
မိုးဇက် - ရေးသားသည်
ဆွစ်ဇာလန် & အီတလီ
ဆွစ်ဇာလန် - အီတလီ၊ ည ၁၀:၃၀
ဆွစ်ဇာလန်အသင်းက အုပ်စုတွင်းပွဲစဉ်မှာ အိမ်ရှင်ဂျာမနီအသင်းကိုပင် သရေကျအောင် ကစားထားနိုင်တယ်။ ပြိုင်ဘက်ကို တစ်ဖက်သတ် ဖိအားပေးကစားထားနိုင်ခြင်း မရှိသည့်တိုင် အခက်တွေ့အောင် ကစားနိုင်ပြီး ရရှိလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချနိုင်စွမ်း ဆွစ်ဇာလန်အသင်းမှာ ရှိတယ်။ လက်ရှိချန်ပီယံ အီတလီအသင်းက ပြိုင်ဘက်ကို သာလွန်တဲ့ကစားကွက်အခင်းအကျင်းနဲ့ ကစားထား နိုင်ပေမယ့် အဆုံးသတ်ပိုင်း အားနည်းလေ့ရှိတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်းမှာ ဆွစ်ဇာလန် အသင်းထက် အီတလီအသင်းက သာလွန်တဲ့အဆင့်တစ်ခုမှာရှိတယ် ဆိုသော်ငြား ပုံမှန်ထက်ကစားအားကျဆင်းခဲ့ရင် ပေးဆပ်မှုကြီးမား သွားနိုင်တယ်။
ဂျာမနီ & ဒိန်းမတ်
ဂျာမနီ - ဒိန်းမတ်၊ နံနက် ၁:၃၀
ဂျာမနီက ဒိန်းမတ်အသင်းထက် တိုက်စစ်ပိုင်းထက်မြက်မှုရှိတဲ့ အပြင် ခံစစ်ပိုင်းကလည်း မာကျောမှုရှိတယ်။ သို့သော်လည်း ဒိန်းမတ်အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် ဂျာမနီအသင်း သွင်းဂိုး ရရှိရေး အခက်တွေ့နိုင်တယ်။ နှစ်သင်းစလုံးမှာ အရည်အသွေးမြင့် ထိပ်တန်းကစားသမားတွေ အများအပြားရှိတာကြောင့် ယခင်ပွဲစဉ် တွေကထက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ပြီး အကြိတ်အနယ်ရှိလာ မှာပါ။
မည်သို့ပင်ဆိုစေ အိမ်ရှင်ဂျာမနီအသင်းရဲ့ တိုက်စစ်ကို ဒိန်းမတ် အသင်း ပွဲချိန်ပြည့်ဟန့်တားဖို့မလွယ်ဘူး။ ဒါ့အပြင် ဒိန်းမတ်ရဲ့ ခြေစွမ်းက အိမ်ရှင်ဂျာမနီအသင်းကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်တဲ့အထိလည်း လုံလောက်မှုမရှိဘူး။