တို့များအလေးထား အမျိုးသမီးစွမ်းပကား

Type
5

 

 လင်းလက်မေမေ
 

ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် အမျိုးသမီးများဖြစ်ကြပေရာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် များတွင်  အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုအင်အားသည် အလွန်အရေးကြီးလှသည်။ အလားတူ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၆ ဒသမ ၂ သန်းတွင် အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုး သမီး ၂၉ သန်းကျော်ရှိရာ ၅၂ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြသည့်အတွက် အမျိုးသမီးများ၏ စွမ်းပကားကို အခြေပြုပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
အမျိုးသမီးများသည်    ပင်ကိုအားဖြင့်      မိခင် စိတ်ရှိခြင်း၊       စိတ်နှလုံးနူးညံ့ခြင်း၊   ခန္ဓာကိုယ် ပျော့ပျောင်းခြင်း အစရှိသော   သဘာဝတရားများ ကြောင့် အားနွဲ့ပျော့ပျောင်းသူများအဖြစ် သတ်မှတ် ရှုမြင်ခံကြရသည်။ တစ်ဖက်ကကြည့်လျှင်လည်း အမျိုးသမီးများသည်   အရေးကြုံလာလျှင်   ရဲရင့် ပြတ်သားခြင်း၊ သန်မာသောစိတ်ဓာတ်ဖြင့် အခက်အခဲ များအား  ရင်ဆိုင်ကျော်လွှားနိုင်ခြင်း၊ ဉာဏ်အမြော် အမြင်ကြီးမားစွာဖြင့် ဆုံးဖြတ်ချက်ချမှတ်တတ်ခြင်း များလည်း    လုပ်ဆောင်နိုင်ကြသူများဖြစ်သည်။
မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ     မိသားစုတစ်စု အတွင်း၌   အိမ်ထောင်ဦးစီး   အမျိုးသားများ၏ အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ အိမ်ရှင်မများ ဖြစ်သည့်  အမျိုးသမီးများ၏  အခန်းကဏ္ဍသည် လည်း များစွာအရေးပါလှသည်။ အိမ်ထောင်ဦးစီး အမျိုးသားရှာဖွေပေးသော ငွေကြေးကို မိသားစု တစ်စုလုံးအတွက် လောက်ငစေရန် စီမံခန့်ခွဲခြင်း၊ ခြိုးခြံချွေတာခြင်းတို့ကို အိမ်ရှင်မဖြစ်သူ အမျိုးသမီး များက စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုသည့်အတိုင်း  စနစ်တကျ စီမံဆောင်ရွက်ကြရသည်။ 
ယနေ့ခေတ်တွင်   အမျိုးသားများနှင့်တန်းတူ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုသကဲ့သို့ အိမ်ပြင်ပ တွင်   အလုပ်လုပ်ကိုင်သူ   အမျိုးသမီးများလည်း များပြားစွာရှိကြသည်။    ထိုသို့   အိမ်ပြင်ပတွင် အလုပ်လုပ်ကိုင်သူချင်းအတူတူ အမျိုးသားများသည် အိမ်သို့ပြန်ရောက်လျှင် အေးဆေးစွာ အနားယူနိုင် သော်လည်း အမျိုးသမီးများသည် အိမ်ပြန်ရောက် ချိန်တွင် သားသမီးများ၏ ဝေယျာဝစ္စများ၊ အိမ်မှု ကိစ္စများနှင့်  မိသားစုဝင်များအတွက် စားသောက် ရေးကိစ္စများကို လုပ်ကိုင်ကြရသည်။ 
အိမ်ပြင်ပတွင်  အလုပ်လုပ်ကိုင်သူ အမျိုးသမီး များရှိသကဲ့သို့   သားသမီးများ၊   မိသားစုဝင်များ အပေါ် ပိုမိုပြုစုစောင့်ရှောက်နိုင်ရေးအတွက် မိမိတို့ ၏ ဝါသနာ၊ ပညာရပ်များကို စွန့်လွှတ်ကာ ပြင်ပ အလုပ်မလုပ်ဘဲ အိမ်ထောင်မှုထိန်းသိမ်း၍ မိသားစု များအတွက် လုပ်ကိုင်ဆောင်ရွက်ပေးသူ အမျိုးသမီး များလည်း များစွာရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ မိသားစုအတွင်း မတူကွဲပြားသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍများ၊ စွမ်းပကားများကို အသိအမှတ်ပြု တန်ဖိုးထားရမည်ဖြစ်သည်။
အစဉ်အလာကြီးမား မြန်မာအမျိုးသမီးများ
ရှေးအစဉ်အလာကတည်းက မြန်မာအမျိုးသမီး များသည်     မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ယဉ်ကျေးသိမ်မွေ့စွာ ဣန္ဒြေသိက္ခာရှိစွာ နေထိုင်လေ့ ရှိကြသည်။    “မိန်းမတို့ဣန္ဒြေ   ရွှေပေး၍မရ”၊ “ဗိုင်းကောင်းကျောက်ဖိ”ဟူ၍ မြန်မာအမျိုးသမီးတို့ ၏     ဣန္ဒြေသိက္ခာကြီးမားပုံကို    ဆိုရိုးစကားဖြင့် တင်စားခဲ့ကြသည်။ မြန်မာအမျိုးသမီးများသည် ဘာသာတရားအဆုံးအမနှင့်အညီ    ကိုယ်ကျင့် တရား စောင့်ထိန်းကာ ခင်ပွန်းသည်များအပေါ်တွင် တစ်ယောက်ဆိုတစ်ယောက် သစ္စာတရားထားရှိ၍ သေတစ်ပန်သက်ဆုံး    ပေါင်းသင်းလေ့ရှိကြသည်။ အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို့ကဲ့သို့ တော်လေးဝဝင် အမျိုးသမီးများသည် ခင်ပွန်းသည်များအပေါ် သစ္စာ ရှိသော   သမိုင်းတွင်သည့်   စံပြအမျိုးသမီးများ ဖြစ်ကြသည်။
