သစ်တော၊ သစ်ပင်စိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့

Type
4

ကိုဘုန်း(ထုတ်လုပ်)

 

ကမ္ဘာဂြိုဟ်သည်  ရေ၊ လေ၊ မြေ၊ စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားပြီး သက်ရှိ၊ သက်မဲ့ဂေဟစနစ်မျိုးစုံ ဖြစ်တည်လျက်ရှိသော ဂြိုဟ်ကြီးတစ်လုံးဖြစ်သည်။ ထို့ကြောင့် သက်ရှိသက်မဲ့ဂေဟစနစ်မျိုးစုံသည် ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးမှာ အလွန်အရေးကြီးသည်။ လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးလူးယှက်နွှယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အတူတကွ ယှဉ်တွဲတည်ရှိကြသည်။ တိရစ္ဆာန်နှင့် သစ်တော၊ သစ်ပင်တို့သည် ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမည့် သယံဇာတ အရင်းအမြစ်များပင်ဖြစ်သည်။
ကမ္ဘာ့လူဦးရေ      တိုးတက်လာသည်နှင့်အမျှ ရုပ်ကြွင်းလောင်စာကို အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ သဘာဝသယံဇာတအရင်းအမြစ်များကို       ပိုမို အသုံးပြုလာမှု၊   စွန့်ပစ်ပစ္စည်းများ  စနစ်တကျ မစွန့်ပစ်မှု၊   စက်ရုံအလုပ်ရုံများနှင့်  ယာဉ်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု စသည်တို့ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊   မိုးခေါင်ခြင်းနှင့်  မုန်တိုင်းများကဲ့သို့ ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကို ကြုံတွေ့ နေကြရပါသည်။   ထိုသို့  ရာသီဥတုပြောင်းလဲမှု၊ သဘာ၀ပတ်ဝန်းကျင်    ပြောင်းလဲလာမှုများကို ထိန်းသိမ်းရာတွင် သစ်ပင်စိုက်ခြင်းမှာ အရေးကြီး သော အခန်းကဏ္ဍဖြစ်ပါသည်။
ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့
ကမ္ဘာ့ကုလသမဂ္ဂသည် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံ များအားလုံး သဘာဝဘေးအန္တရာယ် ကာကွယ်နိုင် ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်တိုက်တွန်းခဲ့ပါသည်။ သစ်တော၊ သစ်ပင် ပြုန်းတီးမှုကို ကာကွယ်ရန် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံ များအား ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့ကိုလည်း ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ခဲ့ ပါသည်။ ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့သည် သစ်ပင် များ၏ အရေးပါမှုကို အသိပညာမြှင့်တင်ရန်၊ ကမ္ဘာ တစ်ဝန်းရှိ    လူများအား   သစ်ပင်စိုက်ပျိုးရန်နှင့် သစ်တောပြုန်းတီးမှုအား  ဆန့်ကျင်ရန်  တွန်းအား ပေးရန်အတွက် သတ်မှတ်ခြင်းဖြစ်သည်။ ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းရန်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုပ်ယူခြင်း၊ တောရိုင်းတိရစ္ဆာန်များ နေထိုင်ရာ နေရာများကို ပံ့ပိုးပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရာတွင်   သစ်ပင်များ၏  အရေးပါသော အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် ရည်ရွယ်ပါသည်။
ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့  လှုပ်ရှားမှုများ တွင် ပုံမှန်အားဖြင့် သစ်ပင်စိုက်ပျိုးပွဲများ၊ သစ်ပင် များ၏  အကျိုးကျေးဇူးများအကြောင်း  ပညာပေး အစီအစဉ်များနှင့် ရေရှည်တည်တံ့သော သစ်တော အလေ့အကျင့်များကို မြှင့်တင်ရန် လှုပ်ရှားမှုများ ဆောင်ရွက်ကြပါသည်။  သဘာ၀ပတ်ဝန်းကျင်ကို နောင်လာနောက်သား      မျိုးဆက်များအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် သတိပေးချက် တစ်ခုအဖြစ် ဆောင်ရွက်နေကြသည်။ ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့တွင်   လူမှုအသိုက်အဝန်းများနှင့် အဖွဲ့အစည်းများသည်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့ရေး တို့အတွက် စုပေါင်းကြိုးပမ်း၍ ဆောင်ရွက်ကြသည်။
