ ရတဲ့ တုံ့ပြန်ချက်ရယ်လို့ သုတေသနပြုချက်တွေမှာ ဖတ်ရပါတယ်။ 
ဒီသံကြိုးကွင်းဆက်ဟာ      ဝိုင်ယာကြိုးထဲ လျှပ်စစ်စီးဝင်နေတဲ့သဘော၊     စီးဆင်းနေတဲ့ စွမ်းဆောင်ရည်များအဖြစ်   လုပ်ငန်းအောင်မြင်မှု မောင်းနှင်အားများလို့လည်း       ဆိုနိုင်ပါတယ်။ ထောင်နဲ့ချီတဲ့ အမှုဆောင်လူကြီးတွေဆီကနေ ခေါင်းဆောင်မှုစနစ်မျိုးစုံကို သုတေသနပြုလုပ်ထား တဲ့ Hay Group စစ်တမ်းကောက်ချက်ထဲမှာ Top Down နဲ့ Bottom Up ဖြစ်တဲ့ ခေါင်းဆောင်ဆီက စွမ်းဆောင်ရည်တွေကို    အောက်ခြေသို့   ချပြမှု၊ အောက်ခြေက လက်တွေ့ဆောင်ရွက်ချက် အခြေ အနေမှန်တွေကို  အထက်သို့ ပြန်လည်တင်ပြမှုကို အမြဲတမ်းစီးဆင်းနေတဲ့   လျှပ်စီးကြောင်းတွေနဲ့ ဝိုင်ယာကြိုးတွေလို့ ဖော်ပြထားပါတယ်။ EI ကင်းမဲ့ နေတဲ့ ခေါင်းဆောင်ရဲ့ အထိန်းအကွပ်မဲ့ စိတ်ခံစားမှု ဟာ မညှာမတာ အလျင်အမြန် ကူးစက်ပျံ့နှံ့သွားတဲ့ အဆိပ်လိုပဲ လုပ်ငန်းနဲ့အဖွဲ့အစည်းကို အထိနာစေ တာ တွေ့ရပါတယ်။ 
စိတ်ခံစားမှု ရင့်ကျက်တဲ့ 
ခေါင်းဆောင်ဆိုရာဝယ်
စိတ်ခံစားမှုရင့်ကျက်တဲ့    ခေါင်းဆောင်တွေ ကတော့  အကောင်းမြင်တတ်၊   စစ်မှန်၊  စွမ်းအား ပြည့်တဲ့ စိတ်ခံစားမှုမျိုးကို အမြဲတမ်းတစိုက်မတ်မတ် ဖြစ်အောင် အကြိမ်ကြိမ် လေ့ကျင့်ထားပုံပေါ်ပါတယ်။ တကယ်တော့   လူတစ်ယောက်ရဲ့  အတွင်းစိတ်ကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ စိတ်ကိုကျင့်တာ   အခက်အခဲဆုံးသော  စိန်ခေါ်မှုပါ။ တစ်ဦးရဲ့ စိတ်ခံစားမှုဟာ  နောက်တစ်ဦးအပေါ် ဘယ်လိုဆိုးကျိုးသက်ရောက်သလဲဆိုတာကတော့ ချိန်ခွင်လို တိုင်းတာတွက်ချက်ဖို့ ခက်ပါတယ်။
စိတ်ခံစားမှုအခြေခံတဲ့ 
ခေါင်းဆောင်မှုရဲ့ဆိုးကျိုး
စိတ်ခံစားမှုအခြေခံတဲ့    ခေါင်းဆောင်မှုဟာ အဖွဲ့အစည်းကို   တိုက်ရိုက်ထိခိုက်နိုင်သလို  သူ့ရဲ့ ဗီဇအမူအကျင့်တွေကို သူချမှတ်ထားတဲ့ လူအများ လိုက်နာဖို့   စည်းကမ်းဘောင်ဝင်အောင်  (Self-regulation) သူကိုယ်တိုင် ညှိနှိုင်းချိန်ဆပြုပြင်ဖို့ လိုပါတယ်။
