
ခင်သန်းမြင့်
“ကြီးကြီးရေ၊ ဒီနှစ်အာဇာနည်နေ့နဲ့ ဝါဆိုလပြည့် နေ့က ဆက်တိုက်ဖြစ်နေတော့ သူငယ်ချင်းတွေစုပြီး အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီး တွေကို သွားရောက်ဂါရဝပြုမယ်၊ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားဖူးမယ်လို့ စိတ်ကူးထားတယ်”
တစ်နေ့က တူမလေးက ပြက္ခဒိန်ကိုကြည့်ပြီး အားတက်သရော ပြောလာသည်။ လူငယ်တွေ ဆိုတော့ အပျော်အပါးပါသော်ငြား အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို သိတတ် ပြီး သွားရောက်ဂါရဝပြုကြတာ၊ ဗုဒ္ဓဘာသာဝင်များ ပီပီ လပြည့်၊ လကွယ် အခါကြီးရက်ကြီးများမှာ ဘုရားသွားကျောင်းတက်ကြသည်မှာ ကောင်းသည့် အလုပ်ပင်ဖြစ်သည်။
သို့ရာတွင် ကျွန်မစိတ်ထဲမှာတော့ အာဇာနည် နေ့ဆို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင် ကြီးများကို သွားရောက်ဂါရဝပြု၊ ပြီးပြန်လာ။ နောက်တော့ မေ့မေ့ပျောက်ပျောက်နေမြဲအဖြစ်မျိုး မဖြစ်စေချင်သည့်အတွက်. . .
ပြင်သင့်တာပြင်၊ လိုက်နာသင့်တာ လိုက်နာ
“သမီးတို့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အမှတ်တရ ဂါရဝပြုကြတာ ကောင်းတာပေါ့ကွယ်။ ဒါပေမယ့် ကြီးကြီးကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ အမှတ်တရ ရုပ်တုထုဆစ်မှုလောက်နဲ့ မပြီးစေချင် ဘူး။ ဗိုလ်ချုပ်ရဲ့ အနာဂတ်နိုင်ငံတော်အတွက် ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ၊ စိတ်ကူး အိပ်မက်တွေ၊ ကိုယ့်လူမျိုးတွေရဲ့ အချို့အားနည်း ချက်တွေအပေါ် ပြင်သင့်တာပြင်ကြဖို့ မထောက် မညှာဝေဖန်ညွှန်ပြမှုတွေကို ထဲထဲဝင်ဝင်လေ့လာပြီး ပြင်သင့်တာပြင်၊ လိုက်နာသင့်တာ လိုက်နာကြရင် ပိုပြီး လက်တွေ့ကျမယ်လို့ ကြီးကြီးထင်တယ်”
အဒေါ်ဖြစ်သူ၏စကားကို တူမလေးက စိတ်ဝင် စားပုံရပါသည်။ ဘာများဆက်ပြောလေဦးမလဲ ဆိုသော စူးစမ်းသည့်မျက်လုံးဖြင့် ကြည့်နေသည်။ သူစိတ်ဝင်စားပုံပေါက်သည့်အတွက် ကျွန်မလည်း ဆက်ပြောမိသည်။
“ဗိုလ်ချုပ်ရဲ့ လမ်းညွှန်ချက်တွေ၊ မိန့်မှာချက် တွေထဲမှာ အချို့အချက်တွေကို သမီးတို့လူငယ်တွေ သိတန်သလောက်လည်း သိကြမှာပဲ။ ဗိုလ်ချုပ်က သူ့ကတိအတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေး ရပြီးတဲ့အခါ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်စေဖို့ ‘လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင် သလား၊ တူရကီလိုဖြစ်ချင်သလား၊ အိုင်ယာလန်လို ဖြစ်ချင်သလား၊ ဆိုဗီယက်ရုရှားလို ဖြစ်ချင်သလား။ ဗမာပြည်လွတ်လပ်ရေးရတဲ့အခါမှာ ပြန်လည် ထူထောင်ရေးစီမံကိန်းများကို အမျိုးမျိုးသော နည်းများနဲ့လုပ်မှ။ ခပ်ရိုင်းရိုင်း ဗမာစကားပြောရရင် အတော့်ကိုပြဲအောင် ကြိုးစားလုပ်ကိုင်မှ အနှစ် ၂၀ ကျော်ကြာမှ ဗမာပြည် တော်ရုံရောက်မယ်၊ မလုပ်လို့ရှိရင် ယိုးဒယားတောင် မီမှာမဟုတ်ဘူး။ အခြားလွတ်လပ်သော တိုင်းပြည်များမှာ ခြေတစ်လှမ်းလှမ်းရင် ကိုယ်က ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံကျမယ်၊ အဲဒီလိုမလုပ်ရင် ဟိုလူ လာလဲ မျက်နှာချိုသွေးရ၊ ဒီလူလာလဲ မျက်နှာ ချိုသွေးရနဲ့... နိုင်ငံဖြစ်မှာပဲ’လို့ သတိပေးဆော်ဩ ခဲ့တယ်။
