
နေပြည်တော် ဇူလိုင် ၄
၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁၀ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၇၇)ရပ်ကွက် ဇမ္ဗူသီရိလမ်း အိမ်အမှတ်(၇၆၄)နေ ဦးဒွန် ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံးနှစ်တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၃၁ မျိုး၊ မြန်မာကျပ်ငွေ ၈၁၈၀၅၅၀၀ တန်ဖိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၉၈၁၅၉ဝဝ ခန့် ခိုးယူခံထားရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန်သူများဖြစ်ကြသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ် (၅၈)ရပ်ကွက် နေ ငရဲ(ခ)ထက်ဦး(၂၉)နှစ် (ဘ)ဦးစိုးအား ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့နယ် စွန်တနီးကျေးရွာအုပ်စု မြစိမ်း ကျေးရွာတွင် ဇွန် ၁၄ ရက် ညနေ ၆ နာရီခွဲ တွင်လည်းကောင်း၊ တစ်ရပ်ကွက်တည်း နေ ပြည့်စုံ(ခ) ကုလား(၂၉)နှစ် (ဘ)ဦးဝင်းတင်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက်ရှိ SKY KTV တွင် ဇွန် ၁၅ ရက် ည ၁၁ နာရီတွင် လည်း ကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ငရဲ(ခ)ထက်ဦးနှင့် ပြည့်စုံ(ခ)ကုလားတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် ၁၈၈ ရွက်၊ တိုင်ချက်မပါ နိုင်ငံအချို့မှ ငွေအကြွေစေ့မျိုးစုံ ၃၂ စေ့၊ တန်ဖိုးငွေကျပ် ၆၉ သိန်းရှိ ရွှေထည်ပစ္စည်း မျိုးစုံ ခြောက်မျိုး၊ အမေရိကန်ဒေါ်လာများအား ရောင်းချရရှိငွေများအနက်မှ ကျန်ရှိသည့် မြန်မာကျပ်ငွေ ၂၃၅ သိန်း၊ လက်ကိုင် ဖုန်းနှစ်လုံးတို့အား ၎င်းတို့၏နေအိမ် အသီးသီးတွင် သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများနှင့် ၎င်းတို့၏ ခိုးရာပါသက်သေခံပစ္စည်းများအား ထုခွဲ ရောင်းချပေးသူ ဖမ်းဆီးရန်ကျန် တရားခံ ထွန်းထွန်းလင်း (စိစစ်ဆဲ) မှ ယူဆောင် ထွက်ပြေးလျက်ရှိကြောင်း ဖော်ထုတ် သိရှိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိတရားခံများ အား အခြားပြစ်မှုများကျူးလွန်ထားရှိမှု ရှိမရှိ အသေးစိတ် ဆက်လက်စစ်ဆေးရာ တရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေး တို့ သုံးဦးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အမှတ်(၇၈)ရပ်ကွက် အိမ်အမှတ်(၆၄၀)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ် ၁၉၇ သိန်းအား ခိုးယူခဲ့ကြောင်း၊ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ချစ်ကို(ခ)လက်ပွားတို့ သုံးဦး သည် သာကေတမြို့နယ် (၆/အနောက်)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း အိမ်အမှတ် (၁၉၃/ခ)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုး ငွေကျပ် ၉၅၃၅၃၀၀ အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြစ်မှုကျူးလွန်၍ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်ကြသည့် ဟိန်းထက်ဇော်(ခ)အသေးလေးနှင့် ချစ်ကို (ခ) လက်ပွားတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်း တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၆ဝ)ရပ်ကွက်နေ ဟိန်းထက်ဇော် (ခ)အသေးလေး(၂၃)နှစ် (ဘ)ဦးဇော်ဝင်း နှင့် ဒလမြို့နယ် တံတားကျောင်းကျေးရွာ နေ ချစ်ကို (ခ)လက်ပွား (၂၂)နှစ် (ဘ)ဦးဖိုးချိုတို့အား ၎င်းတို့၏နေအိမ် အသီးသီး တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှုနှစ်မှုမှ သက်သေခံပစ္စည်း တန်ဖိုးငွေကျပ် ၂၆၁ သိန်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅ ကျပ်သား ၁၁ ပဲအား ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလား၊ ချစ်ကို(ခ)လက်ပွားနှင့် ဟိန်းထက်ဇော် (ခ) အသေးလေးတို့ လေးဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ လေးဦးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၇၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ Vivo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း တစ်လုံး ခိုးယူခဲ့ပြီး ဧပြီလအတွင်းတွင် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်း မှ လက်ကိုင်ဖုန်းမျိုးစုံ သုံးလုံး ခိုးယူခဲ့ ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့လေးဦးအား အမှုတစ်ခုချင်းစီအတွက် အမှုအသီးသီး ထပ်မံဖွင့်လှစ်ခဲ့သည်။
ဖြစ်စဉ်တွင် ခိုးမှု သုံးမှု၊ ခိုးမှု(မသင်္ကာ)နှစ်မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီး အမှုများမှ ဖမ်းဆီးရမိတရားခံ ငရဲ (ခ) ထက်ဦးပါ လေးဦးတို့အား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကာ သက်သေခံရွှေထည်ပစ္စည်း၊ ငွေကြေးများနှင့် အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ထွန်းထွန်းလင်း အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်