ပိုမိုအရေးပါလာသည့် ဘန်ဒေါင်းမူကြီးငါးရပ်

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်‌ရေးမူကြီး (၅) ရပ်သည် ၁၉၅၄  ခုနှစ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ အိန္ဒိယနှင့်မြန်မာ ခရီးစဉ်အတွင်း  စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ရာ  ယခုနှစ်တွင် နှစ်ပေါင်း(၇၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်  နယူးဒေလီမြို့တွင်   အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် လည်းကောင်း၊ ဇွန်လ ၂၉ ရက် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည်လည်းကောင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ် သည်။ ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ ညီလာခံတွင် အဆိုပါ မူကြီး (၅) ရပ်ကို  အာရှ၊ အာဖရိကနိုင်ငံပေါင်း ၂၉ နိုင်ငံက သဘောတူအတည်ပြုခဲ့ကြသည်။
“ဘန်ဒေါင်းမူ ငါးရပ်”  ဟူ၍လည်း   လူသိများကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်မှာ- တစ်နိုင်ငံ ၏   နယ်မြေတည်တံ့မှုနှင့်   အချုပ်အခြာအာဏာ    ပိုင်ဆိုင်မှုကို တစ်နိုင်ငံက  လေးစားရန်၊   တစ်နိုင်ငံနှင့်တစ်နိုင်ငံ  ကျူးကျော် တိုက်ခိုက်မှု မပြုရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စ များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ် နိုင်ငံ တန်းတူရည်တူရှိပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ဟူ၍ဖြစ်သည်။ နှစ်ပေါင်း ၇၀ သက်တမ်းရှည်ကြာကာလအတွင်း နိုင်ငံတကာဆက်ဆံရေး တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် စံအပြုအမူများ ဖြစ်လာသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား ပဋိပက္ခများ ဖြစ်ပေါ်မှုကို ရှောင်လွှဲနိုင်ရန်အတွက် မူကြီး(၅)ရပ် သည် ပဉ္စသီလသဖွယ်ပင်ဖြစ်ပြီး ယင်းသီလများကို စောင့်ထိန်း လိုက်နာကြခြင်းအားဖြင့် နိုင်ငံများအကြား ပဋိပက္ခများ ဖြစ်ပေါ် လာစေမည့် အကြောင်းရင်းခံတို့ကို ဖယ်ရှားနိုင်ကြမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်  ဦးဆောင်သည့်   မြန်မာ ကိုယ်စားလှယ်အဖွဲ့    တက်ရောက်ခဲ့သည့်    ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ် ချမှတ်ခဲ့သည့် နှစ်(၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် မြန်မာ၊ အိန္ဒိယတို့နှင့် ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ   ငါးရပ်ကို    အဓိကထားကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး မျက်မှောက်ကာလ ကမ္ဘာ့အခြေအနေ များအရလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်၏ အနှစ်သာရများမှာ ပိုမိုအလေးထားရန် လိုအပ်လာနေသည် ဟုလည်း တရုတ်သမ္မတရှီက ပြောကြားခဲ့ကြောင်း သတင်းများ အရ သိရှိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ကို ထည့်သွင်းရေးဆွဲထားသလို တရုတ်နိုင်ငံတွင် ကျင့်သုံးသည့် နိုင်ငံခြားရေးမူဝါဒ၏   အခြေခံအုတ်မြစ်မှာလည်း   ၎င်းမူကြီး (၅) ရပ်ပင်ဖြစ်ရာ   ကမ္ဘာ့အင်အားကြီးနိုင်ငံ   တစ်နိုင်ငံအဖြစ် တက်လှမ်းလာနေသည့် တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးကို ပိုမိုအထောက်အကူပြုလာနိုင်သည်ဟု ရှုမြင်နိုင်သည်။
မြန်မာနိုင်ငံသည် ဘန်ဒေါင်းမူ ငါးရပ်ကို စတင်ချမှတ်သည့် သုံးနိုင်ငံတွင် အဝင်အပါဖြစ်ပြီး ကျန်နှစ်နိုင်ငံနှင့် နယ်နိမိတ်အရ လည်း ထိစပ်နေသည့် နိုင်ငံဖြစ်သည်။ အရှိန်အဟုန်နှင့်ဖွံ့ဖြိုး တိုးတက်နေသည့် နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ ပါဝါအရွှေ့အပြောင်းများနှင့် အားပြိုင်မှုများ၏ ရိုက်ခတ်မှုများမှာ ပြည်တွင်းပဋိပက္ခများရှိနေသည့် မြန်မာနိုင်ငံ အဖို့ စိန်ခေါ်မှုများပင် ဖြစ်သည်။ ယနေ့ ကမ္ဘာ့နိုင်ငံရေးစင်မြင့် ထက်တွင် နိုင်ငံအချင်းချင်းတန်းတူရည်တူ ဆက်ဆံရေး၊ နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးစသည့် အကျင့်သီလတို့ ကျိုးပေါက်နေပြီး ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံး မှုများ၊    လက်လွတ်စပယ်  ဖိအားပေးပိတ်ဆို့နှိပ်ကွပ်မှုများနှင့် နိုင်ငံတကာပဋိပက္ခများဆီသို့     အဆင်အခြင်မဲ့စွာ     ဦးတည် လုပ်ဆောင်နေကြသည့်ကာလတွင်    ငြိမ်းချမ်းစွာ   အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်သည် ပိုမို၍ လေးနက်စွာ အရေးပါလာ သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်အဖြစ် အခိုင်အမာချမှတ်ကြရပါမည့်အကြောင်း။        ။