ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ငါးပါးသီလကို စောင့်ထိန်းခဲ့ကြသည့် တရုတ် - မြန်မာ ဆက်ဆံရေး

Type
5

ဒေါက်တာမောင်သင်း 
 

“အိမ်နီးချင်းထက် စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံဆိုတာ မရှိပါဘူး။ အိမ်နီးချင်းဆိုတာ အရင်းအနှီးဆုံးနိုင်ငံ ဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲဖြစ်ရမယ်။  နိုင်ငံ အားလုံးနဲ့   အိမ်နီးနားချင်း  ငါးနိုင်ငံနဲ့  ချစ်ကြည် အောင်  ဆောင်ရွက်ပါတယ်။   တရုတ်နဲ့ မြန်မာ ကလည်း   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ကမ္ဘာမှာစပြီး လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်”
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အထက်ပါ “သမိုင်းဝင် နှစ်နိုင်ငံ ချစ်ကြည်ရေး မြွက်ကြားချက်များ” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ၂၀၂၁  ခုနှစ် မေလ ၂၀ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Phoenix ရုပ်သံအဖွဲ့၏ အင်တာဗျူး၌ မြွက်ကြားခဲ့ခြင်းဖြစ်ပါသည်။   နိုင်ငံတော်အကြီးအကဲ ၏ ပြောကြားချက်သည် “မြန်မာ့စိတ်ရင်းဖြစ်သည့် အိမ်နီးချင်းနိုင်ငံများအပေါ်       ထားရှိရမည့် သဘောထားနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီး(၅)ရပ်ကို  စတင်လက်မှတ်ရေးထိုးစဉ် ကတည်းကနှင့်     ယနေ့တိုင်အောင်    လိုက်နာခဲ့ ကြောင်း”ကို ဖော်ညွှန်းသည်ဟု မြင်မိပါသည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏    သမ္မတကြီး ကျန်ဇီမင်းကလည်း ၁၉၉၆  ခုနှစ်က  နိုင်ငံတော် အကြီးအကဲဖြစ်သူ    ဗိုလ်ချုပ်မှူးကြီး   သန်းရွှေ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ချစ်ကြည်ရေးခရီး သွားရောက်ခဲ့စဉ်  “မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀  ကျော်ကပင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီး စွာ ကူးလူးဆက်ဆံခဲ့ကြောင်း၊  ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီးများအပေါ် အခြေခံသော နှစ်နိုင်ငံဆက်ဆံရေးသည် ဒေသတွင်း အေးချမ်း တည်ငြိမ်မှုနှင့်      ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုကို အထောက်အကူပြုကြောင်း”   ပြောကြားခဲ့ပါသည်။    
တရုတ် - မြန်မာ ထာဝရအိမ်နီးနားချင်းကောင်း ဆက်ဆံရေးသမိုင်းကို ဖော်ညွှန်းသည့်-
မိတ်ဆွေဇမ္ဗူ၊ စဉ်စူစိုးအုပ်
တရုတ်မြန်မာ၊ မင်းတို့မှာလျှင်
ကမ္ဘာရှည်မြေ့၊ မြေမရွေ့သို့
နှုတ်တွေ့ခွန်းသေ၊ ထွန်းစိမ့်စေဖြင့်
ကျက်သရေသွင်းနှိုး၊ စာရင်းထိုးသည်
ဆိုမျိုးဆက်စဉ် ဥဒါန်းတည်း။
ဟူသည့် “မော်ကွန်း”ကို ကုန်းဘောင်ခေတ် ဝက်မစွတ် မြို့စား ဦးနု (ဒုတိယနဝဒေး) ၏ “တရုတ်သံရောက် မော်ကွန်း” တွင် ရေးဖွဲ့ထားသည်ကို တွေ့ရပါသည်။ မြန်မာတို့ကသာ စပ်ဆိုရေးသားခဲ့သည် မဟုတ်ပါ။ တရုတ်စာပေများတွင်လည်း  စပ်ဆိုခဲ့ကြောင်းကို  ၁၉၆၁  ခုနှစ် ဇန်နဝါရီလ  ၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့  အောင်ဆန်းကွင်းတွင်  ကျင်းပသည့် လူထု အစည်းအဝေးပွဲကြီးတွင် တရုတ်နိုင်ငံ ဝန်ကြီး ချုပ် “ချူအင်လိုင်း” က “ကျွန်တော်တို့နိုင်ငံ “ဟန်” မင်းဆက်ခေတ်ကဗျာဆရာများဟာ    ထိုအခါက တရုတ်ပြည်မှာ   တင်ဆက်ကပြခဲ့ကြတဲ့  မြန်မာ တေးဂီတနှင့်အကတို့ကို    ကဗျာများ   အထူးဖွဲ့နွဲ့ သီကုံးပြီး   ချီးကျူးခဲ့ဖူးပါတယ်”ဟု   ပြောကြား ခဲ့ခြင်းက     သက်သေခံနေပါသည်။   ထို့အတူ လွတ်လပ်ရေးရပြီး ခေတ်တွင်လည်း တရုတ်-မြန်မာ  ချစ်ကြည်ရေးသီချင်းများ စပ်ဆိုထုတ်လွှင့်ခဲ့ပါသည်။