ခေတ်အဆက်ဆက်တွင်    မြန်မာအမျိုးသမီး တို့၏   စွမ်းဆောင်မှုများ၊  စွမ်းပကားများသည် ဂုဏ်ယူဖွယ်၊  စံပြအားထားဖွယ် သမိုင်းမှတ်တမ်းသာဓကများရှိခဲ့သည်။   လူမှုဝန်ထမ်းလုပ်ငန်းကို ပထမဦးဆုံးစတင်ခဲ့သူ ဒေါ်ဦးဇွန်း(၁၈၆၈-၁၉၄၄)၊ ပထမဆုံးမြန်မာအမျိုးသမီး   မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ(၁၈၈၇-၁၉၇၄)၊ မြန်မာအမျိုးသမီးများ တွင် ဆေးပညာ(F.R.C.S)ဘွဲ့ကို ပထမဆုံးဆွတ်ခူး ရရှိခဲ့သူ ဒေါက်တာစောဆ(၁၈၈၄-၁၉၆၂)၊ မြန်မာ နိုင်ငံသား အမျိုးသမီးများထဲမှ ပထမဦးဆုံးအမ်အေ (သုတေသနအထူးပြု)ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ် မှ    ဘီလစ်ဘွဲ့များရရှိခဲ့သော   သမိုင်းပညာရှင် ဒေါ်မြစိန်(၁၉၀၄-၁၉၈၈)၊ မြန်မာနိုင်ငံနှင့် မြန်မာ့ တပ်မတော်တွင်   တစ်ဦးတည်းသော  အမျိုးသမီး သူရဘွဲ့ရရှိသူ သူရမချစ်ပို (၁၉၀၇-၁၉၄၉)၊ ပထမ ဆုံး မြန်မာ့ကာတွန်းဆရာမ ဒေါ်သိန်းရှင် (၁၉၀၆-၁၉၆၆)၊  ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ အမျိုးသမီး ဒေါ်ကြည်ကြည်ဌေး (၁၉၂၄-၂၀၀၀) အစရှိသည့် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများပေါ်ပေါက် ခဲ့သည်။
ယနေ့ခေတ်၌လည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေးကဏ္ဍများအပြင် သိပ္ပံနှင့်နည်းပညာကဏ္ဍများ တွင်  ဘက်စုံထူးချွန်သူ အမျိုးသမီးများ  များစွာ ပေါ်ထွန်းနေပြီဖြစ်သည်။ အမျိုးသမီးများကိုယ်တိုင် ကလည်း မိမိတို့၏ စွမ်းရည်များ၊ စွမ်းပကားများအား တန်ဖိုးထား အလေးထားကာ မိမိတို့ဘဝရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်က ထင်ရှားကျော်ကြားခဲ့သည့်   အမျိုးသမီးများ၏ လေးစားဖွယ်ဂုဏ်ရည်များ၊   စွမ်းပကားများကို အတုယူကာ ကြိုးစားကြရမည်ဖြစ်သည်။ အားလပ် ချိန်တွင်   အချိန်ကိုအကျိုးရှိစွာ အသုံးချ၍  မိမိတို့ အတွက်အကျိုးရှိမည့် စာပေများအား ဖတ်ရှုလေ့လာ ခြင်း၊ မိမိဝါသနာပါရာ ဘာသာရပ်များအားလေ့လာ ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအား သင်ကြားခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။  
မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာအမျိုးသမီး များ၏ စွမ်းပကားများအား အသိအမှတ်ပြုတန်ဖိုး ထားသည့်အနေဖြင့်      မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၈ ခုနှစ်မှ စတင်ကာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် ၂၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အမျိုးသမီးများအနေဖြင့်   အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိရန်၊       ခွဲခြားဆက်ဆံမှု ကင်းဝေးစေရန်၊    အမျိုးသမီးများ   ဖွံ့ဖြိုးတိုးတက် စေရေး      နိုင်ငံအသီးသီးကြား   ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့အမျိုးသမီးညီလာခံများကို ကျင်းပ ပြုလုပ်ခဲ့ရာ     ၁၉၇၅    ခုနှစ်တွင်   ပထမဆုံး ကမ္ဘာ့ အမျိုးသမီးညီလာခံကို   မက္ကဆီကိုနိုင်ငံ   မက္ကဆီကို မြို့၌ လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်တွင် ဒုတိယ အကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂိုမြို့၌လည်းကောင်း၊  ၁၉၈၅  ခုနှစ်တွင် တတိယအကြိမ်      ကမ္ဘာ့အမျိုးသမီးညီလာခံကို ကင်ညာနိုင်ငံ  နိုင်ရိုဘီမြို့၌လည်းကောင်း၊  ၁၉၉၅ ခုနှစ်တွင် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့၌လည်း ကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယ အကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံတွင် UN Decade for Women ကို ချမှတ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကျင်းပခဲ့သော   စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီး ညီလာခံ၌ Beijing Platform for Action (BPFA) အား ချမှတ်ခဲ့ပါသည်။ BPFA တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုအတွက်  ပညာရေး၊  ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့်       အကြမ်းဖက်မှု ပပျောက်ရေးကဏ္ဍ အစရှိသည့် ဦးစားပေးနယ်ပယ် ၁၂ ရပ်ဖြင့် ရေးဆွဲထားသည့်အတွက် ကမ္ဘာတစ်ဝန်း အမျိုးသမီးအခွင့်အရေးနှင့်    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား   အကောင်အထည်ဖော်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
Beijing Platform for Action (BPFA) အရ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ အပေါ်   နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ  တားဆီး ကာကွယ်ရေးတို့အတွက် နိုင်ငံတော်အဆင့် ယန္တရား တစ်ခုဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက် နေ့တွင်  စတင်ဖွဲ့စည်းခဲ့သည်။   မြန်မာနိုင်ငံလုံး ဆိုင်ရာ        အမျိုးသမီးရေးရာကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်         တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာများ၊     အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက    အဖွဲ့ဝင်အဖြစ်   ပါဝင် ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာ ကော်မတီအစည်းအဝေးတွင် နှစ်စဉ်ဇူလိုင်လ ၃   ရက်နေ့ကို   မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကာ   အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရန် သဘောတူညီခဲ့ကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ    အမျိုးသမီးရေးရာ ကော်မတီကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ နိုင်ငံတော်သမ္မတရုံး၊   လူမှုရေးနှင့်  ယဉ်ကျေးမှု ဌာနကြီး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစား မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။    အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက်  တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီများကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
အမျိုးသမီးများစွမ်းပကားတိုးတက်ရန် အဓိကသော့ချက်
အမျိုးသမီးများ၏      စွမ်းဆောင်ရည်များ၊ စွမ်းပကား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အဓိသော့ ချက်မှာ စာတတ်မြောက်မှုဖြစ်သည်။ စစ်တမ်းများ ၏  ဖော်ပြချက်အရ   ကမ္ဘာတစ်ဝန်း   အမျိုးသမီး စာတတ်မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၇၃ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၈၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာသည်ကို တွေ့ရှိရ သည်။ အာဆီယံဒေသတွင်း၌ အမျိုးသမီးစာတတ် မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၈၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး  ၂၀၂၃ ခုနှစ်တွင် ၉၅ ဒသမ ၁  ရာခိုင်နှုန်း  တိုးမြင့်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လည်း  အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၇၃  ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၈၅  ရာခိုင်နှုန်း တိုးမြင့်နေပြီဖြစ်သည်။