“တစ်ဆက်တည်းပြောရရင် ဗိုလ်ချုပ်ဟာ အပြောသမားမဟုတ်ဘူးကွဲ့။ ဗမာပြည်ဟာ မိအေး နှစ်ခါနာဆိုသလို စစ်ဒဏ်နှစ်ကြိမ်ခံခဲ့ရပြီး ကူးသန်း ရောင်းဝယ်ရေးတွေ ပျက်စီးခဲ့ရတဲ့အတွက် ပြန်လည် ထူထောင်ရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဟာ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ယခင်က စာပေဗိမာန် ဖြစ်ခဲ့တဲ့ ပြည်လမ်းက ဆိုရန်တိုဗီလာ အဆောက်အဦ မှာ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ ဌာန အသီးသီးက ပါရဂူတွေနဲ့ ကွန်ဖရင့်တစ်ရပ်ကျင်းပပြီး ပြန်လည်ထူထောင်ရေးစီမံကိန်းကို ရေးဆွဲခဲ့တယ်။ ဒီစီမံကိန်းကို တရားဝင် ‘၂ နှစ်စီမံကိန်း’ လို့ ခေါ်ပေ မယ့် လူအများစုက ‘ဆိုရန်တိုဗီလာစီမံကိန်း’လို့ ခေါ်ခဲ့ကြတယ်။
“ဗိုလ်ချုပ်ကိုယ်တိုင် အင်္ဂလိပ်ဘာသာနဲ့ ရေးဆွဲ ထားတဲ့ စီမံကိန်းအခြေခံမူကြမ်းကို ကွန်ဖရင့်မစမီ တစ်ပတ်ခန့်ကတည်းက ကြိုတင်ပြီးဖိတ်ကြားထား သူတွေကို ဝေငှထားတယ်။ ရည်ရွယ်ချက် ကတော့ ကြိုတင်လေ့လာထားပြီး ဝေဖန်နိုင်ဖို့ ဖြစ်တယ်။
“ပြန်လည်ထူထောင်ရေး အနာဂတ်လုပ်ငန်းစဉ် တွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်က ချက်ချင်းဖြေရှင်း ရမယ့် ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်လက်မဲ့ လျော့ကျရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ နိုင်ငံငြိမ်းချမ်းသာယာရေး အပါအဝင် အချက် ၈ ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ကဏ္ဍအသီးသီးအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့တယ်။
“ကွန်ဖရင့်မှာ ဗိုလ်ချုပ်က အင်္ဂလိပ်ဘာသာနဲ့မိန့်ခွန်းပြောကြားရာမှာ စာရင်းအင်းတွေနဲ့ ပတ်သက်ပြီး ‘ကျွန်တော်တို့ဟာ စာရင်းအင်းတွေကို အသိဉာဏ်ရှိရှိနဲ့သုံးနိုင်ဖို့၊ သုံးတတ်ဖို့၊ ဒီစာရင်းအင်း တွေရဲ့ သဘောအဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ကောက်တတ်ဖို့လိုတယ်’လို့ သတိပေးခဲ့တယ်။
“တစ်ဆက်တည်းမှာပဲ ဗိုလ်ချုပ်ကစီမံကိန်းနဲ့ပတ်သက်ပြီး ‘ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ် ဆိုရင် နေထိုင်စားသောက်ရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုမှာ အကုန်အကျသက်သာအောင် လုပ်ဖို့ အလုပ်လက်မဲ့လူတွေ နည်းပါးသွားအောင်၊ ဒါမှမဟုတ်ရင်လဲ အလုပ်လက်မဲ့ ပြဿနာမရှိအောင် လုပ်ဖို့၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင် ရေးတွေ၊ အိုးအိမ်တွေ ပြန်လည်ထူထောင်ရေးတွေ၊ ပညာရေးနဲ့ ကျန်းမာရေးတွေကို တိုးတက် ကောင်းမွန်လာအောင်လုပ်ဖို့၊ တိုင်းပြည်အုပ်ချုပ်ရေး ကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ တရားဥပဒေနဲ့ ငြိမ်ဝပ် ပိပြားရေးတို့ကို ပြန်လည်ထူထောင်ဖို့ စတဲ့အရေး ကိစ္စတွေကိုရည်မှန်းပြီး စီမံကိန်းတွေကို ရေးဆွဲ ကြရလိမ့်မယ်’လို့ ပြောကြားခဲ့တယ်။