 ရာဇဝင်စဉ်လာ၊ တရုတ် ဗမာ-မိတ်ဆွေရင်းချာ 
အထက်ပါစာသားသည်   တရုတ်  -  မြန်မာ (ထိုစဉ်ကအသုံးအနှုန်း “ဗမာ”)ချစ်ကြည်ရေးပွဲများ၊ အစည်းအဝေးပွဲများတွင် သီဆိုခဲ့ပြီး ပီကင်းရေဒီယို အသံမှ ရံဖန်ရံခါ ထုတ်လွှင့်ခဲ့သည့် သီချင်းမှ စာသား တစ်ပိုဒ်ဖြစ်ပါသည်။ ဆရာကြီး “ဦးသိန်းဖေမြင့်” ရေးစပ်ခဲ့ပြီး     ဂီတစာဆို   ဆရာရန်နိုင်စိန်က ကိုယ်တိုင်သီဆိုခဲ့သည့်       သီချင်းဖြစ်ပါသည်။ ဆရာကြီး ဦးသိန်းဖေမြင့်၏  ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ရေးသားမှုများအရ      အဆိုပါသီချင်းကို  လွန်ခဲ့ သော   ၁၆  နှစ် / ၁၇   နှစ်က  စခဲ့တာပါဟု  ဆိုပါ သည်။ 
သို့ဖြစ်၍  ၁၉၄၉  ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လွတ်လပ်ရေးကို မြန်မာနိုင်ငံက အသိအမှတ်ပြု ပြီးကတည်းက “တရုတ် - ဗမာ မိတ်ဆွေဖြစ်သီချင်း” ပေါ်ပေါက်ခဲ့သည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံမှ “ဩဇာကြီးမားသည့်      ဝါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး၊ စာရေးဆရာ ဦးသိန်းဖေမြင့်က သာ   စပ်ဆိုခဲ့သည်မဟုတ်ပေ။  ထိုစဉ်က တရုတ် ပြည်သူ့သမ္မတနိုင်ငံ  ဒုတိယဝန်ကြီးချုပ်  မာရှယ် “ချင်ယီ” ကလည်း  ၁၉၅၆ ခုနှစ်တွင် ချစ်ကြည်ရေး ကဗျာတစ်ပုဒ်စပ်ဆို၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည် စွာ    ဆက်ဆံနိုင်မှုကို   မီးမောင်းထိုးပြခဲ့ပါသည်။ “နှစ်နိုင်ငံ      ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ ပျားရည်ဆမ်းကာလ” ကြောင့်  ပေါ်ထွန်းခဲ့သည့် ကဗျာဟု ဆိုကြပါသည်။ ယင်းကဗျာမှာ - 
မြန်မာပြည်မှ မိတ်ဆွေများအတွက်ကျွန်ုပ် မြစ်ညာမှာနေသည်သင်တို့မြစ်ကြေမှာ နေကြသည်အတိုင်းအဆမရှိအောင် ကျွန်ုပ်တို့ အပြန်အလှန်ချစ်ခင်ကြကျွန်ုပ်တို့ ဒီမြစ်ရေကိုပဲသောက်ကြကျွန်ုပ် မြစ်ညာမှရေကို သောက်သည်သင်တို့ မြစ်ကြေမှ ရေကိုသောက်ကြသည်မြစ်ကြီးသည် အဆုံးမရှိ စီးဆင်းလျက်မဆုံးနိုင်သော ပျော်ရွှင်မှုကို ကျွန်ုပ်တို့ မျှဝေခံစားကြကျွန်ုပ်တို့သည် အိမ်နီးချင်းများပါကျွန်ုပ်တို့၏ ချစ်ကြည်မှု အဓွန့်ရှည်ကြာခဲ့ပြီထာဝရအမြဲစိမ်းသစ်ပင်တို့လိုရေသည် ထာဝစဉ် စီးဆင်းမြဲ စီးဆင်းလျက်ကျွန်ုပ်တို့၏နိုင်ငံများ ဆက်စပ်နေကြတောင်ခြေမှာ. . .  မြစ်ဘေးမှာ. . . နယ်ချဲ့ဝါဒဆန့်ကျင်ခြင်းဖြင့် လွတ်လပ်ခဲ့ကြ
ကျွန်ုပ်တို့ ငြိမ်းချမ်းစွာပေါင်းစည်းမိခဲ့ကျွန်ုပ်တို့သည် ပေါက်ဖော်ကျွန်ုပ်တို့၏ ဘာသာစကားများ ဆက်နွှယ်နေကြ
ကျွန်ုပ်တို့စည်းလုံးစွာ အပြန်အလှန်ကူညီနေကြငြိမ်းချမ်းရေးသည်ခွန်အားမြစ်များဘေးမှာနေထိုင်ရင်းမြစ်တို့၏ အသက်ရှူသံကိုကျွန်ုပ်တို့ ချီးမွမ်းခန်းဖွင့်ခဲ့ကြ
တောင်များပေါ်တက်ရင်း 
တောင်တို့၏အလှကို ကျွန်ုပ်တို့
တေးဖွဲ့သီဆိုခဲ့ကြ
တောင်များသည် မြောက်ဘက်သို့ မျက်နှာမူလျက်
မြစ်သည်တောင်ဘက်သို့     စီးဆင်းလျက်။ ဟူ၍ဖြစ်ပါသည်။ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ 
လွတ်လပ်ရေးကို ဦးဦးဖျားဖျား
စတင်အသိအမှတ်ပြုတာ မြန်မာနိုင်ငံပါ
