
သျှင်မေ
၂၀၂၄ ခုနှစ် ဇွန်လဒုတိယပတ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိတ္ထီလာမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ နိုင်ငံရေးကိုအကြောင်းပြုပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိရင် တိုးတက်မှုတွေနောက်ကျနေခဲ့မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ်ဆိုပြီး ပြောကြားတာက ယခုမှ ပြောကြားတဲ့စကားရပ် မဟုတ်ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်စဉ် ကာလ ကနဦးကတည်းက လမ်းပြမြေပုံငါးချက်မှာ အရေးအကြီးဆုံး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အရေးပေါ်ကာလကို တာဝန်ယူထားရ ချိန် တစ်လျှောက်လုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုက စစ်မှန်ပြည့်ဝတဲ့ ရွေးကောက်ပွဲကြီး ပြန်လည် ကျင်းပပြီး နိုင်ငံတော်ကို ပိုမိုမြင့်မားတဲ့ အနာဂတ် ဖန်တီးပေးလိုတာပါ။
မည်သို့သောအခက်အခဲ၊ အကျပ်အတည်း မျိုးတွေကမှ တပ်မတော်ရဲ့ စေတနာ၊ နိုင်ငံတော်ရဲ့ မျှော်လင့်ချက်ပန်းတိုင်၊ ပြည်သူတွေရဲ့ တောင့်တမှု အစစ်အမှန်တွေကို မတားဆီးနိုင်တော့ဘဲ လာမယ့် ၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအခင်းအကျင်းသစ်တွေနဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပဖို့ ပြင်ဆင်နေပြီဆိုတဲ့သတင်းက ပြည်သူတွေအတွက် တော့ မျှော်လင့်ချက်ရောင်နီဦး ဖြစ်ပါတယ်။
ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်း နေသလို နိုင်ငံရေးပါတီတွေကလည်း ပြည်သူ အားကိုးအားထားပြုရလောက်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေဖြစ်အောင်၊ ပြည်သူယုံကြည်လောက်တဲ့ စံပြကိုယ်စားလှယ်လောင်းတွေကို ပြည်သူအသိ အမှတ်ပြုအောင် လက်တွေ့သက်သေပြကြရမှာ ဖြစ်သလို ပြည်သူတွေကိုယ်တိုင်ကလည်း မိမိတို့ နိုင်ငံရဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် ပူးပေါင်း ပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း ရုပ်ဆိုး အကျည်းတန်ပြီး သမိုင်းမလှခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုး ဖြစ်ရပ်ဆိုး တွေကို သတိပြုဆင်ခြင်လို့ အကောင်းဆုံး ပြင်ဆင် မှုတွေနဲ့ သမိုင်းဝင်ရွေးကောက်ပွဲအတွက် စစ်မှန် ပြည့်ဝတဲ့ ရွေးကောက်ပွဲကြီးဖြစ်လာစေဖို့ ကြိုးပမ်း ရမယ့် အချိန်ကောင်းဖြစ်ပါတယ်။
အများမျှော်လင့်တဲ့ရွေးကောက်ပွဲ
အခုလို အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတော်က ကြိုးပမ်းနေတာကို ကြိုဆိုထောက်ခံ တဲ့ နိုင်ငံရေးပါတီအများအပြားရှိပြီး ပြည်သူအများစု ကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိုင်တော့မယ့် နေ့ရက်များအတွက် ရင်ခုန် စိတ်လှုပ်ရှားနေကြပါပြီ။ “ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအတိုင်းကြီးသွားနေလို့ မရ ပါဘူး” လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ဖြေကြားထားခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ဆောင်ရွက်ရမယ့် လုပ်ငန်း စဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ မဲစာရင်းမှားယွင်းမှု တွေကို စစ်ဆေးဆောင်ရွက်ပြီးချိန်ကနေစတင်ပြီး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အလေး ထား လုပ်ဆောင်လျက်ရှိပါတယ်။ ရွေးကောက်ပွဲ အကြိုလုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဝန်ထမ်းတွေကိုလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့ မဲရုံဆိုင်ရာ လုပ်ငန်းလမ်းညွှန်၊ လုပ်ထုံးလုပ်နည်း တွေကို နှံ့စပ်ကျွမ်းကျင်စေရန် လေ့လာကြဖို့ ဇူလိုင် ၇ ရက်က မဲဆန္ဒရှင်များစာရင်း စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လက်ရှိ မှာ မှတ်ပုံတင်လျှောက်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၇၀ ဝန်းကျင်ရှိပြီး မှတ်ပုံတင်ခွင့်ပြုချက်ရရှိတဲ့ ပါတီက ၄၉ ပါတီဝန်းကျင်ရှိနေတယ်လို့ သိရှိရ ပါတယ်။
