မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ONE-168 ပြိုင်ပွဲတွင် ပါဝင်လာ

 

ရန်ကုန်     ဇွန်     ၂၇


ပွဲထိုးသတ်ခွင့်ဝေးနေသည့် မြန်မာဖိုက်တာ အောင်လအန်ဆန်သည် စက်တင်ဘာ ၆ ရက်တွင်ကျင်းပမည့် ONE-168 ပြိုင်ပွဲတွင်  ၎င်း၏   တွဲဆိုင်းပြန်လည်ပါဝင်လာပြီး တစ်နှစ်ကျော်အကြာတွင် ပွဲထိုးသတ် ခွင့်ရရှိမည် ဖြစ်သည်။


စက်တင်ဘာ ၆ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၇ ရက်) တွင်  အမေရိကန်နိုင်ငံ၌  ကျင်းပမည့် ONE-168 ပြိုင်ပွဲတွင်  မြန်မာ  MMA  ဖိုက်တာ အောင်လအန်ဆန်နှင့် တူကီယဲနိုင်ငံသား ရှာမေးလ် အာဒိုဂန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။  

 

ONE  Championship          အဖွဲ့အစည်းနှင့်    သက်တမ်းတိုးစာချုပ်     ချုပ်ဆိုပြီးကတည်းက   ပွဲမရသေးသည့်    အောင်လအန်ဆန်သည် နောက်ဆုံးပွဲထိုးသတ်ပြီး တစ်နှစ်ကျော်ကြာမှ ပွဲထိုးသတ်ခွင့်ရခြင်းဖြစ်ပြီး အာဒိုဂန်နှင့် ထိုးသတ် ရမည်ဖြစ်ကြောင်း ဇွန် ၂၆ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၂၃ ခုနှစ် မေ ၅ ရက်တွင် တရုတ် နိုင်ငံသား ဖန်ယုံနှင့် ထိုးသတ်ပြီးကတည်းက ပွဲမရတော့ခြင်းဖြစ်ပြီး ၁၆  လကျော်ကြာမှသာ  ပွဲထိုးသတ်ခွင့်ရမည်ဖြစ်သည်။   အောင်လ အန်ဆန်သည်   ONE Championship  ၏  လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်ပြီး ချန်ပီယံခါးပတ်နှစ်ခု လက်လွှတ်ရပြီးနောက်ပိုင်း စိန်ခေါ်ပွဲ ငါးပွဲထိုးသတ်ထားရာ လေးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။   အောင်လအန်ဆန်သည်   နောက်ဆုံးသုံးပွဲ ဆက်တိုက်   အနိုင်ရထားသော်လည်း   ယခုပွဲကို    မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ်သာ ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် အာဒိုဂန်သည် နောက်ဆုံးပွဲကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ် နိုင်ငံသား ဖန်ယုံနှင့် ထိုးသတ်ထားပြီး နှစ်ဦးစလုံး အနိုင်ရရှိထားသည်။


အောင်လအန်ဆန်သည် ယခုပွဲတွင် ထပ်မံအနိုင်ရရှိပါက မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်နိုင်ရန် အခွင့်အရေးရလာဖွယ် ရှိနေသည်။                        

ညီမြတ်သော်တာ
ဓာတ်ပုံ-ONE Championship