မြန်မာနိုင်ငံက  ၁၉၄၈  ခုနှစ် နှစ်ဦးကာလတွင်  လွတ်လပ်ရေးရသည်။  ၁၉၄၉ ခုနှစ်၊ အောက်တိုဘာ လ ၁  ရက်နေ့တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် လွတ်လပ်ရေး    ကြေညာခဲ့ပါသည်။   ဤသည်ကို ကျွန်တော်တို့ပြည်သူနှင့်   နိုင်ငံအစိုးရက  တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင် ခြင်းကို အာရှတိုက်ရှိ မည်သည့်နိုင်ငံမှ   အသိအမှတ်မပြုသေးမီ   ဦးဦး ဖျားဖျား   ၁၉၄၉  ခုနှစ် ဒီဇင်ဘာလ  ၁၈  ရက်နေ့ တွင် အသိအမှတ်ပြုခဲ့ပါသည်။ 
ထိုအချိန်၌ မြန်မာနိုင်ငံမှာ ကွန်မြူနစ် အဖြူနှင့် အနီများ အင်အားကြီးမားစွာဖြင့် တည်ဆဲ မြန်မာ အစိုးရကို ပုန်ကန်တော်လှန်နေချိန်တွင် ကွန်မြူနစ် နိုင်ငံအဖြစ်   ပေါ်ထွန်းလာသည့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို သမိုင်းအစဉ်အလာကြီးမားခဲ့သည့် “အိမ်နီးနားချင်းကောင်း ထာဝရမိတ်ဆွေ” ဟူသော အမြင်ဖြင့်   အသိအမှတ်ပြုခဲ့ခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာ့ဆိုရိုးစကားတစ်ခုက  “You  can  change friends, but not neighbours”  ဖြစ်ပါသည်။ “မိတ်ဆွေများကို ပြောင်းချင်သလောက် ပြောင်းနိုင် ပါသည်၊ သို့သော် သင်မပြောင်းနိုင်တာက အိမ်နီးနား ချင်းပါ”တဲ့။ “မြန်မာ့စိတ်ရင်းဖြစ်သည့် အိမ်နီးနား ချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်လိုခြင်း” ကို ဦးဦးဖျားဖျား ပြသလိုက်ခြင်းပါ။ ထိုစိတ်ရင်းသည် ယနေ့တိုင်ရှင်သန်ဆဲပါ။ သားစဉ် မြေးဆက် ရှင်သန်နေအောင်လည်း ကြိုးပမ်းနေပါ ကြောင်းကို ၁၉၉၆ ခုနှစ်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေက  “မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏    ကောင်းမွန်သည့်   ဆက်ဆံရေးကို သားစဉ်မြေးဆက်တိုင်အောင်  ခိုင်မြဲရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း”   ကတိ စကား ဆိုခဲ့ပါသည်။ 
မြန်မာ့ခေါင်းဆောင်များ၏ ပညာဉာဏ်ကြီးမြင့် မှုအမြင်က ပြည်တွင်းတွင် ဒုက္ခပေးနေသည့် ဝါဒတူ ကွန်မြူနစ်သောင်းကျန်းသူနှင့်    အိမ်နီးနားချင်း ကောင်း ကွန်မြူနစ်အစိုးရကို ခွဲခြားမြင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် “ဝါဒသည်မမြဲ၊ အိမ်နီးနားချင်း ကောင်းသည်သာ ထာဝရတည်မြဲ၏” ဟု “ပညာ ဉာဏ်ကြီးမြင့်မှုအမြင်” ဖြင့် ရှင်းလင်းစွာကြည့်တတ် ထိုးဖောက်မြင်တတ်ခဲ့ကြခြင်းကြောင့်လည်း ဖြစ်ပေ သည်။  ယနေ့တော့ မြန်မာခေါင်းဆောင်များ၏ “ပညာဉာဏ်ကြီးမြင့်မှုအမြင်”သည် လွန်စွာမှန်ကန် ခဲ့ကြောင်းကို မြန်မာပြည်တွင် ကွန်မြူနစ်ဝါဒကျဆုံး မှုက သက်သေထူနေပါပြီ။ 
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး 
မူကြီး(၅)ရပ် ချမှတ်ခဲ့ကြသည့် 
ဆွေမျိုးပေါက်ဖော် နှစ်နိုင်ငံ
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ     နယ်ချဲ့တို့က သူတို့၏ ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးပြီး လက်လွှတ်ပေးလိုက်ရသည်။ သို့သော် ဆက်လက် လွှမ်းမိုးချုပ်ချယ်ချင်စိတ်က       ကြီးမားနေဆဲပါ။ ကိုလိုနီလက်အောက်မှ       လွတ်လပ်ရေးရပြီးခါစ နိုင်ငံများသည်လည်း ထပ်မံကျွန်ပြုလွှမ်းမိုးခံရမည် ကို စိုးရိမ်နေကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည်  ၂၉ - ၆ - ၁၉၅၄  ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်” (The five Principles of Peaceful Coexistence) ကို ကမ္ဘာသို့  နှစ်နိုင်ငံ  ပူးတွဲကြေညာထုတ်ပြန်ခဲ့      ပေသည်။ 
