နာမည်ကြီး ပြင်သစ်ကို အနိုင်ယူပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲ စပိန်အသင်းတက်လှမ်း

ယူရို ၂၀၂၄ ပြိုင်ပွဲ  ဆီမီးဖိုင်နယ်အဖြစ် ဇူလိုင် ၁၀ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့်   စပိန်နှင့် ပြင်သစ်အသင်းပွဲစဉ်တွင်    စပိန် အသင်းက   နှစ်ဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့သည်။
ပြင်သစ်အသင်းသည်  ပွဲချိန် ၉ မိနစ်တွင် အမ်ဘာပေ၏ ဖန်တီး မှုမှ မူအာနီက ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန် များတွင်    ချေပဂိုးနှင့်    အနိုင်ဂိုး ပြန်လည်ခွင့်ပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ကာ        ဗိုလ်လုပွဲ တက်လှမ်းခွင့် လွဲချော်ခဲ့သည်။
အဆိုပါပွဲစဉ်တွင်  စပိန်အသင်းမှ   လူငယ်ကစားသမား   ယာမဲလ် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲချိန် ၂၁ မိနစ်တွင် အသင်းအတွက် အရေးပါ သည့် ချေပဂိုးကို သွင်းယူပေးခဲ့သည်။ အဆိုပါ သွင်းဂိုးကြောင့် ယာမဲလ် သည် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်၌ အသက်အငယ်ဆုံး ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပြင်သစ်အသင်းသည် ခြေစွမ်း ကောင်းအချို့ပြသနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း၏ ကစားဟန်မှာ အကောင်းဆုံးပုံစံတွင်ရှိနေသည့်အတွက် နိုင်ပွဲရသည်အထိ စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ချေ။
စပိန်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် ရရှိခဲ့ပြီး တိုက်စစ်ကစားသမား အိုလ်မိုက သွင်းယူပေးခဲ့သည်။ ထို့နောက်တွင် နှစ်သင်းစလုံး လူစားလဲမှုများပြုလုပ်ကာ သွင်းဂိုးရရှိရေး ကြိုးစားလာသော်လည်း ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲအပြီးတွင် စပိန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။
စပိန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် နယ်သာလန်နှင့် အင်္ဂလန်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ဇူလိုင် ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                      

အောင်ဇော်