ရာသီဥတုဖောက်ပြန်မှုကို
အဓိကတွန်းအားပေးနေသည့် အကြောင်းရင်း
ကမ္ဘာမြေပေါ်တွင်    သစ်တောသစ်ပင်များ ပြုန်းတီးလာခြင်းသည်      ရာသီဥတုဖောက်ပြန်မှု အတွက်        အဓိကတွန်းအားပေးနေသည့် အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။  “ဥတုရာသီ တောကိုမှီ၏”ဆိုသည့် ဆောင်ပုဒ်အတိုင်း ရာသီဥတု ဖောက်ပြန်မှုကို ဟန့်တားရာတွင်လည်း သစ်တော သစ်ပင်များသည် အဓိကကျသော အခန်းကဏ္ဍမှ  ပါဝင်သည်။  သစ်ပင်များကို စည်းကမ်းမဲ့ခုတ်လှဲကြ သဖြင့်  သစ်တောများပြုန်းတီးကာ  သစ်ပင်များ ရှားပါးလာရုံသာမက ကမ္ဘာကြီးပူနွေးလာမှု၊  မိုးခေါင် ရေရှားမှု၊  အစာရေစာငတ်မွတ်ခေါင်းပါးမှု စသည် တို့နှင့် ရင်ဆိုင်နေကြရပါသည်။ သို့ဖြစ်၍ ဤကမ္ဘာ မြေ သာယာလှပစိမ်းလန်းစိုပြည်ရန်၊ လူသားများ နှင့်အတူ မျှဝေနေထိုင်သော သတ္တဝါများ၏ ဂေဟ စနစ်မှန်ကန်စေရန် သဘာဝတောများကို ထိန်းသိမ်း ကြရမည်ဖြစ်ပါသည်။
သစ်တော၊ သစ်ပင်များ၏ အကျိုးပြုမှု
သစ်ပင်များသည်  ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အလင်းပြန်ခြင်းမှတစ်ဆင့် အောက်ဆီဂျင် ထုတ်လွှတ်ရာတွင်  အရေးပါသော  အခန်းကဏ္ဍမှ ပါဝင်သောကြောင့်       ရာသီဥတုပြောင်းလဲမှုကို လျော့ပါးစေပြီး လေထုအရည်အသွေးကို မြှင့်တင် ပေးပါသည်။  ဂေဟစနစ်ပံ့ပိုးရာတွင်  သစ်ပင်များ သည် ဇီဝမျိုးစုံမျိုးကွဲများကို မြှင့်တင်ပေးပြီး ဂေဟ ဗေဒဆိုင်ရာ     ဟန်ချက်ညီမှုကို   ပံ့ပိုးပေးသည့် တောရိုင်းတိရစ္ဆာန်      မျိုးစိတ်အမျိုးမျိုးအတွက် နေထိုင်ရာနှင့်အစာကို ထောက်ပံ့ပေးပါသည်။
ထို့ပြင်    သစ်ပင်အမြစ်များသည်   မြေဆီလွှာ တိုက်စားခြင်းမှ ကာကွယ်ပေးပြီး မြေဆီဩဇာကို ထိန်းသိမ်းပေးသည်။ ၎င်းတို့သည် ရေလည်ပတ်မှုကို ထိန်းညှိရန်နှင့် ရေလွှမ်းမိုးမှုအန္တရာယ်ကို လျှော့ချ ရန်လည်း အထောက်အကူပြုပါသည်။ သစ်ပင်များ သည် ရှုခင်းများကို လှပစေပြီး အရိပ်အာဝါသကို ပေးကာ  အပန်းဖြေရန်နှင့်  အပန်းဖြေရန်အတွက် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို ဖန်တီးသောကြောင့် သစ်ပင်များအနီးတွင် ရှိနေခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျ၍ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကာ ကျန်းမာရေးကို မြှင့်တင်ပေးပါသည်။ သစ်၊   သစ်သီး များ၊    အခွံမာသီးများနှင့်      သဘာဝဆေးဖက်ဝင် ထုတ်ကုန်များမှတစ်ဆင့် ဒေသတွင်းစီးပွားရေးကို အထောက်အကူပြုသည့်    အကျိုးကျေးဇူးများကို   သစ်ပင်စိုက်ပျိုးခြင်းမှ ရရှိသည်။
နိုင်ငံတော်အစိုးရမှ
နှစ်စဉ် သစ်ပင်သိန်းပေါင်းများစွာ စိုက်ပျိုး
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် လည်း သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် သစ်တောဖုံးလွှမ်းမှု တိုးတက်လာ စေရေးနှင့် သစ်တောပြုန်းတီးမှု လျော့နည်းစေရေး ကို  အထူးအလေးပေး လုပ်ဆောင်လျက်ရှိသည်။  မြန်မာနိုင်ငံသည် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်သော မိုးတွင်းကာလ ဇွန်၊ ဇူလိုင်လများ၌ နှစ်စဉ် သစ်ပင်သိန်းပေါင်းများစွာ   စိုက်ပျိုးလျက်ရှိသည်။ မြန်မာနိုင်ငံသည်     သစ်တောစိုက်ပျိုးခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊  သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်း      လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ သစ်တောစိုက်ခင်း      လေးသိန်းကျော်   စိုက်ပျိုး တည်ထောင်ခြင်း၊ သဘာဝတောဧက ၂ ဒသမ ၂၅ သန်းကို ကာကွယ်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့်  မန္တလေးတိုင်းဒေသကြီးအပါအဝင်  ခရိုင် ၁၃   ခရိုင်     စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  သက်တမ်း  နှစ်နှစ်အထက် ပျိုးသက်ရင့်ပျိုးပင်များနှင့်   ရွာတစ်ရွာ  နှစ်ဧက စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၄ မိုးရာသီတွင်    စိုက်ခင်းမျိုးစုံနှင့်  တစ်ရွာ နှစ်ဧက ကျေးရွာထင်းစိုက်ခင်းအပါအဝင်      အပင်ပေါင်း နှစ်သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ကျေးရွာ ပေါင်း  ၈၀၉  ရွာကို အကျိုးပြုစေမည်ဖြစ်သည်။  တစ်နိုင်ငံလုံးအနေဖြင့်   သစ်တောစိုက်ခင်းမျိုးစုံ အပါအဝင် သစ်ပင်ပေါင်း ၂၂ သန်းကို စိုက်ပျိုးမည် ဖြစ်သည်။
ထို့ပြင်  ၂၀၃၀  ပြည့်နှစ်တွင် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောကို နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံ့ဧရိယာ၏ ၁၀   ရာခိုင်နှုန်း  သတ်မှတ်ဖွဲ့စည်းရန်  လျာထား ဆောင်ရွက်လျက်ရှိရာ  ၂၀၂၄  ခုနှစ်  ဧပြီလအထိ သစ်တောနယ်မြေ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော ၁၃၀၄ ခု၊ နိုင်ငံ့ဧရိယာ၏ ၂၅ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံ့ဧရိယာ ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းဖွဲ့စည်းထားပြီး ကာလ ခြောက်နှစ်ကျော်ခန့်အတွင်း     လျာထားချက် ပြည့်မီအောင် ကာကွယ်ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုး ပြုပြင်ခြင်းလုပ်ငန်းများကို     ဆောင်ရွက်လျက် ရှိသည်။
ကြီးမားသော အမျိုးသားအမွေ
ရတနာသိုက်ကြီး
မြန်မာနိုင်ငံထွက် အပင်မျိုးစုံတို့၏ အသုံးဝင်မှု၊ ဆေးဖက်ဝင်မှု၊     လူသုံးပစ္စည်းဖန်တီးနိုင်မှုတို့မှာ များလှပြီး   မြန်မာ့သစ်တောကြီးများ၏  ဇီဝမျိုးစုံ ကြွယ်ဝမှုမှာ ကြီးမားသော အမျိုးသားအမွေရတနာ သိုက်ကြီးဖြစ်သည်။ ထို့ကြောင့် သဘာဝသယံဇာတ များနှင့် ဇီဝမျိုးစုံတို့ကို ပြုန်းတီးကွယ်ပျောက်ခြင်း မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရန် တိကျသော ဥပဒေများ ပြဋ္ဌာန်းထားပါသည်။  စိုက်သမျှသစ်ပင် များအားလုံး    ရှင်သန်စေရန်အတွက်   ဒေသနှင့် ကိုက်ညီသော   အပင်များကို  ရွေးချယ်တတ်ရန် လိုအပ်သည်။ ထို့ကြောင့် ဒေသနှင့်ကိုက်ညီသော သစ်ပင်များကို ရွေးချယ်စိုက်ပျိုးသင့်သည်။ သစ်ပင် တစ်ပင်ကို ခုတ်လှဲရန် မိနစ်ပိုင်းမျှပင် မကြာမြင့်သော် လည်း အရွယ်ရောက်သည့် သစ်ပင်တစ်ပင် ဖြစ်လာ ရန်မှာ  နှစ်ပေါင်းများစွာ  စောင့်ဆိုင်းကြရသည်။ သို့ဖြစ်၍     သစ်ပင်တစ်ပင်အား    အလွယ်တကူ မခုတ်လှဲသင့်သလို မဖြစ်မနေ ခုတ်လှဲမည်ဆိုပါက ခုတ်လှဲမည့်    သစ်ပင်နေရာတွင်   နောက်တစ်ပင် အစားထိုးစိုက်ပျိုးရမည်ဖြစ်သည်။
ကမ္ဘာမြေပေါ်ရှိ လူများ၊ သတ္တဝါများနှင့် အပင် များအားလုံးသည်   တစ်ခုနှင့်တစ်ခု  ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့   အပြန်အလှန်  အမှီသဟဲ ပြုနေကြသည်ဖြစ်ရာ     သက်ရှိသတ္တဝါအားလုံး ရေရှည်ရပ်တည်နိုင်ရန်မှာ သစ်တောသစ်ပင် ဇီဝ မျိုးစုံမျိုးကွဲများကလည်း အရေးကြီးသည့် အခန်း ကဏ္ဍ၌ ပါဝင်နေပါသည်။ သစ်တောရတနာသည်   လူသားတို့အတွက်  အမှန်တကယ်  တန်ဖိုးကြီးမား လှပေသည်။  သစ်တောသစ်ပင်များမှ  ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော      ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု   အထောက်အပံ့များစွာကို   ရရှိစေ ပါသည်။
 ထို့ကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ဖြေရှင်းရန်၊ ကမ္ဘာမြေအစဉ်ထာဝရ       လှပနေစေရန်အတွက် သစ်ပင်များကို စိုက်ပျိုးသင့်ပါကြောင်း ဇူလိုင်လ ၇  ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုး ရေးနေ့ကို  ဂုဏ်ပြုသောအားဖြင့် တိုက်တွန်းရေးသား လိုက်ရပါသည်။      ။