ထိုမူကြီး (၅) ရပ် စတင်ကြေညာသည့်  ၁၉၅၄  ခုနှစ်မှ နောင်နှစ်ပေါင်းများစွာအထိ စာနယ်ဇင်း များက “နိုင်ငံရေး ငါးပါးသီလ” ဟု သုံးစွဲခဲ့ကြပါသည်။ ကျွန်တော့်အနေဖြင့် “ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေး ငါးပါးသီလ” ဟု ဆိုချင်ပါသည်။ ယင်းတို့မှာ-
(က)    နိုင်ငံတစ်နိုင်ငံ၏      ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ 
( ခ )    တစ်နိုင်ငံနှင့်တစ်နိုင်ငံ  ကျူးကျော်ရန်စ တိုက်ခိုက်မှုမပြုလုပ်ရန်၊ 
( ဂ )    နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန်၊ 
(ဃ)    နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအဆင့်အတန်း ချင်း    တူညီမှုရှိရန်နှင့်   နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်၊ 
( င )    နိုင်ငံရေးစနစ်ချင်း        ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ ဆက်ဆံပေါင်းသင်းနေထိုင်ကြရန် --------- တို့ဖြစ်ပါသည်။
နိုင်ငံအချင်းချင်း   ကြီးနိုင်ငယ်ညှဉ်းကင်းကာ ငြိမ်းချမ်းစွာ    အတူယှဉ်တွဲနေထိုင်ရင်း   တန်းတူ ရည်တူ ဆက်ဆံမှုဖြင့် “ကျီးကိုဘုတ်ရိုသေ ဘုတ်ကို ကျီးရိုသေမှု” ဖြစ်ပြီး    ဝါဒအရလည်းကောင်း၊ အင်အားအရလည်းကောင်း၊      စီးပွားရေးအရ လည်းကောင်း ဗိုလ်ကျမှု၊ ဩဇာလွှမ်းမိုးမှု ကင်းဝေး အောင်၊   နိုင်ငံကြီးငယ်အချင်းချင်း  တန်းတူရည်တူ အပြန်အလှန်  လေးလေးစားစား  ဆက်ဆံနိုင်အောင် တည့်မတ်ပေးသည့် မူကြီး (၅) ရပ် ဖြစ်ပေသည်။ 
ဤသည်ကို “တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်ကို ခိုင်မာရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဇုန်တစ်ခု ထူထောင် ပြီး အာရှငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း” တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းက ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကတည်းကပင် တရားဝင် အလည်အပတ်ရောက်ရှိနေသော    မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့်အဖွဲ့ကို ဧည့်ခံသော ညစာစားပွဲ တွင် အတိအလင်း ကတိပြုပြောကြားခဲ့သည်။ ဦးနု ကလည်း အဆိုပါဧည့်ခံပွဲတွင် “ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးထိခိုက်စေမည့် ဘယ်လိုအလုပ်မျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ နှင့် နှစ်နိုင်ငံကြား သံသယပွားစေမည့် အခြားနိုင်ငံ၏ အကူအညီကိုလည်း     ယူမှာမဟုတ်ပါဘူး” ဟု ပြန်လည်ပြောကြားခဲ့မှုများက   အထက်ပါမူကြီး (၅)ရပ် ခိုင်မြဲအောင် ဆောင်ရွက်နိုင်ခဲ့မှု၏ သာဓက များ ဖြစ်ပေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပါဝင်ခွင့်မရရင် မြန်မာနိုင်ငံလည်း မတက်ရောက်နိုင်ပါ
အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသမှာ   စစ်ပွဲ ပြင်းထန်လာချိန်တွင် တတိယကမ္ဘာစစ်အဆင့်ဆီ ကူးစက်သွားမည်ကို စိုးရိမ်ကြသည့် လွတ်လပ်သော အာရှနှင့် အာဖရိကနိုင်ငံ ၂၉  နိုင်ငံသည်  အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့တွင် တတိယကမ္ဘာစစ်မဖြစ်ရေး ကို တားဆီးနိုင်ရေးကြိုးပမ်းမည့် ညီလာခံ (Afro– Asian Conference) ကို  ၁၉၅၅  ခုနှစ် ဧပြီလ  ၁၈  မှ  ၂၄ ရက်နေ့အထိ  ကျင်းပခဲ့သည်။ အဆိုပါ အစည်း အဝေးကို ကွန်မြူနစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ဝိုင်းပယ်ထားကြရန် အနောက်အုပ်စု နိုင်ငံများက ကြိုးပမ်းကြသေးသည်။ 
