
ရန်ကုန် ဇွန် ၂၉
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်ဇယားထုတ်ပြန်လိုက်ပြီဖြစ်ပြီး အသင်းစုစုပေါင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပထမအကျော့ပွဲစဉ်များကို ဇူလိုင် ၂၃ ရက်မှ စက်တင်ဘာ ၁၁ ရက်၊ ဒုတိယအကျော့ပွဲစဉ်များကို အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ လာမည့်ရာသီ MNL-2 ပြိုင်ပွဲတွင် MNL မှ တန်းဆင်းလာရသည့် ကချင်ယူနိုက်တက်၊ GFA အသင်းအပါအဝင် တက္ကသိုလ်၊ Glory Goal၊ ရွှေပြည်သာယူနိုက်တက်၊ ငွေကြယ်ပွင့်၊ MNL-2 Promotion Amateur Club Tournament 2023 ပြိုင်ပွဲတွင် ဗိုလ်လုပွဲရောက်ရှိပြီး တန်းတက်ကစားခွင့်ရရှိသည့် ရာမညယူနိုက်တက် (ယခင် Rainbow FC)၊ ဧရာဝတီရိန်းဂျား (ယခင် ရိန်းဂျား) အသင်းစုစုပေါင်း ရှစ်သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ် (၁) အဖြစ် ဇူလိုင် ၂၃ ရက်တွင် ပဒုမ္မာကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ တက္ကသိုလ်ကွင်း၌ GFA အသင်းနှင့် ဧရာဝတီရိန်းဂျားအသင်း၊ ဇူလိုင် ၂၄ ရက်တွင် တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့် ငွေကြယ်ပွင့်အသင်း၊ စလင်းကွင်း၌ Glory Goal အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပြိုင်ပွဲကို တက္ကသိုလ်ကွင်း၊ စလင်းကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် နှစ်သင်းမှာ MNL သို့ တန်းတက်ကစားခွင့်ရမည်ဖြစ်သည်။
ရဲရင့်လွင်