“ဒါ့အပြင် ဗိုလ်ချုပ်က သမဝါယမအဖွဲ့တွေကို အားပေးဖို့၊ နိုင်ငံခြားတိုင်းပြည်များသို့ ငွေပင်ငွေရင်း ထွက်မသွားနိုင်အောင် နည်းလမ်းတွေ ရှာကြံတီထွင် ကြဖို့၊ ဇိမ်ခံပစ္စည်းတွေအတွက် ပိုက်ဆံတွေ သုံးနေ ရလို့ တင်သွင်းမှုကို လျှော့တန်လျှော့၊ ပိတ်တန် ပိတ်ဖို့၊ ရခိုင်နဲ့ နယ်ခြားဒေသတွေမှာ ပထမ ဦးစားပေးတာဝန်အဖြစ် လမ်းပန်းတွေဖောက်လုပ်ဖို့ ဆွေးနွေးပြောကြားခဲ့တယ်။
တိုင်းပြည်စီးပွားရေးနဲ့ ပတ်သက်ရင်လည်း ဗိုလ်ချုပ်က “မြန်မာပြည်သည် အဓိကအားဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ အရေးကြီးသော စက်မှု လက်မှုလုပ်ငန်း အနည်းငယ်သာရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးကို ပြန်လည်ထူထောင်ပေး ခြင်းဖြင့် နှစ်အနည်းငယ်အတွင်း မြန်မာပြည်သည် စစ်မဖြစ်မီကကဲ့သို့ ရှေ့တန်းရောက် ဆန်တင်ပို့ ရောင်းချသူများနေရာသို့ ပြန်လည်ရောက်ရှိလိမ့် မည်ဟု မျှော်လင့်ကြောင်း။
“စီးပွားရေးလျင်မြန်စွာ တိုးတက်စေရန်အတွက် မြန်မာပြည်သည် နိုင်ငံခြားအရင်းအနှီး လိုမည် ဖြစ်သဖြင့် ကျွန်ုပ်တို့သည် နိုင်ငံခြားအရင်းအနှီးကို လက်သင့်ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားအရင်းအနှီး ကို လက်ခံခြင်းဖြင့် နိုင်ငံခြားအရင်းရှင်များသည် သင့်တင့်သော အမြတ်အစွန်းရရှိမည်။ ကျွန်ုပ်တို့ ပြည်သူပြည်သားများသည်လည်း အလုပ်အကိုင် ရရှိမည်။ ကျွန်ုပ်တို့စီးပွားရေးသည်လည်း တိုးတက် လာမည်ဖြစ်ကြောင်း” ၁၉၄၇ ခုနှစ် မတ်လ ၁၀ ရက် နေ့မှာ ပြုလုပ်တဲ့ မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီး များအသင်း နှစ်ပတ်လည်အစည်းအဝေးမှာ ပြောကြားခဲ့တယ်။
“နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့တိုင်းပြည်ဟာ စစ်တိုက်တဲ့ အချိန်အခါ မှာ လူတစ်သန်းလောက် စစ်တပ်အင်အားရှိမှ ကောင်းမယ်၊ လေတပ်ဆိုလို့ရှိရင်လည်း အဖျင်းဆုံး လေယာဉ်ပျံငါးရာရှိရမယ်၊ အနည်းဆုံး စစ်ဖြစ်ဖြစ် ချင်း လေယာဉ်ပျံ ငါးရာလောက် ရှိမှဖြစ်မယ်။ ဒါတောင်မှ လုံလောက်တယ်လို့ မပြောနိုင်ဘူးလို့ ဆိုခဲ့တယ်။
လွတ်လပ်ရေးတာဝန်ကျေမယ်
“ဒါ့အပြင် လွတ်လပ်ရေးရတဲ့အခါမယ် အခွင့် အရေးတွေ ပိုလာတာရှိမယ်၊ တာဝန်လည်း ပိုလာ မယ်၊ ဗမာပြည်ကာကွယ်ရေးဘို့ရာ ဗမာတွေရဲ့ အဓိကတာဝန်ဖြစ်လာမယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်ကြတော့ဘူး။ တိုင်းပြည် ကာကွယ်ဖို့ ဗမာပြည်မှာ စစ်သားတွေလိုမယ်။ အဲဒီအခါ ဗမာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနဲ့ ပြည့်စုံသူတိုင်း စစ်ထဲမဝင်မနေရ၊ စစ်မှုမထမ်းမနေရဆိုပြီးစနစ်နဲ့ ဖြစ်လာလိမ့်မယ်။ နှစ်နှစ်တန်သည်ဖြစ်စေ၊ သုံးနှစ်တန်သည်ဖြစ်စေ စစ်ထဲမှာဝင်ရမယ်။ တိုက်ချင်မတိုက်ချင် ဝင်တိုက် ရမှာပဲ။ ဒါမှ လွတ်လပ်ရေးတာဝန်ကျေမယ်လို့ ဗိုလ်ချုပ်က သူမကွယ်လွန်မီ ရက်သတ္တပတ်၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက်၊ ရန်ကုန်မြို့ မြို့တော် ခန်းမ လေသာဆောင်ကနေပြီး လူထုပရိသတ်ကြီးကို နောက်ဆုံးမိန့်ခွန်းအဖြစ် ပြောကြားစဉ်မှာ ထည့်သွင်းပြောကြားခဲ့တယ်။