မြန်မာနိုင်ငံက    အဆိုပါအစည်းအဝေးသို့ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ    တက်ရောက်ခွင့် မရလျှင် မြန်မာနိုင်ငံလည်း တက်ရောက်မည်မဟုတ် ကြောင်း”ဟုဆိုကာ တောင့်ခံထားပြီး “အိမ်နီးနား ချင်းကောင်းပီသမှု” မြန်မာ့စိတ်ရင်းကို ထပ်မံပြသ ခဲ့သည်။    တကယ်တော့   ဘန်ဒေါင်းညီလာခံ ဖြစ်မြောက်ရေးကို ဦးဆောင်ဆွေးနွေး အဆိုပြုခဲ့ကြ သည်မှာ တရုတ်၊ မြန်မာနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ ဖြစ်ပါသည်။   ဤသို့ဖြင့်   ဘန်ဒေါင်းညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ရောက်ခွင့်ရခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေး (၁၀) ချက် (A10- points declaration on promotion of world peace and cooperation) ပါကြေညာချက် ထွက်ပေါ်လာခဲ့သည်။ ထိုကြေညာ ချက် (၁၀)ချက်တွင်လည်း တရုတ်-မြန်မာ-အိန္ဒိယ တို့၏ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သဖြင့် ထိုခေတ်တွင် အလွန်ခေတ်စားသည့် ငြိမ်းချမ်းရေးမူ၊ ဘက်မလိုက်ရေးဝါဒ ဖြစ်ခဲ့ပေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်အဆိုတင်သွင်းသော နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့
 ၁၉၇၁  ခုနှစ် အောက်တိုဘာလ  ၁  ရက်နေ့တွင် ကျင်းပသော   (၂၆)  ကြိမ်မြောက်  ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၌  မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်     လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီး    ဦးသောင်းကြည်က မိန့်ခွန်းပြောကြားခဲ့ရာတွင်    “ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂကြီးတွင် ထိုက်ထိုက်တန်တန်ရပိုင်ခွင့် ရှိသော  နေရာမပေးဘဲ   တရုတ်နှစ်ပြည်ထောင် ပြဿနာဖန်တီးထားခြင်းမှာ    သဘာဝမကျပါ ကြောင်း၊    မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏     ဗဟိုအစိုးရအား “တစ်ခုတည်းသော တရုတ်ပြည်၏ တရားဝင်အစိုးရ” အဖြစ်    အသိအမှတ်ပြုပါကြောင်း၊   ထို့ကြောင့် ကုလသမဂ္ဂတွင်     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေပါအခွင့်အရေးများ ပေးအပ်ရေးကို ကျွန်ုပ်တို့ တစ်ခါတည်း     ဆုံးဖြတ်ကြဖို့လိုကြောင်း၊   ဤသို့ ဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း ရေး၊   လုံခြုံရေးနှင့်    ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း”  ထည့်သွင်းမိန့်ကြား ခဲ့ပြီး   အိမ်နီးချင်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” (One China Policy) ကို ထောက်ခံခဲ့ပါသည်။ 
ထိုနှစ်  အောက်တိုဘာလ  ၂၅  ရက်နေ့တွင် ဆက်လက်ကျင်းပသော   အထွေထွေညီလာခံ၌  “တရုတ်ပြည်သူ့သမ္မတနိုင်ငံအား   ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ်နှင့်တကွ     လုံခြုံရေးကောင်စီဝင် အဖြစ်လက်ခံရေး”အဆိုကို မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်   ၂၃    နိုင်ငံက  ဦးဆောင်တင်သွင်းခဲ့ရာ ထောက်ခံမဲ ၇၆ မဲ၊ ကန့်ကွက်မဲ ၃၅  မဲ၊ ကြားနေ  ၁၅  မဲဖြင့် အနိုင်ရရှိခဲ့သဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ သည်။ နယ်နိမိတ်ချင်း မိုင်ပေါင်းတစ်ထောင်ကျော် ဆက်စပ်နေသော နှစ်နိုင်ငံ၏ ဆောင်းပါးအစတွင် သမ္မတကြီး ကျန်ဇီမင်းမိန့်ကြားခဲ့သည့် “နှစ်ပေါင်း  ၂၀၀၀  ကျော် ခိုင်မြဲခဲ့ သည့် အိမ်နီးနားချင်းကောင်း၏ ချစ်ကြည်မှုစိတ်ထား”ကို “မိမိ၏ အိမ်နီးနားချင်းနိုင်ငံ အား ကမ္ဘာ့အလယ် အနှိမ်ခံဘဝရောက်နေခြင်းမှ နိုင်ငံတကာ တန်းတူရည်တူအဆင့်ဆီသို့ ရောက် အောင် ဆွဲတင်ခြင်းလုပ်ငန်းတွင် ပါဝင်လိုက်ခြင်း” ဖြင့် မြန်မာနိုင်ငံက သက်သေထူပြခဲ့ပါသည်။