ရက်စက်ရိုင်းစိုင်း ကောက်ကျစ်တဲ့ အလုပ်ရှင် တွေ၊  ခေါင်းဆောင်တွေဟာ အလုပ်မဖြစ်တော့ဘဲ သူ့လုပ်ငန်းခွင်ကို   တဖြည်းဖြည်း  လောင်ကျွမ်း ပျက်စီးစေတော့မှာပါ။   လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ဝန်ထမ်းတွေ စိတ်ဖိစီးပြီး အဆိပ်သင့် တဲ့ စိတ်ခံစားမှုတွေ ပျံ့နှံ့သွားတော့မှာပဲ ဖြစ်ပါတယ်။
ရွှင်လန်းတဲ့ ခေါင်းဆောင်၊ ရွှင်လန်းတဲ့ နောက်လိုက်ဆိုရာဝယ်
ဦးဆောင်သူကိုယ်တိုင် စိတ်ရွှင်လန်းတက်ကြွ နေရင်  သူ့နားက လူအားလုံးမှာပါ အပြုသဘော အလင်းတွေထွန်းလင်းပြီး အကောင်းမြင်စိတ်တွေ တီထွင်စမ်းသပ်မှုတွေနဲ့   ပန်းတိုင်ရောက်အောင် သွားကြမှာပါ။ Aristotle က ဘာပြောသလဲဆိုရင် နောက်လိုက်ကောင်း မဟုတ်တဲ့သူဟာ ဘယ်တော့မှ ခေါင်းဆောင်ကောင်းဖြစ်လာမှာ မဟုတ်ပါဘူးတဲ့။ ရွှင်လန်းတဲ့ ခေါင်းဆောင်၊ ရွှင်လန်းတဲ့ နောက်လိုက် နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ရတဲ့အခါ စွမ်းဆောင်ရည် ပြည့်လာမှာ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် Cornell တက္ကသိုလ်က Alice Isen ပြုစုတဲ့ သုတေသနစာတမ်းမှာ "Upbeat Enviro-nment Foster Mental Efficiency" လို့ ရေးထား တာလေးကို   သဘောတွေ့မိပါတယ်။  ပျော်ပျော် ရွှင်ရွှင်၊   စိတ်ချမ်းချမ်းသာသာ   အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်မှာ      မျှော်လင့်ချက်တွေအပြည့်နဲ့ စိတ်စွမ်းအားတွေပြည့်ပြီး        လုပ်ရည်ကိုင်ရည် တိုးတက်ကောင်းမွန်တာတွေ့ရတယ်လို့ သုတေသန ပြုလုပ်တာ တွေ့ရှိထားပါတယ်။
လူငယ်များသို့
ကျွန်တော်တို့၊ ကျွန်မတို့ အနာဂတ်ပျောက်နေ ပါတယ်လို့   လာပြောကြတဲ့  လူငယ်တွေကို အားပေး ချင်ပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အရင်း အမြစ်တွေ၊   တိုင်းပြည်ရဲ့   ခေါင်းဆောင်တွေပါ။ ခေါင်းဆောင်မှုဆိုင်ရာသင်တန်းတွေ အများကြီးပဲ။ ဒါပေမယ့် နောက်လိုက်သင်တန်းလို့တော့ မကြားမိ ပါ။ 
“နောက်လိုက်ကောင်းမှသည်   ခေါင်းဆောင် ကောင်းဆီသို့”ဆိုတဲ့ ဆောင်ပုဒ်ကို ကိုးကားထားတဲ့ သူတွေ အများကြီးပါ။ Road Map လမ်းပြမြေပုံမှာ ခေါင်းဆောင်ကောင်းဖြစ်ဖို့    သူများပြောတာကို ကောင်းကောင်းနားထောင်ပေးသူ ဖြစ်ရပါမယ်တဲ့။ နားထောင်နေချိန်ဟာ လေ့လာနေတာပဲ။ လေ့လာ တဲ့အခါ ဆုံးဖြတ်ချက်ကောင်းကောင်း ချမှတ်နိုင် လိမ့်မယ်။    ဆုံးဖြတ်ချက်ကောင်းကောင်း  ချနိုင် သူဟာ ပိုကောင်းတဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာ တာပါပဲ။
Mahatma   Gandhi  က   ဘာပြောလဲဆိုရင် “ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့    အမှတ် လက္ခဏာဟာ။ သူ့မှာ နောက်လိုက်ဘယ်နှယောက် ရှိလဲလို့ ဆိုလိုတာမဟုတ်။ သူဟာ ခေါင်းဆောင်သစ်၊ ခေါင်းဆောင်ကောင်း   ဘယ်နှယောက်မွေးထုတ် ပေးနိုင်သလဲလို့သာ ဆိုလိုခြင်းဖြစ်တယ်”လို့ ပြောပါ တယ်။ 
“မင်းရဲ့လုပ်ဆောင်ချက်တွေကနေ   ဘယ်လို ရလဒ် အသီးအပွင့်တွေ ရလာမလဲဆိုတာ ဘယ်သိ နိုင်ပါ့မလဲ။  ဒါပေမယ့် သေချာတာတစ်ခုကတော့  မင်းဘာမှမလုပ်ရင် ဘာမှကို ဖြစ်လာမှာမဟုတ်ဘူး။ ဘာအသီးအပွင့်မှ    ခံစားရမှာ   မဟုတ်ဘူး”တဲ့။ ဒါလည်းပဲ Mahatma Gandhi ပြောခဲ့တဲ့ စကားပါပဲ။
ကိုယ့်ဘာသာမေးရမယ့် မေးခွန်း ငါးခု
ဒီတော့ လူငယ်များကို မှာချင်ပါတယ်။ မေးခွန်း ငါးခု ကိုယ့်ဘာသာ မေးကြည့်ကြပါလို့။
(၁)    မင်းဘယ်သူဖြစ်ချင်တာလဲ၊  ဘယ်လိုလူ ဖြစ်ချင် 
    တာလဲ။
မင်းကိုယ်မင်း အဆင့်မြင့်ခေါင်းဆောင်တစ်ဦးရယ်လို့  စိတ်ကူးကြည့်လိုက်ပါ။  မင်းဘာမြင်လဲ။ ခေါင်းဆောင်ကောင်းဆိုတာ    ဘယ်လိုလူလဲလို့ မြင်အောင်ကြည့်ကြည့်စမ်းပါ။ မင်းရဲ့ စိတ်ခံစားမှု ဟာ    ပေါက်ကွဲထွက်လာရင်   တခြားသူတွေကို ထိခိုက်နစ်နာစေသလား။ စိတ်ကူးထဲမှာ မြင်ကြည့် လိုက်စမ်းပါ။ နောင်ဆယ်နှစ်မှာ မင်းဘယ်ရောက် နေမှာလဲ၊ ဘယ်လိုစတိုင်မျိုးနဲ့ မင်းစီမံခန့်ခွဲမလဲ။ ဒေါသနဲ့ ကြိမ်းမောင်းတတ်သူလား၊ ရက်စက်သူလား၊ ကုန်းချောသူလား၊   အငြိုးကြီးသူလား၊  အထက်ကို ဖား၊  အောက်ကိုဖိတဲ့  ဆီမီးခွက်  ကချေသည်လား၊ နောင်ဆယ်နှစ်မှာ  မင်းဖြစ်ချင်တဲ့သူက  ဘယ်လို လူမျိုးလဲ မှန်းဆကြည့်လိုက်စမ်းပါ။
(၂)    မင်းအခု ဘယ်သူလဲ။