အမျိုးသမီးစာတတ်မြောက်မှုနှုန်း တိုးမြင့်ခြင်း သည် ကျား၊ မ တန်းတူညီမျှရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိရေးအတွက်      အရေးပါသောအချက် ဖြစ်သည်။  အနာဂတ်၏  မျိုးဆက်သစ်ရတနာများ အား မွေးထုတ်ပေးနိုင်သည့်   အမျိုးသမီးများအနေဖြင့် စာတတ်မြောက်ရန် အထူးလိုအပ်သည်။ စာတတ် မြောက်သော မိခင်တစ်ဦးသည် ၎င်း၏သားသမီးများ ကို  ပြုစုပျိုးထောင်ရာတွင်  အမှားအမှန် ဝေဖန် ပိုင်းခြား၍ မှန်ကန်သောနည်းလမ်းဖြင့် ပျိုးထောင် နိုင်မည်ဖြစ်ရာ  တိုင်းပြည်၏ အနာဂတ်အတွက် တန်ဖိုးရှိလှသော လူတော်လူကောင်းမျိုးဆက်သစ် များ တိုးပွားလာမည်ဖြစ်သည်။ ပညာတတ် အမျိုး သမီးတစ်ဦးသည် မိမိကိုယ်တိုင်သာမက မိသားစု ကိုပါ ကျန်းမာစွာ နေထိုင်တတ်စေရန် လမ်းညွှန်မှု ပေးနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရန် စွမ်းဆောင်နိုင် မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ သားသမီးများ အတွက် ပညာရေးကိုပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး ဆင်းရဲ နွမ်းပါးမှုသံသရာကို ချိုးဖျက်နိုင်မည်ဖြစ်သည်။ 
အတန်းပညာမသင်ယူနိုင်သည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ၎င်းတို့၏ဘဝ ရေရှည် ရပ်တည်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန် ပံ့ပိုးပေးရမည်ဖြစ်သည်။ အမျိုးသမီး များအတွက် ပညာသင်ယူနိုင်သည့် အခွင့်အလမ်း များပံ့ပိုးခြင်း၊ ပညာသင်ဆုနှင့် ငွေကြေးအကူအညီ များ ပံ့ပိုးခြင်းနှင့် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ပေးခြင်းဖြင့်  အမျိုးသမီးများ၏  စွမ်းဆောင်နိုင်မှု ပိုမိုတိုးမြင့်လာမည်ဖြစ်ပြီး သာတူညီမျှသည့် လူမှု အဖွဲ့အစည်းဖြစ်လာစေရန် အထောက်အကူပြု နိုင်မည်ဖြစ်သည်။
ကမ္ဘာတစ်ဝန်း ကျား၊ မ အခြေပြု အလုပ်အကိုင် ရရှိမှုစစ်တမ်း(၂၀၂၃)အရ  ၂၀၂၀  ပြည့်နှစ်တွင် အလုပ်ရရှိသူ အမျိုးသား ၆၆ ဒသမ ၅၇ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၄၃ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အလုပ်ရရှိသူအမျိုးသား ၆၇ ဒသမ ၈၆ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၃ ဒသမ ၈၂ ရာခိုင် နှုန်းဖြစ်ရာ   အမျိုးသားနှင့်  အမျိုးသမီးအကြား အလုပ်အကိုင်ရရှိမှုအခြေအနေမှာ သိသာစွာ ကွာဟ နေဆဲဖြစ်သည်။ သို့ဖြစ်ရာ အလုပ်အကိုင်အသီးသီး အတွက်  လိုအပ်သော ကျွမ်းကျင်မှုများရရှိစေရန် အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့်အစီအစဉ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ     ပံ့ပိုးပေးခြင်းများ၊   အိမ်တွင်း အသေးစားစီးပွားရေးလုပ်ငန်းများ   စတင်နိုင်ရန် အရင်းအနှီးမတည်ပေးခြင်း၊       အတိုးမဲ့ချေးငွေ ထုတ်ပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးရမည် ဖြစ်သည်။
ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်နေသည်နှင့်အမျှ   အမျိုးသမီးများသည်   ခေတ်နှင့် လျော်ညီစွာ နည်းပညာကို လက်လှမ်းမီသုံးစွဲတတ် ရန်   လိုအပ်လှသည်။   အလုပ်အကိုင်ရရှိမှုနှင့် လုပ်ငန်းခွင်၌သာမက စီးပွားရေးလုပ်ငန်းများတွင် နည်းပညာသည်   အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်း ၍   နည်းပညာကို အသုံးပြုဆောင်ရွက်နိုင်စေရန် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ် (Science,   Technology   Engineering and Mathematics-STEM)တို့အား  အမျိုးသမီးများ၊ မိန်းကလေးငယ်များအနေဖြင့်   လေ့လာသင်ယူ တတ်မြောက်စေလိုသည်။ ထို့အပြင် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များအနေဖြင့်  မိမိတို့အပေါ် နည်းပညာအသုံးပြု၍ အကြမ်းဖက်မှုမခံရစေရန် Digital Literacy ကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်သည်။
အမျိုးသမီးစွမ်းပကားတိုးတက်စေရန် နိုင်ငံတော်၏ဆောင်ရွက်ချက်များ
လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊  အမျိုးသမီးများ အပေါ်   အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်   တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်       ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ        လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အမျိုး သမီးများအပေါ်   အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲကို   ဖွဲ့စည်းကာ  လုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။ 
ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင် မှုဖြင့်   အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂)ကို အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခဲ့ပြီး ယခုအခါ NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။  NSPAW  Phase II တွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလုပ်ငန်းနယ်ပယ်များဖြစ်သော  ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေး၊ အကြမ်းဖက်မှုပပျောက်ရေး     စသည့်လုပ်ငန်း နယ်ပယ်  ၁၂  ရပ်အား  သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ စွမ်းပကား များ၊ ဖွံ့ဖြိုးတိုးတက်မှုများအား ယုတ်လျော့စေနိုင် သဖြင့်  အမျိုးသမီးငယ်ရွယ်သူများအပေါ်   လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို   ထိရောက်စွာ   ကာကွယ် စောင့်ရှောက်ပေးနိုင်ရန်အတွက်   အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို စိစစ်ဆောင်ရွက်လျက်ရှိသည်။ ကလေး သူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများ၊   သက်ငယ်မုဒိမ်းမှုများ  ကြုံတွေ့လာပါက အလွယ်တကူတိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် (၀၆၇-၄၀၄၂၂၂)နှင့် (၀၆၇-၄၀၄၉၉၉) တို့ဖြင့်  ၂၄ နာရီ ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်၍ Helpline ဖုန်းခေါ်ဆိုတိုင်ကြားမှုအပြင် Viberနှင့် Facebook Page များတွင် စာတိုပေးပို့တိုင်ကြား နိုင်ပြီး ယခုအခါ ဝန်ဆောင်မှုရယူသူများ ဖုန်းခေါ်ဆို ရာတွင်   မှတ်သားခေါ်ဆိုရန်  လွယ်ကူသည့်  အထူး ချိတ်ဆက်ဖုန်းနံပါတ်    ၁၅၆၆  သို့  ဆက်သွယ် တိုင်ကြားနိုင်ပြီဖြစ်သည်။
အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်နိုင်ရန် စရိတ်ထောက်ပံ့ပေးခြင်း၊ နားခိုရန် နေရာစီစဉ်ပေး ခြင်းနှင့် အခြားသောဝန်ဆောင်မှုများရရှိနိုင်စေရေး တွန်းပို့ချိတ်ဆက်ပေးခြင်းများကို လူမှုဝန်ထမ်းဦးစီး ဌာနမှ လေ့ကျင့်ပေးထားသော လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ(Case Manager)များဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်ခံရသော အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီ လက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် One Stop Women Support Center -OSWSC များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင် မှုများ ပံ့ပိုးပေးလျက်ရှိသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည်  အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားစေရန်၊ အသေးစား အိမ်တွင်း စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်ရည်ရွယ်၍ အိမ်တွင်းမှုသက်မွေးလုပ်ငန်း   ပညာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်း၊ မုန့်မျိုးစုံသင်တန်းအစရှိသည့် အိမ်တွင်းမှုသက်မွေး ပညာရပ်များ သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် သင်တန်းကျောင်းအခြေပြု အမျိုးသမီးစောင့်ရှောက် ရေးလုပ်ငန်းအနေဖြင့်   အမျိုးသမီးကလေးများ သင်တန်းကျောင်း   သုံးခု၊   အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဌာန   နှစ်ခု၊   အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း