ခလုတ်ကန်သင်းများကြောင့် 
“ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးငါးပါးသီလ” မကျိုးပေါက်ခဲ့ပါ
တရုတ်- မြန်မာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကို အမြော်အမြင် ကြီးမား ခဲ့ကြသည့် ခေါင်းဆောင်များ စောင့်ထိန်းခဲ့ကြ သည်မှာ နှစ်ပေါင်း  ၇၀  (၁၉၅၄ ခုနှစ်  ဇွန်လ  ၂၉ ရက်နေ့မှ ၂၀၂၄ ခုနှစ်  ဇွန်လ  ၂၉  ရက်နေ့အထိ) ပြည့်ပြီဖြစ်ပါသည်။ ထိုချစ်ကြည်ရေးလမ်းခရီးတွင် ခလုတ်ကန်သင်း  ဆူးငြောင့်ကလေးများလည်း  ရှိခဲ့ ပေသည်။ ယာယီတစ်ခဏသဘောပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံကို တော်လှန်ပုန်ကန်သော “ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) သောင်းကျန်းသူများ”သည် တရုတ်ကွန်မြူနစ်ပါတီကို    ချဉ်းကပ်အကူအညီ ရယူမှုဖြစ်သည်။  ၁၉၅၃  ခုနှစ်လောက်တွင် ရဲဘော် အောင်ကြီးက စတင်ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် အတော် များများက တရုတ်ပြည်သို့ သွားရောက်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည်    ဝါဒရေးရာတွင် မြန်မာပြည်ကွန်မြူနစ်ပါတီ၏ ဆရာတစ်ဆူဖြစ်လာ ပါသည်။  သို့သော် “ကွန်မြူနစ်ပါတီအချင်းချင်း ဝါဒရေးရာအကူအညီပေးမှု” နှင့် “နှစ်ပြည်ထောင် ထီးဆောင်းမင်းအချင်းချင်း    တရားဝင်သံတမန် ဆက်ဆံမှုသည်” အလွန်ပင်ကွာခြားခဲ့ပါသည်။ 
နှစ်နိုင်ငံ     ထီးဆောင်းမင်းအချင်းချင်းတို့၏ ဆက်ဆံရေးက “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး(၅)ရပ်၏   ရွှေထီးအောက်တွင်  မားမား မတ်မတ်ရပ်တည်ခြင်းပါ”၊ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ငါးပါးသီလ”ကို လုံးဝအကျိုးမခံခဲ့ပါ။ ထိုမူကို    မထိခိုက်စေအောင်    ယနေ့အချိန်ထိ ထိန်းသိမ်းနေဆဲပါ။  ၁၉၇၈ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် “တိန်ရှောက်ဖိန်” မြန်မာနိုင်ငံသို့ အလည်လာပြီး “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံသွားပါမည်” ဟု   ထပ်မံအတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ ယခုနှင့် နောင်အခါတွင်လည်း အသေး အဖွဲ ခလုတ်ကန်သင်းများ ရှိကောင်းရှိနိုင်သော် လည်း “နှစ်နိုင်ငံခေါင်းဆောင်ကြီးများ အမြော်အမြင် ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်၏ “ချစ်ကြည်ရေး နှင့် ငြိမ်းချမ်းရေးမဏ္ဍိုင်” လှုပ်ခါသွားလောက်သည် အထိတော့မရှိနိုင်” ဟု မြင်မိပါကြောင်း ဆရာကြီး ဦးသိန်းဖေမြင့်က  ၁၉၆၇ ခုနှစ်ကတည်းက သုံးသပ် ခဲ့ပါသည်။    ယင်းသုံးသပ်ချက်   မှန်ကန်၍သာ ယခုအခါ သက်တမ်း (၇၀) ပြည့်ခဲ့ခြင်းပါ။ 