အခု မင်းဘယ်သူလဲဆိုတာ ပြန်ကြည့်လိုက်ပါ။ အချိန်တွေ ဖြုန်းနေတာလား။ ဂိမ်းစွဲနေတာလား၊ အရက်မူးနေတာလား၊        ဆေးစွဲနေတာလား၊ မင်းဘာလုပ်မလဲပြော။  ပညာဆက်သင်မှာလား။ အလုပ်လုပ်မှာလား။ အလုပ်လုပ်ရင်း ပညာသင်မှာ လား။ စိတ်လေနေသလား။ ဝေခွဲမရဘူးလား။
မင်းရဲ့အနေအထိုင်ကို သူများတွေက ဘယ်လို မြင်သလဲ     တီးခေါက်ကြည့်လိုက်ပါ။   မင်းအခု ခေါင်းဆောင်ဖြစ်နေပြီလား။ နောက်လိုက်ကောင်း လား။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာသမား၊ လက်အောက်ငယ်သားတွေ မင်းကို ဘယ်လိုမြင်နေ ကြသလဲ၊  ၃၆၀  ဒီဂရီ တစ်ပတ်လှည့်ကြည့်လိုက်စမ်း ပါ။ မင်းပိန်းနေသလား၊ မောဟ  အမှောင်မိုက်တွေ ဖုံးနေသလား။     သူများတွေရဲ့   တုံ့ပြန်ချက်တွေ ကြားရလို့  စိတ်ဓာတ်ကျ၊  စိတ်အားငယ်သွားလား၊ ဒေါသနဲ့   ပေါက်ကွဲလား၊   ဝေဖန်သူကို  ငြိုးထား၊ အာဃာတထားနေမိသလား။ မင်းရဲ့အားနည်းချက်၊ အားသာချက်တွေကို    ပြန်စစ်ပါ။   အားတင်းပါ။ ရှေ့ဆက်လျှောက်ဖို့ ပြင်ပါ။
(၃)    အခုကနေ   မင်းဖြစ်ချင်တဲ့သူဖြစ်ဖို့   ဘယ်လို 
    သွားမလဲ။
မင်းအခု ရောက်နေတဲ့ နေရာကနေ မင်းဖြစ်ချင် တဲ့သူဆိုတဲ့    ကွာဟချက်ကို  ဘယ်လိုဆွဲစိမှာလဲ။ မင်းကို   တုံ့ပြန်ကြတဲ့   ၃၆၀   ဒီဂရီ  ဝေဖန်မှုတွေ အားလုံးအကောင်းချည်း၊    အမှန်ချည်းလို့တော့ မထင်လိုက်ပါနဲ့။     မင်းရဲ့ဉာဉ်ဆိုး၊    စရိုက်ဆိုး၊ အမူအရာဟောင်းတွေကို       ဘယ်လိုဖျောက်မလဲ။ စိတ်ဓာတ်မကျပါနဲ့။         စိတ်ခွန်အားသစ်တွေ ဘယ်လိုမွေးမလဲ။    ကိုယ့်ကိုယ်ကိုယ်  အားပေးပါ။  ဘယ်လို   ဆက်လျှောက်မလဲ။    အနှေးယာဉ်လား အမြန်ယာဉ်လား၊    လှေကားနဲ့   တက်မှာလား၊ ရှေ့ဆက်ဖို့သာ စဉ်းစားပါ ငါ့ညီ။
(၄)    မင်းဘယ်လို အပြောင်းအလဲတွေ လုပ်မှာလဲ။
အကျင့်ဟောင်းတွေ၊     အဖြစ်ဟောင်းတွေ ဘယ်လိုပဲ    ရှိခဲ့ပါစေ။   ဒါတွေဟာ  ပြောင်းလဲလို့ ရတယ်ဆိုတာ ယုံကြည်ပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူသစ်တွေ၊ လူကောင်းသူကောင်းစိတ်တွေ အလိုလိုအကျင့်ပါလာအောင် ထပ်တလဲလဲ လေ့ကျင့် ဖို့က မင်းအပေါ်မှာပဲ တည်တာပဲ။ အားတင်းထား နော်။ ဇွဲမလျှော့နဲ့။ Bulldog Mentality ဆိုတာ မင်းကြားဖူးလား။ ခွေးဘီလူးလေးကို အမဲရိုးပေး ကြည့်။ လက်မလွှတ်တန်း၊ သဲကြီးမဲကြီးကိုက်တာ။ ဘယ်တော့မှ အရှုံးမပေးဘူး။ ဘယ်တော့မှ နောက် မဆုတ်ဘူး။ အရက်ဖြတ်ချင်တဲ့၊ ဆေးဖြတ်ချင်တဲ့ လူငယ်တွေ   ခွေးဘီလူးလို  စိတ်ခိုင်မာဖို့ သိပ်အရေး ကြီးတယ်။ မင်းကို သူများဘယ်လိုပဲ တိုက်ခိုက်ပါစေ၊ အပုပ်ချပါစေ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို အခက်အခဲ ကြားကနေ ဖြစ်အောင်လုပ်တာ၊ ပြီးအောင်လုပ်တာ Bulldog Mentality ပဲ။
(၅)    မင်းပြောင်းလဲအောင် ဘယ်သူတွေက ကူညီနိုင် 
    သလဲ။
မင်းကို စိတ်ဓာတ်ခွန်အားပေးမယ့် ဆွဲတင်ပေး မယ့် အဖော်ကောင်းလိုပြီ။ မင်းကို အောက်ဆွဲချမယ့် အသိုင်းအဝိုင်းကိုတော့     ဝေးဝေးရှောင်တော့။ ဘယ်သူဟာ မင်းပြောင်းလဲအောင်၊ တိုးတက်အောင် စေတနာ ရှိ၊ မရှိ ဆိုတာကတော့ ချင့်ချိန်ရွေးနိုင်ဖို့ လိုလိမ့်မယ်။ လူတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုသလို၊ တစ်ဖက်မှာလည်း ကောက်ကျစ်သူတွေ၊ နောက်ကျောဓားနဲ့ထိုးမယ့်သူတွေ     ရှိတတ်တယ် ဆိုတာ မမေ့နဲ့။
ကလျာဏမိတ္တ         အဖော်ကောင်းလိုလာပြီ။ စိတ်ခွန်အားမြင့်တက်စေဖို့ စိတ်လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်။    သူတော်ကောင်းကို   ဆည်းကပ်ပါ။ မင်းဟာ ဗုဒ္ဓဘာသာဆိုရင် ရတနာသုံးပါး၊ ဂုဏ်တော် ပွား၊  မေတ္တာပွားတာ  လေ့ကျင့်ပါ။  ကရုဏာစိတ်၊ မုဒိတာစိတ်တွေထားနိုင်အောင် ကြိုးစားပါ။ အနည်း ဆုံး  ဘုရားဂုဏ်တော် တစ်ပါးပါး၊ အရဟံဖြစ်စေ၊ ဗုဒ္ဓေါဖြစ်စေ၊ ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ၊ သံဃံသရဏံ ဂစ္ဆာမိဖြစ်စေ၊  နမောတဿ၊  ဘဂဝတောဖြစ်စေ၊ စိတ်ထဲကနေ ထုံနေအောင်ရွတ်ပါ။ ပွားပါ။ မင်းဟာ တခြားဘာသာ       ကိုးကွယ်သူဆိုရင်လည်း မင်းယုံကြည်ကိုးကွယ်ရာ ဘုရားရှေ့မှာ ဒူးထောက် ပြီး မကောင်းတာ ဘာတစ်ခုမှ မလုပ်မိအောင် နှုတ်၊ လျှာ၊ ပါးစပ်၊ ခြေလက်များ ထိန်းသိမ်းပေးဖို့ ဘုရား ကို  အပ်နှံဆုတောင်းပါ။  ဒါဟာ  စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်မယ့် အားဆေးတွေပါ။
EI မှာလည်း Social Skill ဟာ
