ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေဒေသများအတွင်း MNDAA၊ TNLA ၊ AA နှင့် ၎င်းတို့အား ပါဝင်ကူညီနေကြသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံရေး ပါတီ(၂၃) ပါတီတို့က ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း ပူးတွဲ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များဟု ဆိုရာတွင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သော လူနေရပ်ကွက်များကို အဝေးမှလက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်း၊ ဒရော့ဗ်ဗုံးများ ကြဲချခြင်း၊ ၎င်းတို့ ထိန်းချုပ် ထားသည့် နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ၎င်းတို့နှင့် လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများကို အဓမ္မခြိမ်းခြောက် နှင်ထုတ်ခြင်း စသည်တို့ဖြစ်ပြီး ယင်းလုပ်ရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင် ကြသည့် နိုင်ငံဖြစ်သည့်အလျောက် နေရာဒေသအနှံ့အပြားတွင် အတူရောနှော ပျံ့နှံ့နေထိုင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးသည် ပြည်ထောင်စုသားအားလုံး နေထိုင် ခွင့်ရှိသည့် ရေမြေပင်ဖြစ်သည့်အလျောက် ကိုးကန့်၊ ပလောင်၊ ရခိုင်အပါအဝင် တိုင်းရင်းသားများ ပြည်တွင်းရှိ နေရာတိုင်းတွင် ရှိနေသည်။ မိမိတို့နိုင်ငံသည် လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍ ခွဲခြား ခြင်းမရှိ။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံသားတိုင်း အခွင့်အရေးတူ၊ တန်းတူသာလျှင် ဖြစ်သည်။ လက်ရှိအခြေအနေ တွင် လက်တွေ့လုပ်ရပ်များအရ စစ်အာဏာရှင်ဝါဒနှင့် လူမျိုးကြီး ဝါဒတို့ကို ကျင့်သုံးနေကြသူများမှာ မြောက်ပိုင်း (၃) ဖွဲ့ ခေါ် MNDAA ၊ TNLA နှင့် AA တို့ပင်ဖြစ်သည်။ ၎င်းတို့ဝင်ရောက် ထိန်းချုပ်ရာ ဒေသများတွင် ၎င်းတို့ ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည့် နိုင်ငံသားအခွင့်အရေးချိုးဖောက်မှု၊ လူ့အခွင့်အရေးချိုးဖောက် မှုများစွာတို့မှာ ဖုံးဖိ၍မရအောင် ပေါ်ထွက်လာနေပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန့်ကျင်မှုများမှာလည်း အရှိန်အဟုန်မြင့်မားစွာ ထွက်ပေါ်လာလျက်ရှိနေသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားကို ပြိုကွဲပျက်စီးအောင် ဖျက်ဆီးနေကြခြင်းဖြစ်သည်။ အဆိုပါ သုံးချက်ပြိုကွဲပျက်စီးသွားမည်ဆိုပါက နိုင်ငံလည်း ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ နိုင်ငံအတွင်း သူတစ်လူ ငါတစ်မင်းနှင့် စည်းလုံးညီညွတ်မှုကင်းမဲ့ချိန်၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်ချိန်တွင် နယ်ချဲ့တို့၏ ကျူးကျော်သိမ်းပိုက်မှုကို ခံရပြီး အခြားနိုင်ငံ၏ ပြည်နယ်ဘဝသို့ရောက်ရှိကာ ကမ္ဘာမြေ ပေါ်မှ မြန်မာပြည်တစ်ကြိမ် ပျောက်ကွယ်ခဲ့ဖူးပြီး ဖြစ်သည်ကို အမှတ်တရ ပြန်လည်သင်ခန်းစာယူကြရန်လိုသည်။ နိုင်ငံရေး အလိုဆန္ဒ အမှန်တကယ်ရှိပါက မြို့ရွာများ ပျက်စီး၊ ပြည်သူများ လည်းသေကျေ၊ ဘဝများစွာကို ထိခိုက်ဆုံးရှုံးစေသည့် စစ်ရေး နည်းလမ်းအစား လမ်းဖွင့်ထားဆဲဖြစ်သော နိုင်ငံရေးနည်းလမ်း များရှိနေသည်ကို ရွေးချယ်ကြရမည်ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ ဝင်ရောက်ခဲ့ သည့် ဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက် မှုများစွာတို့မှာ မီဒီယာများပေါ်သို့ ရောက်မလာဘဲ ပျောက်ကွယ် သွားရသည်များလည်း ရှိနေသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေမှန်များနှင့် ကွဲလွဲလျက်၊ ဆန့်ကျင် လျက် ပြည်ပမီဒီယာများနှင့် ပြည်ဖျက်မီဒီယာများက ၎င်းတို့ လိုသလို သတင်းများကို ပုံဖော်ခြင်း၊ သတင်းတု သတင်းမှားများ ထုတ်လွှင့်ခြင်းတို့ ပြုလုပ်နေကြစေကာမူ မြေပြင်တွင် အကြမ်းဖက်သောင်းကျန်းသူတို့၏ အဓမ္မဝါဒ အဖျက်လုပ်ရပ်များ အပေါ် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လက်မခံ၊ ဆန့်ကျင်၊ ရှုတ်ချကြပါကြောင်း။ ။