AFC Challenge League ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ရမည်

ရန်ကုန်   ဇွန်   ၂၆
မြန်မာကလပ်  ရှမ်းယူနိုက်တက်အသင်းသည်  လာမည့်ရာသီတွင် ပြည်ပကလပ်ပြိုင်ပွဲ နှစ်ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်ကကျင်းပမည့် ၂၀၂၄-၂၀၂၅ ရာသီ AFC Challenge League ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည်  လာမည့်ရာသီမှစတင်ကာ  ပြိုင်ပွဲသုံးခု တိုးမြှင့် ကျင်းပမည်ဖြစ်သလို     မြန်မာကလပ်အသင်းမှာလည်း   အဆင့်သတ်မှတ်ချက် တတိယအဆင့်ရှိ AFC Challenge League ပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။  အာရှဘောလုံးအဖွဲ့ချုပ်သည်  လာမည့်ရာသီတွင် အဆင့်သတ်မှတ်ချက် ၁ အဆင့်ရှိ AFC Champion League Elite ပြိုင်ပွဲ၊  အဆင့်သတ်မှတ်ချက် ၂ အဆင့်ရှိ AFC Champions League Two ပြိုင်ပွဲနှင့်  အဆင့်သတ်မှတ်ချက် ၃ အဆင့်ရှိ AFC Challenge League ပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။  အရှေ့အာရှဇုန်ကို သုံးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး   
ပြိုင်ပွဲကျင်းပမည့်ပုံစံအရ    အနောက်အာရှဇုန်တွင်  အုပ်စုသုံးခု၊ အရှေ့အာရှဇုန်တွင် အုပ်စုနှစ်ခု  ပါဝင်မည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း စုစုပေါင်း ရှစ်သင်းမှာ ကွာတား ဖိုင်နယ်  တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စုပွဲများကို တစ်ကျော့တည်းသာ ကျင်းပမည်ဖြစ်ပြီး ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့၊ ဗိုလ်လုပွဲကို တစ်ကျော့တည်း ကျင်းပမည်ဖြစ်သည်။  
အုပ်စုပွဲများကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ ရက်၊ ကွာတားဖိုင်နယ် ပွဲစဉ်များကို ၂၀၂၅ ခုနှစ် မတ်လ၊  ဆီမီးဖိုင်နယ်ပွဲစဉ်များကို ၂၀၂၅ ခုနှစ် ဧပြီလ၊ ဗိုလ်လုပွဲကို   ၂၀၂၅ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်သည်။   AFC Challenge League ပြိုင်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အရှေ့အာရှဇုန်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။  အရှေ့အာရှဇုန်တွင် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းအပါအဝင် အင်ဒိုနီးရှားကလပ် မာဒူရာယူနိုက်တက်အသင်း၊ ကမ္ဘောဒီးယားကလပ် PKR Svay Rieng အသင်း၊ တရုတ်(တိုင်ပေ)ကလပ် Taiwan Steel အသင်း၊ လာအို ကလပ် Young Elephants အသင်း၊ မွန်ဂိုလီးယားကလပ် SP Falcons အသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲကို သြဂုတ် ၂၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး