သတင်းတု၊ သတင်းအမှား လုပ်ကြံရေးသားဖြန့်ဝေမှုများကို အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ပြည်ဖျက် မီဒီယာများ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပူးပေါင်းကာ တစိုက်မတ်မတ် ကျူးလွန်လျက်ရှိသည်။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်ကို ပြည်သူလူထုက အထင် အမြင်လွဲမှားရေး၊ မုန်းတီးရေး၊ နိုင်ငံတကာအလယ်တွင် သိက္ခာချ ရေးတို့ဖြစ်ပြီး သတင်းအတု၊ သတင်းအမှားများကို တစ်နေ့ တစ်မျိုး မရိုးရအောင် လုပ်ကြံဖြန့်ချိနေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ ဂိုဒေါင်အချို့ မီးလောင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ တပ်မတော်နှင့် ဘင်္ဂါလီ များက ဖျက်ဆီး၊ လုယက်ခဲ့ခြင်းဖြစ်သည်ဟူသော မဟုတ်မမှန် သတင်းကို ဒရုန်းဖြင့်ရိုက်ကူးခဲ့သည့် ဓာတ်ပုံများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ ယင်းသတင်းတု၊ သတင်းအမှား၏ ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများက အထင်အမြင်လွဲမှားစေရန် ရန်တိုက်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာ့တပ်မတော်ကို အခြားကမ္ဘာ့နိုင်ငံများက ပြစ်တင်ရှုတ်ချ လာစေရန် လုပ်ကြံခြေထိုးလိုက်ခြင်းပင်ဖြစ်သည်။ ဖြစ်စဉ်အမှန် မှာ မောင်တောဒေသတွင်ရှိနေသည့် ဒုက္ခသည်များကို ထောက်ပံ့ ရန် ရည်ရွယ်ထားသည့်ပစ္စည်းများ သိုလှောင်ထားသည့် WFP ဂိုဒေါင်များကို AA က ဒရုန်းဖြင့် ဗုံးချမီးရှို့ခဲ့ခြင်းသာဖြစ်ပြီး မစားရသည့်အမဲ သဲနှင့်ပက်ခဲ့သည့် ၎င်းတို့၏လုပ်ရပ်ကို မြန်မာ့တပ်မတော်သို့ ကောက်ကျစ်ယုတ်မာစွာ လွှဲချခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်း ဖြစ်သည့် AA သည် တစ်ဖက်တွင် အစွန်းရောက်လူမျိုးရေးဝါဒ၊ လူမျိုးခွဲခြားမုန်းတီးရေးဝါဒတို့ဖြင့် လှုံ့ဆော်ကာ လက်နက်ကိုင် ပဋိပက္ခများ အရှိန်မြင့်တက်လာအောင် ဖန်တီးနေသော်လည်း အခြားမျက်နှာစာတစ်ဖက်တွင်မူ အကြီးစားမူးယစ်မှောင်ခိုအဖွဲ့ ဖြစ်လာနေသည်။ ယခင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ မူးယစ်ဂိုဏ်းများက ထုတ်လုပ်လိုက်သည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဖြတ်သန်းသယ်ဆောင်ပြီး ရခိုင်ပြည်နယ်နှင့် ပင်လယ်ပြင်မှတစ်ဆင့် အခြားနိုင်ငံများသို့ ပို့ဆောင်နေရာမှ ယခုနောက်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား များကို ရခိုင်ပြည်နယ်အတွင်း ထုတ်လုပ်ရန် ကြိုးပမ်းလာနေသည့် အထောက်အထားများကို တွေ့လာနေရသည်။ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်း၏ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူး မှုကို တစ်ဖက်နိုင်ငံမှ လုံခြုံရေးအဖွဲ့အစည်းများကလည်း ကောင်းစွာသိရှိထားပြီး သတိပြုစောင့်ကြည့်နေကြောင်း သတင်း များတွင် တွေ့ရှိရာ AA ၏ မူးယစ်မှောင်ခိုမှုသည်လည်း ဖုံးမရ ဖိမရသည့်အခြေအနေပင်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မြို့ဖျက်၊ ရွာဖျက် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများအားလုံးမှာ အစစ် အမှန်ပြည်သူလူထု၏ ပကတိဆန္ဒနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ပင်ဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသား၊ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် အခြေခံ ပြည်ထောင်စုနိုင်ငံကြီး အခိုင်အမာ တည်ဆောက်ကာ ကမ္ဘာ့နိုင်ငံများအလယ်တွင် ဂုဏ်ကျက်သရေ တင့်တယ်စေလိုသည်။ ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒ၊ သေးသိမ်သည့် လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေးမုန်းတီးမှုတို့မှာ မျက်မှောက်ကမ္ဘာတွင် လူရာမဝင်တော့။ နိုင်ငံနှင့် လူမျိုးတို့ ပျက်စီးရာပျက်စီးကြောင်းအတွက် ပြုလုပ်နေကြသည့် အကြမ်း ဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မီဒီယာများ၏ အဖျက် လုပ်ရပ်များကို တိုင်းရင်းသားနိုင်ငံသားပြည်သူတစ်ရပ်လုံးက သတိတမန် ဉာဏ်မြေကတုတ်ပြုကာ တွန်းလှန်တိုက်ဖျက်ကြရ ပါမည့်အကြောင်း။ ။
Remark Type