 မရှိမဖြစ်အရေးပါ
ကိုင်း… အခု  လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ပြန်ကြည့်ရအောင်ပါ။ ဘယ်အလုပ်၊ ဘယ်ပတ်ဝန်း ကျင်မှာပဲရှိရှိ   စိတ်ခံစားမှုကို  ဦးစားမပေးဘဲ EI ခေါ်တဲ့    စိတ်ခံစားမှုအသိဉာဏ်ရင့်ကျက်အောင် ကြိုးစားနိုင်ဖို့က  အဓိကကျပါတယ်။  တိုးတက်မှု ရှိအောင် တစ်ယောက်တည်းနဲ့ မလုံလောက်ပါဘူး။ Social  Skill  ခေါ်တဲ့  အပေါင်းအသင်း၊  အဖွဲ့အစည်း နဲ့ ဆက်ဆံတတ်၊ နေတတ်ဖို့  လိုပါတယ်။ Gandhi က ဘာပြောသလဲဆိုတော့ ခေါင်းဆောင်မှုဆိုတာ တစ်ချိန်ချိန်တုန်းက ကြွက်သားတွေလို့ ငါမှတ်ယူခဲ့ မိတာ။ ဒါပေမယ့် ဒီနေ့အချိန်မှာတော့ လူအများနဲ့ တည့်အောင်ပေါင်းသင်းဆက်ဆံခြင်းလို့ ပြောရမယ် တဲ့။  Danial   Goleman  ရဲ့  EI  မှာလည်း Social Skill ဟာ မရှိမဖြစ် အရေးပါလာပါတယ်။
လူအများနဲ့၊    အသင်းအဖွဲ့နဲ့   သဟဇာတ ဖြစ်အောင်    နေတတ်ပြီး    အမြင်ချင်းဖလှယ်ဖို့ ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်လေးစား ခြင်းတွေဟာလည်း စွမ်းဆောင်နိုင်မှု အားကောင်း စေဖို့  မြှုပ်ကွက်၊  ဝှက်ဖဲ၊  မောင်းနှင်အားလို့ဆိုရင် လုံးဝမမှားနိုင်ပါဘူး။
အကောင်းမြင်တတ်ဖို့ သိပ်အရေးကြီး
ဒီမြှုပ်ထားတဲ့ ဝှက်ဖဲတွေထဲမှာ အကောင်းမြင် တတ်ဖို့ သိပ်အရေးကြီးပါတယ်။ အင်္ဂလိပ်စကား Idiom စကားဆန်းမှာ A Glass-Half Full ဖန်ခွက် ထဲမှာ    နွားနို့တစ်ဝက်တောင်   ရှိနေတာပဲဆိုတာ အကောင်းမြင်စိတ်နဲ့ကြည့်တာ၊    ရွှင်လန်းစိတ်နဲ့ ကြည့်တာ၊ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့် အားအင်အပြည့်ပေါ့၊   A  Glass-Half  Empty ဆိုတာကတော့ ဟာ ဖန်ခွက်ထဲမှာ တစ်ဝက်တောင် မကျန်တော့ဘူး၊ ကုန်ပါပြီကွာလို့ အပြစ်တင်စိတ်၊ အဆိုးမြင်စိတ်နဲ့ကြည့်တာ။      ရွှင်လန်းမှုတွေ၊ မျှော်လင့်ချက်တွေ ကင်းမဲ့နေတာ။
ကြီးမားသော စွမ်းဆောင်ရည်ရှိဖို့ အပြုသဘော ဆောင်သော စိတ်သဘောထားနဲ့ ကြိုးပမ်းမှု ဒီနှစ်ခု ပေါင်းစပ်ဖို့ လိုပါတယ်။ ကြီးမားသော စွမ်းဆောင် ရည်ဟာ ကံကောင်းခြင်း၊ မကောင်းခြင်းနဲ့လည်း မဆိုင်ပါဘူး။ စိတ်နှလုံးသားရယ်၊ စာနာစိတ်ရှိမှုရယ်၊ ကြိုးစားအားထုတ်မှုရယ်၊    အာရုံစူးစိုက်မှုတွေ၊ လုပ်ချင်ကိုင်ချင်တဲ့   စေတနာ   သဒ္ဓါတရားတွေ ပေါင်းစပ်ဖို့ လိုပါတယ်။
