၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်ထုတ်ပြန် သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ ဒသမ ၂ သန်းရှိသည့်အနက် အမျိုးသားဦးရေ ၂၆ ဒသမ ၈ သန်းနှင့် အမျိုးသမီးဦးရေ ၂၉ ဒသမ ၄ သန်းရှိနေသည်။ အမျိုးသမီးဦးရေသည် ရာခိုင်နှုန်းအား ဖြင့် ၅၂ ရာခိုင်နှုန်းကျော်ဖြစ်ရာ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော် အင်အားရှိနေခြင်းပင်ဖြစ်သည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံ့လူဦးရေ ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် အရေးပါသည့် အင်အားစုကြီးဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း သည် ရှေးအစဉ်အလာအားဖြင့်ပင် အမျိုးသမီးနှင့် အမျိုးသား အခွင့်အရေး သာတူညီမျှမှုကို အသိအမှတ်ပြုခဲ့သည်။ မိသားစုနှင့် လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးနှင့် အမျိုးသား တန်းတူရည်တူ ရှိခဲ့သလို နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားဆိုင်ရာ နယ်ပယ်အသီးသီး တို့တွင်လည်း အမျိုးသားများနှင့် ရင်ပေါင်တန်းကာ မြန်မာ အမျိုးသမီးများပါဝင်ဆောင်ရွက်ခွင့်ရှိခဲ့ကြသည်။ မြန်မာ့သမိုင်း တစ်လျှောက်တွင် ထူးချွန်ထက်မြက်သည့် မြန်မာအမျိုးသမီး များ၊ ဂုဏ်ယူဖွယ်၊ စံနမူနာပြုဖွယ်ရာ မြန်မာအမျိုးသမီးများမှာ နယ်ပယ်အသီးသီးတို့တွင် များစွာပေါ်ထွန်းခဲ့သည်ကို တွေ့ရှိနိုင် သည်။
၁၉၉၅ ခုနှစ် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာ ကိုယ်စားလှယ်များလည်း အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ရာ အဆိုပါညီလာခံမှ နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်ဟူသော လုပ်ငန်းစဉ်နှစ်ရပ် ချမှတ်ခဲ့သည်။ ယင်းလုပ်ငန်းစဉ်အရ ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီ စတင်ဖွဲ့စည်းပေါ်ပေါက်လာခဲ့ရာ ယင်းနေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်း ခဲ့ပြီး ၁၉၉၈ ခုနှစ်မှစကာ မြန်မာအမျိုးသမီးတို့၏ ထူးချွန် ထက်မြက်သည့် စွမ်းဆောင်ရည်၊ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ် တို့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ် မြောက်မှုနှုန်းသည် အမျိုးသားစာတတ်မြောက်မှုနှုန်းအောက် ၆ ရာခိုင်နှုန်းခန့် လျော့နည်းပြီး အသက် ၁၅ နှစ်နှင့်အထက် လူဦးရေတွင် လုပ်သားအင်အားပါဝင်မှုနှုန်းတွင်လည်း အမျိုးသမီး လုပ်သားအင်အားပါဝင်မှုနှုန်းမှာ အနည်းငယ်လျော့နည်းလျက် ရှိသည်။ အဆိုပါကိန်းဂဏန်းအချက်အလက်များအရ အမျိုးသမီး ငယ်ရွယ်များ ပညာသင်ကြားတတ်မြောက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ရေးတို့အတွက် အဘက်ဘက်မှမြှင့်တင်မှုများ ဆောင်ရွက်ပေးရန်လိုအပ်လျက် ရှိသည်။
နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများမှာ နိုင်ငံတော်အတွက် အရေးပါသည့် အင်အားစုကြီးဖြစ်သည်နှင့် အညီ အဖိုးတန်သည့် လူသားအရင်းအမြစ်ဖြစ်လာစေရန် ပြုစု ပျိုးထောင်ပေးသွားကြရမည်ဖြစ်သည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်ရွယ်များကို စာတတ်မြောက်ရေး၊ ပညာရေး ပြီးဆုံးမှုမြင့်မားရေး၊ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက် ရေး၊ ကျွမ်းကျင်မှုများမြှင့်တင်ရေးတို့ကို ဝိုင်းဝန်းအားပေး ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကြီး တည်ဆောက် ရေးတွင် မြန်မာအမျိုးသမီးထုကြီး၏ အင်အားစွမ်းဆောင်ရည်များ ဖြင့် တစ်တပ်တစ်အား ထမ်းရွက်နိုင်ကြပါစေကြောင်း။ ။
Remark Type