လေးခုနှင့် အမျိုးသမီး များ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာန   တစ်ခုကို   ဖွင့်လှစ်ထားပြီး  လူမှုရေးအရ အကြောင်းအမျိုးမျိုးကြောင့်      စောင့်ရှောက်မှု လိုအပ်သော   အမျိုးသမီးများအတွက်  ကာကွယ် စောင့်ရှောက်မှုပေးခြင်း၊ ၎င်းတို့၏ ဘဝရပ်တည်ရေး အတွက် ကျောင်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာများ   သင်ကြားပေးခြင်းတို့ကို  ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း  (Convention  on  the Elimination of All forms of Discrimination Against Women-CEDAW)အား  မြန်မာနိုင်ငံအနေ ဖြင့်   ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး  အာဆီယံအမျိုး သမီးကော်မတီ (ASEAN Committee on Women-ACW)၊  အာဆီယံအမျိုးသမီးနှင့်   ကလေးသူငယ် အခွင့်အရေးများ    ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promotion and Protection of Rights of Women and Children-ACWC)နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍ(ASEAN Women for Peace and Registry-AWPR) တို့တွင် ပါဝင်၍  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအခွင့်အရေးဖော်ဆောင်ခြင်းနှင့်   အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက် ရှိသည်။
အမျိုးသမီးစွမ်းပကားဖြင့် 
နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်ကြပါစို့
တိုင်းပြည်၏ အနာဂတ်သည်  မျိုးဆက်သစ် လူငယ်များ၏လက်တွင်   တည်ရှိသည်ဟုဆိုလျှင် ကျန်းမာ၍ အသိပညာနှင့်ပြည့်စုံသော မျိုးဆက်သစ် လူငယ်များဖြစ်လာစေရန်  ပျိုးထောင်ပေးရသည့်  မိခင်များ၊   အမျိုးသမီးများ၏   အခန်းကဏ္ဍမှာ အရေးပါလှသည်ဟုဆိုလျှင် မမှားပါ။ “ပုခက်လွှဲသော လက်သည်   ကမ္ဘာကိုအုပ်စိုးနိုင်သည်”  ဆိုသည့် ဆိုရိုးစကားအတိုင်း အမျိုးသမီးများ၏ စွမ်းရည်များ၊ စွမ်းပကားများ  ဖွံ့ဖြိုးတိုးတက်စေရန် ၎င်းတို့နှင့် အနီးဆုံးရှိသူမိသားစုဝင်များက ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် အဖွဲ့ အစည်းများ၏ စီမံကိန်းများနှင့် ကဏ္ဍပေါင်းစုံတွင် ကျား၊ မ ရှုထောင့်အမြင်ဖြင့် ထည့်သွင်းစဉ်းစား၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ အပေါ်   အကြမ်းဖက်မှုလျော့နည်းပပျောက်ရေး၊ ကျား၊မ    တန်းတူညီမျှရေးတို့အတွက်   ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။ 
အမျိုးသမီးများ၏         စွမ်းပကားများကို အလေးထားအသိအမှတ်ပြု၍         ခေတ်မီဖွံ့ဖြိုး တိုးတက်၍ အေးချမ်းသာယာသော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အားဖြည့်ကူညီဆောင်ရွက်ကြ ပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီး များနေ့အား    အောက်ဖော်ပြပါ    ကဗျာလေးဖြင့်  ဂုဏ်ပြုရေးသားလိုက်ရပါသည်-
“ခေတ်အဆက်ဆက် ထင်ရှားတဲ့စွမ်းပကား
အချက်အပြုတ် အသိမ်းအထုတ်သာမက
နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးမျက်နှာစာ
အာကာသနဲ့ သိပ္ပံနည်းပညာ 
ကဏ္ဍစုံမှာ မေတို့ပါလို့
တို့များအလေးထား အမျိုးသမီးစွမ်းပကားဖြင့်
နိုင်ငံ့အကျိုးတို့သယ်ပိုးလို့ 
ဖြည့်ဆည်းဆောင်ရွက်ကြပါစို့”
ရည်ညွှန်းကိုးကားချက်
လူမှုဝန်ထမ်းဦးစီးဌာန၏   မြန်မာအမျိုးသမီးများ နေ့နှင့် အမျိုးသမီးများ   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များ၊ ၂၀၂၃ခုနှစ် မြန်မာအမျိုးသမီး များနေ့ ဂုဏ်ပြုဆောင်းပါးများ
https://www.statista.com/statistics/global-adult-literacy-rate/ 
https://www.statista.com/statistics/1258668/global-employment-figures-by-gender/
https://unctad.org/news/how-unlock-womens-potential-digital-economy