“တစ်ဆက်တည်းမှာပဲ ဗိုလ်ချုပ်က လူထုကို ညီညွတ်ကြဖို့၊ စည်းကမ်းရှိဖို့၊ မလျှော့တမ်း ဇွဲနဲ့ အလုပ်လုပ်ကြဖို့၊ ခြိုးခြံချွေတာကြဖို့၊ တလွဲဆံပင် မကောင်းဖို့၊ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့ တိုက်တွန်းနှိုးဆော်သွားခဲ့တယ်။
“အင်း၊ ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် လေ့လာမိ သလောက် ပြောစရာတွေကတော့ အများကြီးပေါ့ သမီးရယ်။ ပျင်းများ ပျင်းသွားပြီလား”
“မပျင်းပါဘူး ကြီးကြီး။ သမီးတို့ မသိတာတွေ လည်းရှိတော့ စိတ်ဝင်စားပါတယ်။ ဗဟုသုတလည်း ရပါတယ်။”
“အေးကွယ်၊ ဒါပေမယ့် ဗဟုသုတရရုံမဟုတ်ဘဲ သမီးတို့ခေတ်အမြင် ခေတ်အတွေးနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်ဖို့လည်း လိုတာပေါ့နော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဗိုလ်ချုပ်ရဲ့ အနာဂတ် နိုင်ငံတော်အတွက် ရည်မှန်းချက်တွေ၊ မျှော်မှန်းချက် တွေ၊ စိတ်ကူးအိပ်မက်တွေနဲ့ လက်ရှိနိုင်ငံတော်ရဲ့ အခြေအနေတွေ၊ ယုတ်စွအဆုံး တူကီယဲ၊ အိုင်ယာ လန်၊ ဆိုဗီယက် ရုရှားအသာထား၊ အိမ်နီးချင်း ထိုင်း(ယိုးဒယား)နိုင်ငံကိုတောင် တို့တစ်တွေ မီပြီလား။ ဗိုလ်ချုပ် သတိပေးထောက်ပြသလို ပြည်သူတွေ ညီညွတ်ကြပြီလား၊ စည်းကမ်း ရှိကြရဲ့လား၊ ခြိုးခြံချွေတာသင့်တဲ့ နေရာမှာ မခြိုးခြံမချွေတာဘဲ ဗုံးပေါလအော သုံးစွဲနေကြ တုန်းပဲလား စတာတွေနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ဖို့ ကောင်းတာပေါ့။
ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို အမြဲအမှတ်တရနဲ့ လိုက်နာ
“ဒါကြောင့်မို့ ကြီးကြီးကတော့ သမီးတို့လို မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အာဇာနည်နေ့ ရောက်မှ၊ နီးမှ ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်တရ သတိရကြတာထက် ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ် ကို မမေ့ဘဲ အမြဲအမှတ်တရနဲ့ လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ချင်တယ်။ ဒါ့အပြင် ဗိုလ်ချုပ်ရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ကောင်းစားလိုတဲ့စေတနာကို လေးစားအလေးထားတဲ့အနေနဲ့ ကိုယ့်နိုင်ငံသား အချင်းချင်း စိတ်ဝမ်းမကွဲပြားဘဲ အားလုံးစုစု စည်းစည်း ညီညီညွတ်ညွတ်နဲ့ ဗိုလ်ချုပ်မျှော်မှန်းထားတဲ့အတိုင်း နိုင်ငံတော်ရဲ့ ကောင်းကျိုးကို ကျရာကဏ္ဍက ကြိုးပမ်းဆောင်ရွက်စေချင်တယ်။ တိုင်းရင်းသားပြည်သူတွေအနေနဲ့လည်း ပင်လုံမြေ မှာ အရင်းတည်ခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့အညီ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်၊ အေးအတူပူအမျှ အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်စေချင်တယ်ကွယ်”
ဪ . . . ဘာလိုလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၇)နှစ်တောင်ရှိပြီ၊ မြန်မာပြည်လွတ်လပ်ရေး ရခဲ့တာလည်း (၇၆)နှစ်ရှိခဲ့ပြီကော။ ။
- Log in to post comments