ဤသို့    အောင်မြင်ရခြင်းမှာ    ဝန်ကြီးချုပ် ချူအင်လိုင်း၏ “တရုတ်မြန်မာ နှစ်နိုင်ငံအစိုးရတို့ နှစ်ပေါင်းများစွာ တစ်သမတ်တည်း ဂရုတစိုက်စူးစမ်း ကြံဆခဲ့ကြပုံ၊ တက်ကြွမှုရှိစွာ ချဉ်းကပ်ခဲ့ကြပုံတို့ကို ကျွန်တော်တို့ ဝမ်းမြောက်ကြည်နူးစွာ ပြန်လည် သုံးသပ်ကြည့်နိုင်ကြပါပြီ။   လမ်းဟာ   တစ်ခါတစ်ခါ ညီညာပြေပြစ်ပြီး တစ်ခါတစ်ခါ ချိုင့်တွေဖြစ်နေပေ မယ့် မိုးကောင်းကင်ဟာ တစ်ခါတစ်ခါ  မိုးသားကင်းစင် ကြည်လင်နေပြီး တစ်ခါတစ်ခါ မိုးသားတွေအုံ့နေပေ မယ့် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး  (၅)ရပ်   ရှေ့ဆောင်ညွှန်ပြရာ လမ်းအတိုင်း သဘောထားကွဲလွဲမှုတွေကို ဖြေရှင်း၊ အဆီးအတားကိုဖယ်ရှားရင်း စွဲစွဲမြဲမြဲ  မယိမ်းမယိုင် ရှေ့သို့ချီတက်ခဲ့ကြတာချည်းပါပဲ။    အခုဆိုရင် ကျွန်တော်တို့တစ်တွေဟာ ချစ်ကြည်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး အထွတ်အထိပ်ဆီသို့ လက်တွဲပြီး တက်လှမ်းရောက်ရှိခဲ့ကြပါပြီ။ ကျွန်တော်တို့နှစ်နိုင်ငံ ပြည်သူပြည်သားတွေရဲ့ အရင်းခံအကျိုးနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးရဲ့   အရင်းခံအကျိုးတို့အတွက်  အဖိုး ထိုက်တန်တဲ့ အကျိုးများကို ပြုခဲ့ကြပါပြီ။ အာရှနိုင်ငံ များ ချစ်ကြည်ရေး စည်းလုံးရေးအတွက် အောင်မြင် တဲ့ စံနမူနာကို ထူပြခဲ့ပါပြီ” ဟူ သောစကားအတိုင်း မူကြီး (၅) ရပ်၏ ကောင်းကျိုးပြမူဘောင်အတွင်းမှ ခေတ်အဆက်ဆက် ခေါင်းဆောင်များ ဆက်လက် လျှောက်လှမ်းခဲ့ကြ၍ ဖြစ်ပါသည်။ 
၈၈ အရေးအခင်းကာလတွင် 
ချစ်ကြည်ရေး ငါးပါးသီလ စောင့်ထိန်းခဲ့သူ တရုတ်သံအမတ်ကြီး
တရုတ်နိုင်ငံအနေဖြင့်   နိုင်ငံတော်အကြီးအကဲ အဆင့်များကသာ    “ငြိမ်းချမ်းစွာ   အတူယှဉ်တွဲ နေထိုင်ရေးမူ” ကို  ခိုင်ခိုင်မာမာ  ရပ်တည်ခဲ့သည် မဟုတ်ပေ။   “သံအမတ်ကြီး”   အဆင့်ကလည်း အလေးထား လိုက်နာဆောင်ရွက်ခဲ့ကြောင်း မြန်မာ နိုင်ငံ   ၁၉၈၈   အရေးအခင်းတွင်  အထင်အရှား ရပ်တည်ပြသခဲ့ပါသေးသည်။  ၁၉၈၈  ခုနှစ် မြန်မာ့ အရေးအခင်းတွင် မြန်မာအစိုးရကို ဖိအားပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံ  ၁၅  နိုင်ငံခန့် ပါဝင်သော ကိုယ်စားပြုအဖွဲ့၌  ပါဝင်ရန်   တရုတ် သံအမတ်ကြီးကိုလည်းဖိတ်ကြားခဲ့ပါသည်။ 
ထိုအချိန်က တရုတ်သံအမတ်ကြီး  “ချန်ယူရှန်” က  “လက်ရှိမြန်မာနိုင်ငံအတွင်း    ဖြစ်ပေါ်မှုသည် ပြည်တွင်းရေးကိစ္စသာဖြစ်သဖြင့် သူ့အနေဖြင့် ပါဝင် နိုင်ခြင်းမရှိကြောင်း” ပြန်ကြားခဲ့သလို  ပါဝင်ခြင်း လည်းမရှိခဲ့ပေ။ ထို့အတူ  သံရုံးတစ်ခု  ဧည့်ခံပွဲတွင်  မိုက်ကယ်အဲရစ်က        “မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် ကြေညာချက်တစ်စုံတစ်ရာ      ထုတ်ပြန်ခြင်းရှိပါ သလား” ဟု မေးမြန်းရာ သံအမတ်ကြီး “ချန်” က “တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အခြားနိုင်ငံများ ၏ ပြည်တွင်းရေးရာတွင် ဝင်ရောက်မစွက်ဖက်ရေး မူကို   လိုက်နာပါသည်” ဟု ဖြေကြားခဲ့ခြင်းတို့က ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး   ငါးပါးသီလကို စောင့်ထိန်းခဲ့ကြောင်း သက်သေခံနေပါသည်။
ချစ်ကြည်ရေး    ခရီးတစ်လျှောက်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် ယာယီသဘောဆောင် သည့်   ပါးပါးလျလျ   မိုးအုံ့မှိုင်းမှုများ   ကွက်ကျား ကွက်ကျား ရှိကောင်းရှိနိုင်သော်လည်း အစဉ်အဆက် နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏   အမြော်အမြင် ကြီးမားမှုဖြင့် တည်ဆောက်ခဲ့သည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်” တစ်နည်း အားဖြင့် “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးငါးပါး သီလ” ကိုတော့ မယိုင်နဲ့အောင်၊  မကျိုးပေါက်အောင် ကြိုးစားထိန်းသိမ်းနေကြသည်ဆိုတာကို နှစ်ပေါင်း  (၇၀) တည်မြဲမှုက သက်သေခံလျက်ရှိပေသည်။ 