အခက်အခဲများရှိနိုင်သော်လည်း မိမိတို့နိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အတွက် စစ်မက်ဖြစ်ပွားနေတဲ့ မြို့နယ်တွေကိုချန်လှပ်ပြီး ကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲကို လုပ်လို့ရနိုင်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လောက်မြို့နယ်တွေကို လုပ်နိုင်မှ ရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီး ပြဋ္ဌာန်း မထားကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ သူက “ ပီအာစနစ်ကို ကျင့်သုံးမှာဖြစ်လို့ လုပ်နိုင်တဲ့နေရာတွေမှာ လုပ်သွားရင် ရွေးကောက်ပွဲဖြစ်သွားမယ်လို့ ပြောနိုင် ပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၃၃၀ ရှိပါတယ်။ မဖြစ်မနေကျင်းပရမယ့် မဲဆန္ဒနယ် အနည်းဆုံးအရေအတွက်ဆိုပြီး ဖွဲ့စည်းပုံမှာလည်း သတ်မှတ်ထားတာမရှိတဲ့အတွက် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုတာ ယုံကြည် တယ်”လို့ သုံးသပ်ဆွေးနွေးမှုတွေကို သတင်းမီဒီယာ တွေပေါ်မှာ တွေ့ရှိခဲ့ရပါတယ်။
နိုင်ငံရေးထွက်ပေါက်မဟုတ်သော
လမ်းပြမြေပုံအရထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ
ပြည်ပအခြေစိုက် သတင်းမီဒီယာအချို့နဲ့ ပြည်ပြေးသစ္စာဖောက်မီဒီယာတွေမှာတော့ ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ဘူး ဆိုတဲ့ အဖျက်လှုံ့ဆော်မှုတွေ၊ တပ်မတော်အနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်ရှိနေတဲ့အချိန် ထွက်ပေါက် အဖြစ် အသုံးချမယ့်ရွေးကောက်ပွဲ စသည်ဖြင့် လိုရာဆွဲ ပုံဖော်ရေးသားနေကြတာကိုလည်း မြင်တွေ့ရပါတယ်။ အမှန်တော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှာ မဲမသမာမှုတွေကို အချို့ သော မီဒီယာသမားများက သိမြင်ခဲ့ကြကြောင်း သတင်းထောက်အချို့က ထုတ်ဖော်ပြောကြား ခဲ့ဖူးပါတယ်။ သို့သော် အင်အားကြီးပါတီနဲ့ အပေါင်း အပါတွေကြောင့် နှုတ်ဆိတ်နေခဲ့ကြရတယ်လို့ သိရပါတယ်။
ပြည်ပြေးမီဒီယာတွေအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ် တာကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ / လုံ အစည်း အဝေး) အစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ဖတ်ရှုသင့်ပါ တယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယာယီ သမ္မတကို ဆွေးနွေးတင်ပြရာမှာ “နိုင်ငံတော် တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ခြင်းမရှိတဲ့ တည်ဆဲဥပဒေ များတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်နဲ့ တည်ဆောက်သွား မှာဖြစ်တဲ့အပြင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမှာဖြစ်ပြီး အနိုင်ရရှိတဲ့ပါတီကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးအပ်သွားမယ်” လို့ အတိအလင်း တင်ပြဆွေးနွေးခဲ့သလို ပြည်သူလူထု သိရှိအောင် သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
တာဝန်ကြီးလွန်းသည့် နိုင်ငံရေးပါတီများ
ရွေးကောက်ပွဲကျင်းပမယ့်အပေါ် ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ရွေးကောက်ပွဲ ကျင်းပရာမှာ ကျင်းပနိုင်မယ့်နေရာတွေမှာ စတင် လုပ်ဆောင်မယ်လို့ယူဆပြီး နိုင်ငံရေးပါတီများ အနေဖြင့်လည်း မှတ်ပုံတင်ရုံဖြင့်မပြီးဘဲ ပြည်သူ များအတွက် သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု များနဲ့ မျှော်လင့်ချက်များ ပေးအပ်နိုင်ရန် လိုအပ် ကြောင်းနဲ့ ပြည်သူက နိုင်ငံရေးကို ယုံကြည်လာ ကာ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားများအဖြစ် ပြည်သူလူထုရဲ့အခက်အခဲတွေကို ကိုယ်စားပြုပြီး ဆွေးနွေးတာ၊ ရလဒ်ကောင်းတွေရတာမျိုးကို ကြိုးစားသင့်တယ်” လို့ သူ့အမြင်ကို ထုတ်ဖော် ပြောကြားထားတာရှိပါတယ်။
ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေက အဓိကအရေးကြီးပြီး နိုင်ငံရေးပါတီတွေရဲ့ အရည် အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို စနစ် တကျ ရွေးထုတ်နိုင်မှသာ အစိုးရကောင်းကို လွှတ်တော်က မွေးဖွားပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံ ရေးပါတီတွေဟာ ပြည်သူလူထုအကျိုးစီးပွားအတွက် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ တိုင်းပြည် တည်ငြိမ်ရေးအတွက် တာဝန်ရှိသကဲ့သို့ ဒေသတွင်း က တိုင်းရင်းသားပြည်သူလူထုကို စောင့်ရှောက် ကြရမယ့်လူများ ဖြစ်ပါတယ်။
နိုင်ငံတကာမှာလည်း နိုင်ငံရေးပါတီတွေက နိုင်ငံရဲ့သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေးတို့ကို အခြေခံပြီး ခိုင်မာတဲ့မူဝါဒတွေချမှတ်လို့ အင်အား တောင့်တင်းအောင်တည်ဆောက်ပြီး ပြည်သူ့ အကျိုးပြုနေကြတာကို တွေ့ရှိရပါတယ်။ ကမ္ဘာပေါ် မှာ နိုင်ငံပေါင်း ၂၆၅ နိုင်ငံအနက် ပါတီစုံစနစ် ကျင့်သုံးတဲ့နိုင်ငံ ၁၂၀ ကျော်၊ အင်အားကြီးပါတီ အချို့ရဲ့ အလွှမ်းမိုးခံ ပါတီစုံစနစ်ကျင့်သုံးတဲ့ နိုင်ငံ ၅၀ ကျော် ရှိပါတယ်။ တစ်ပါတီဦးဆောင်တဲ့ နိုင်ငံ ရေးပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံ ကိုးနိုင်ငံရှိပါတယ်။ ဘယ်လိုစနစ်ကျင့်သုံးတာဖြစ်စေ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို နိုင်ငံရေး ပါတီတွေက ထိန်းသိမ်းကာကွယ်ကြဖို့ တာဝန် ရှိပါတယ်။
နိုင်ငံရေးအားကောင်းတဲ့ ပါတီတွေအနေနဲ့ ယခုအခင်းအကျင်းမှာ ပါဝင်လာသင့်ပြီး သို့မှသာ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အင်အားစု တွေ ကျယ်ပြန့်လာနိုင်တယ် လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ နိုင်ငံရေးကျွမ်းကျင်သူအချို့ကတော့ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲက အစိုးရရဲ့ ထွက်ပေါက် မဟုတ်ဘဲ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်ဦးမော့လာစေဖို့ အမြန်ဆုံးကျင်းပနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ရွေးကောက်ပွဲအခင်းအကျင်းသစ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းနှစ်မျိုး နဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ကျင်းပတဲ့ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) မှာ ထည့်သွင်းပြောကြားထားခဲ့ပါတယ်။ ထို့အတူ ယခုနှစ် မတ်လအတွင်းမှာ ပြည်ပမီဒီယာနဲ့တွေ့ဆုံ မေးမြန်းမှုမှာတော့ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ ဖြေကြားခဲ့ပါ တယ်။
ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် ကာကွယ်တဲ့ဥပဒေတွေကို လည်း ရေးဆွဲပြဋ္ဌာန်းထားသင့်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူများက အကြံပြုကြပါတယ်။ ထို့အတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကိုလည်း လုံခြုံတဲ့ဒေသတွေမှာသာ စည်းရုံးတာ၊ မီဒီယာ ပလက်ဖောင်းတွေနဲ့ အွန်လိုင်းကနေ စည်းရုံးတာ စတဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ပုံစံအသစ် တွေကို ချမှတ်ထားသင့်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။