Aristotle  က  အလုပ်ထဲမှာ ပျော်ရွှင်ခြင်းဟာ အလုပ်ကို ရလဒ်အကောင်းဆုံးဖြစ်အောင် ကြိုးစား ပြင်ဆင်နေတာလို့   ပြောပါတယ်။  အလုပ်ထဲမှာ ပျော်ရွှင်နိုင်ဖို့ ခေါင်းဆောင်ရော နောက်လိုက်ရော ဒေါသပေါက်ကွဲမှု၊   စိတ်ခံစားမှုတွေကို  ထိန်းချုပ် နိုင်ဖို့ လိုပါတယ်။
ဝှက်ထားတဲ့မောင်းနှင်အားများ
Daniel Goleman ရဲ့ ‘မူလဘူတ ခေါင်းဆောင်မှု’ မှာ    EI    စိတ်ခံစားမှု    အသိဉာဏ်ရင့်သန်ခြင်းနဲ့ ကိုယ်ချင်းစာနာမှုရှိခြင်းဟာ         ကြီးမားသော စွမ်းဆောင်ရည်ရှိဖို့ ဝှက်ထားတဲ့ မောင်းနှင်အားများပဲ ဖြစ်ပါတယ်။
Self-Awareness ဆိုတဲ့ မိမိကိုယ်မိမိ အမှန် အတိုင်း၊   အရှိအတိုင်း  မြင်အောင်ကြည့်တတ်ဖို့ ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဝိပဿနာကျင့်စဉ်ပါပဲ။ ဒေါသဖြစ်နေသလား၊   စိတ်လေစိတ်လွင့် စိတ်ကူး အချောင်နေနေသလား၊ မနာလိုစိတ်ဖြစ်နေသလား၊ အဘိစ္ဇျာဖြစ်နေသလားဆိုတာ    ကိုယ့်စိတ်ကိုယ် စစ်တဲ့ စိတ္တာဝိပဿနာ ပွားတာပါပဲ။
Empathy ဆိုတဲ့ ကိုယ်ချင်းစာတတ်ဖို့ဆိုတာ ဟာလည်း မြတ်ဗုဒ္ဓဟောကြားတဲ့ ဗြဟ္မစိုရ်တရား ပါပဲ။ မေတ္တာထားဖို့၊ ကိုယ်ချင်းစာတတ်ဖို့၊ ကရုဏာ ထားဖို့၊ မုဒိတာပွားဖို့ဆိုတာတွေ နှစ်ပေါင်း ၂၆၀၀ ကတည်းက   ရှိခဲ့တဲ့တရားတွေမို့  အနောက်တိုင်း စိတ်ပညာရှင် Daniel Goleman ရဲ့ စိတ်ခံစားမှု၊ အသိဉာဏ်သီဝရီဟာလည်းပဲ ဗြဟ္မစိုရ်တရားကနေ မြစ်ဖျားခံထားတာလို့ဆိုရင် မှားမယ်မထင်ပါဘူး။
ဒါကြောင့် မိမိကိုယ်မိမိ အရှိအတိုင်း ပစ္စုပ္ပန် တည့်တည့်မှာ   ဘာဖြစ်နေသလဲဆိုတဲ့  အမှန်မြင် အောင်   သတိကပ်စောင့်ကြည့်ခြင်း   ဝိပဿနာနဲ့ မေတ္တာတရား၊    ကိုယ်ချင်းစာတရား၊   ကရုဏာ၊ မုဒိတာ တရားများဟာ ကြီးမားသော စိတ်စွမ်းရည်ရဲ့ ဝှက်ထားသော   မောင်းနှင်အားများဖြစ်တယ်လို့ စာရေးသူကတော့    အခိုင်အမာပြောကြားချင်ပါ တယ်။     ။