လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မြင့်မားမား ရှိနေကြပါမှ လူတိုင်း ကျန်းမာသည့်ဘဝရနိုင်ကြမည်။ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ ပြန့်ပွားနိုင်ရန်အတွက် သက်ဆိုင်ရာ တို့က နည်းလမ်းအသွယ်သွယ်ဖြင့် ဖြန့်ဝေပညာပေးမှုများ ပြုလုပ် စေကာမူ အများစုမှာ သတိမမူ၊ ဂရုမပြု၊ အလေးမထားဘဲ ကျော်လွှားသွားလေ့ရှိသည်။ လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မားရန်၊ ကျန်းမာရေးဗဟုသုတပြည့်စုံရန် လိုအပ်ပြီး သို့မှသာ လျှင် ဖြစ်လာနိုင်သည့် ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်မည်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ရပ်ကွက်နှစ်ခုတွင် ဝမ်း ပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ၊ ပညာပေးလုပ်ငန်း များ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရောဂါထပ်မံဖြစ်ပွားမှု ရှိ မရှိ စောင့်ကြည့်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရသည်။ အကယ်၍သာ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံ များကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးနေထိုင်ကြမည်ဆိုပါ က ရောဂါဘယကင်းဝေးကာ ကျန်းမာခြင်းသုခ ပြည့်စုံကြမည် ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက အသိပညာပေးထားသည့် အတိုင်း “လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်” ဟူသော “သန့်လေးသန့်” ကို လိုက်နာခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း (လက် သန့်ခြင်း) သည် ရောဂါအများအပြားကို ကာကွယ်နိုင်သည်။ အိမ်တွင် အစားအစာချက်ပြုတ်သူများနှင့် အစားအစာရောင်းချ သူများ လက်မသန့်ရှင်းပါက မိသားစုတစ်စုမှသည် လူပေါင်းရာ နှင့်ချီ၍ ရောဂါရရှိနိုင်ပြီး ကပ်ရောဂါအသွင်ကူးစက်ကာ သေဆုံး နိုင်သည်အထိ အန္တရာယ်ရှိသည်။ လက်တွင် ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေးအနည်းငယ်(တစ်ဂရမ်)တွင်ပင် လူကို ရောဂါ ဖြစ်၍ သေစေနိုင်သည့် ဗိုင်းရပ်စ် ၁၀ သန်းခန့်၊ ဘက်တီးရီးယား တစ်သန်းခန့်၊ သန်ကောင်၊ ဝမ်းကိုက်ပိုးကဲ့သို့ ကပ်ပါးရောဂါပိုး ၁၀၀၀ ခန့်၊ သန်ဥကဲ့သို့သော ကပ်ပါးရောဂါပိုးဥပေါင်း ၁၀၀ ခန့် ပါဝင်နေသည်။ လက်တွင် ကပ်ပါလာနိုင်သည့် အညစ်အကြေး နှင့် ရောဂါပိုးများသည် လက်နှင့် ကိုင်တွယ်ထိတွေ့နိုင်သည့်အရာ အားလုံးတို့တွင်လည်း ကပ်ငြိနေနိုင်သည့်အတွက် လက်ကို စင်ကြယ်စွာဆေးကြောခြင်းက ရောဂါများစွာတို့ကို ကာကွယ်ပြီး ဖြစ်စေသည်။ သန့်ရှင်းသော သောက်သုံးရေ (ရေသန့်) သည် အနည်အမှုန်၊ အရောင်အနံ့၊ ရောဂါပိုးမွှားကင်း၍ ကျန်းမာရေးနှင့် ညီညွတ်စေရမည်ဖြစ်သည်။ မသန့်သောရေသည် ဝမ်းပျက် ဝမ်းလျှော၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသား ဝါ၊ ပိုလီယို စသည့်ဝမ်းနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွား စေနိုင်သည်။
ကျန်းမာရေးနှင့်ညီညွတ်သန့်ရှင်းသော အစားအစာ (အစာ သန့်)သည် ခန္ဓာကိုယ်ကို ကျန်းမာဖွံ့ဖြိုးစေပြီး ရောဂါဖြစ်ပွားခြင်း ကို ကာကွယ်နိုင်သော်လည်း မသန့်ရှင်းသော အစားအစာမှာမူ များစွာ အန္တရာယ်ရှိသည်။ ယင်နားသည့် အစားအစာ၊ မသန့် ရှင်းသောရေဖြင့် ဆေးကြောထားသည့် အိုး၊ ခွက်၊ ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သားငါးများ၊ မသန့်ရှင်းသောလက်ဖြင့် ကိုင် ထားသည့် အစားအစာများ စသည်တို့မှာ စားသုံးသူကို ရောဂါ များ ဖြစ်ပွားစေနိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံ အိမ်သာ (အိမ်သာသန့်) ဆိုသည်မှာ လူ့မစင်အညစ်အကြေးကို စနစ်တကျ စွန့်ပစ်သိုလှောင် လုံခြုံစွာ ဖုံးအုပ်ထားရှိသော အိမ်သာမျိုးဖြစ်သည်။ ယင်လုံ၊ အနံ့လုံ၊ အရှက်လုံ၊ သန့်ရှင်း၍ မစင်မှ ရောဂါမပြန့်ပွားစေရန် တားဆီးနိုင်သော အိမ်သာမျိုးသည် အကောင်းဆုံးအိမ်သာပင်ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်ဟူသော သန့်လေးသန့်ကို လူတိုင်းသိရှိနားလည် ကြကာ လူတိုင်းလိုက်နာကျင့်သုံးကြခြင်းအားဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါ အပါအဝင် ရောဂါဘယများစွာတို့မှ လွတ်ကင်း ကာ ကျန်းမာခြင်းသုခ ပြည့်စုံနိုင်ကြပါမည့်အကြောင်း။ ။