တစ်ချိန်က ရွေးကောက်ပွဲပြန်လည်ကျင်းပမှာကို ဆိုးဆိုးရွားရွား ကန့်ကွက်သံတွေ ညံခဲ့ကြပေမယ့် အချိန်ကာလအပြင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပ နိုင်ရေး ကြိုးပမ်းချက်တွေအပေါ် နားလည်စပြုလာ တဲ့ ပြည်ပနိုင်ငံအချို့ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောကြားထား ခဲ့ပါတယ်။ အရင်က ဆန့်ကျင်ခဲ့တဲ့ နိုင်ငံအချို့ဟာ အခုအချိန်မှာ ပြည်သူအတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခြင်းကသာ အကောင်းဆုံးအဖြေ ဖြစ်တာကို သိရှိလာကြပြီး ကန့်ကွက်သံတွေ လျော့နည်းလာတယ်လို့လည်း သူကဆက်ပြောထား ပါတယ်။ ရွေးကောက်ပွဲကို ပါတီကြီးတစ်ခုကပဲ အပြတ်အသတ်နိုင်တယ်ဆိုတာမျိုးမဟုတ်ဘဲ မျှတ တဲ့ ရွေးကောက်ပွဲအဖြစ် ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပါတီတွေ ပါဝင်ကြဖို့သင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက တွေ့ဆုံမေးမြန်း ခန်းတစ်ခုမှာ ဖြေကြားထားခဲ့ပါတယ်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှသည် မဲစာရင်းမှန်ကန်ခြင်းဆီသို့
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို လာမယ့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူ သွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် စာရင်းကောက်ကွက် စုစု ပေါင်း ၁၁၀၀၀၀ ခန့် ရှိပြီး စာရင်းစစ်၊ စာရင်းကောက် အင်အား လေးသောင်းနဲ့ အသုံးပြုကောက်ယူမှာ ဖြစ်ပါတယ်။ စာရင်းကောက်ယူရာမှာလည်း အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု ပါဝင်ပြီး အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခု မေးမြန်းကောက်ယူသွားဖို့ ပြင်ဆင်လျက် ရှိပါတယ်။ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေ စာရင်းကိုတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်နိုင်စေဖို့ ရည်မှန်းထားပါတယ်။
“ရွေးကောက်ပွဲက နိုင်ငံတော်အစိုးရ၏ ထွက်ပေါက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ထွက်ပေါက်ဖြစ်နိုင်တယ်” လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက က မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေကြား ခဲ့ပါတယ်။ ရွေးကောက်ပွဲအကျိုးဆက်အဖြစ် နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ မြင့်မားလာပြီး လွှတ်တော်ပေါ်လာတာ၊ အစိုးရသစ်ပေါ်လာတာ တွေက အာဏာချိန်ခွင်လျှာ မျှတလာနိုင်ခြေရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လက်ရှိ အထွေထွေအကျပ်အတည်းတွေကနေ ဦးမော့လာ နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲက သမိုင်းဝင် မသမာမှု များစွာနဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ်။ ဒီမိုကရေစီ ဆိုတာ အများရဲ့ဆန္ဒနဲ့ ဆောင်ရွက်ရတာဖြစ်ပြီး အများရဲ့ဆန္ဒကလည်း စစ်မှန်ပြီးရိုးသားတဲ့ နိုင်ငံ ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ မဲစာရင်းကွာဟမှုတွေ၊ လွဲမှားမှုတွေကို စစ်ဆေးပေးဖို့ နိုင်ငံတော်သမ္မတမှ သည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ထံကို နည်းလမ်းတကျ အကြိမ်ကြိမ်တင်ပြမှု၊ ထောက်ပြ ဝေဖန်မှုတွေကို ဂရုမမူခဲ့ဘဲ ရိုးရိုးဖြေပါက အောင်နိုင် ခြေရှိတဲ့ စာမေးပွဲကို မသမာတဲ့နည်းလမ်းတွေနဲ့ အမှတ်မတန်တဆ ရယူလိုတဲ့ အကျိုးဆက်အဖြစ် ပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ လျှောက်လှမ်းကြ ရမယ့် ဒီမိုကရေစီခရီးလမ်း တစ်စစီကျိုးပဲ့ခဲ့ရပါ တယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲပြုလုပ်တာ၊ ဆန္ဒမဲပေးတာက ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါ တယ်။ မိမိတို့ပြည်သူတွေ မျှော်လင့်နေကြပါသော လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အမြန်ဆုံး စတင် နိုင်စေဖို့နဲ့ မြန်မာနိုင်ငံတော်ကြီး စစ်မီးလျှံတို့ ငြိမ်းအေးကာ အေးချမ်းသာယာပါစေကြောင်း ဆုတောင်းမျှော်လင့်နေမိပါတယ်။ ။
- Log in to post comments