 ၂၀၂၀  ပြည့်နှစ် ဇန်နဝါရီလ  ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ကြီး “ရှီကျင့်ဖျင်” လာရောက်လည်ပတ်စဉ်ကလည်း “တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ပြန့်ပွားစေပြီး လက်တွေ့ကျင့်သုံးသည့် စံနမူနာအဖြစ်  ဆောင်ရွက်ရန်၊   နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမည့်   စံနမူနာအဖြစ် ရပ်တည်ရန်၊ နိုင်ငံတကာအသိုက်အဝန်းမှ လူသားကံကြမ္မာတူ အသိုက်အဝန်း     လက်တွဲတည်ဆောက်မှုအား တွန်းအားပေးရန် ဆန္ဒရှိပါကြောင်း” ပြောကြားမှုက ထပ်မံသက်သေထူနေပါသည်။ 
ထိုအချိန်က မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်သူကလည်း “ထိုမူကြီး (၅) ရပ် ကို အခြေခံပြီး တည်ဆောက်ခဲ့သည့် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် ပိုမိုတိုးတက်ခိုင်မာလာပြီး  ၂၀၁၁  ခုနှစ်တွင် မိမိတို့နှစ်နိုင်ငံအကြား  ဆက်ဆံရေးကို ဘက်စုံ မဟာ ဗျူဟာမြောက်  မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်နိုင်ခဲ့ကြောင်း” ပြန်လည်ပြောကြားမှုများက မူကြီး(၅)ရပ်ကို   နှစ်နိုင်ငံခေါင်းဆောင်များက လေးစားလိုက်နာခဲ့ကြကြောင်း    ထင်ရှားသည့် သာဓကပါ။
အချုပ်အားဖြင့် တရုတ် -  မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည်   ယနေ့နိုင်ငံတော်အကြီးအကဲ ဖြစ်သော    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏ ဆောင်းပါးအစမှာ    မိန့်ကြားခဲ့သည့်  “အိမ်နီးချင်း ထက် စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံဆိုတာ မရှိပါဘူး”၊ “အိမ်နီးချင်းဆိုတာ အရင်းအနှီးဆုံးနိုင်ငံဖြစ်ရမယ်”၊ “အိမ်နီးချင်းကောင်းပဲဖြစ်ရမယ်” ဆိုသည့် အိမ်နီးချင်း ကျင့်ဝတ်ကောင်းများကို    ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်  အမွန်အမြတ်များနှင့် ပြည်သူ များအနေဖြင့်  “ငါတို့သည်  ဆွေမျိုးပေါက်ဖော်” “ထာဝရမိတ်ဆွေနိုင်ငံများ” “အမြဲတမ်း မဟာမိတ် ဆက်ဆံရေး” ဟူသည့် အမြင်ဖြင့် ခိုင်မာစွာအကောင် အထည်ဖော်မှုများကြောင့် နှစ်ပေါင်း (၇၀) တိုင် သည်အထိ ခိုင်မြဲခဲ့ခြင်းဖြစ်ပါသည်။ 
“ဤချစ်ကြည်ငြိမ်းချမ်းရေး       ငါးပါးသီလ”၊ “ဤအိမ်နီးနားချင်းကောင်းကျင့်ဝတ်”၊ “ဤခိုင်မာ သည့်   ဆွေမျိုးပေါက်ဖော်  စိတ်ရင်းအမွန်အမြတ်” တို့သည် နှစ်နိုင်ငံအပြန်အလှန် ချစ်ကြည်လေးစား ယုံကြည်မှုကို ဒုတိယနဝဒေးကြီး၏ မော်ကွန်းမှာ ရေးထိုးခဲ့သည့် “တရုတ် မြန်မာ၊  မင်းတို့မှာလျှင်၊ ကမ္ဘာရှည်မြေ့၊ မြေမရွေ့သို့” ဟူသည့် အစဉ်အလာ ကောင်းနှင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဒုတိယ ဝန်ကြီးချုပ် မာရှယ် “ချင်ယီ” ၏ (၁၉၅၆) ခုနှစ်တွင် ရေးသားခဲ့သည့်    “မြန်မာပြည်မှ   မိတ်ဆွေများ အတွက်” ကဗျာမှ “ကျွန်ုပ်တို့သည် အိမ်နီးချင်းများ ပါ၊ ကျွန်ုပ်တို့၏ ချစ်ကြည်မှု အဓွန့်ရှည်ကြာခဲ့ပြီ” ဟူသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် အိမ်နီးနားချင်းကောင်းများဘဝဖြင့်    ဒေသတွင်း အေးချမ်းတည်ငြိမ်မှု”ကို       ဆက်လက်ခိုင်မြဲစွာ ထိန်းသိမ်းနေကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း နှင့် ထိန်းသိမ်းခဲ့ကြသည့် ထိန်းသိမ်းနေဆဲ နှစ်နိုင်ငံ ခေါင်းဆောင် အမွန်အမြတ်များအား လေးစားစွာ ဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။    ။