ငုံးဥပြုတ်သည်ကလေးများ

Type

 

ကို (တက္ကသိုလ်)

၂၀၁၇ ခုနှစ် နိုဝင်ဘာလထုတ် မြဝတီမဂ္ဂဇင်းပါ ကