
ရန်ကုန် ဇူလိုင် ၉
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲ ပထမပွဲစဉ်ကို ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုး သမီးအသင်းတို့သည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲနှစ်ခု၌ တွေ့ဆုံပြီး နောက်ပိုင်း ငါးနှစ်အကြာမှ ခြေစမ်းပွဲ တွင် ပြန်လည် တွေ့ဆုံခြင်းဖြစ်ပြီး မြန်မာအသင်းက နိုင်ပွဲရယူနိုင်ခဲ့သည်။ အိန္ဒိယအမျိုးသမီးအသင်း၏ ခြေစွမ်း ပိုင်း တိုးတက်လာမှုကြောင့် ပွဲမှာအပြန် အလှန်ရှိခဲ့ပြီး မြန်မာအသင်းအနေဖြင့် ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည် ပွဲထွက်လူစာရင်းတွင် မျိုးမြမြငြိမ်း (ဂိုး)၊ မေသက် မွန်မြင့်၊ ရူပါခိုင်၊ ယုယုနိုင်၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ယဉ်လွန်းအိမ်၊ စန်းသော်သော်၊ ရွှေရည်ထွန်း၊ ဝင်းသိင်္ဂီထွန်းတို့ကို အသုံးပြုခဲ့သည်။ နိုင်ငံတကာပွဲများနှင့် အဆက်ပြတ်နေသည့် မြန်မာ အသင်းသည် ပွဲအစတွင် ရုန်းကန်ခဲ့ရသော်လည်း ပွဲစကတည်းက တိုက်စစ်ဦးစားပေးကစားခဲ့သလို အိန္ဒိယအသင်းကလည်း ခံစစ်မကစား ဘဲ အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့သည်။ ၁၃ မိနစ်တွင် မြန်မာ အသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဝင်းသိင်္ဂီထွန်းက ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် ပထမ ပိုင်းအပြီးတွင် မြန်မာအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ပထမပိုင်းကတည်းက ချေပဂိုးရရန် နီးစပ်ခဲ့သည့် အိန္ဒိယအသင်းသည် ၅၇ မိနစ်တွင် ချေပဂိုးပြန်ရခဲ့ပြီး ပီယာရီက သွင်းယူခဲ့ခြင်းဖြစ်သည်။ သရေကျပြီးနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ပိုရှိလာပြီး ၇၄ မိနစ်တွင် စန်းသော်သော်က မြန်မာအသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက အနိုင်ရလဒ်ကို ထိန်းကစား သွားခဲ့သည်။
မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့၏ ဒုတိယခြေစမ်းပွဲကို ဇူလိုင် ၁၂ ရက်တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး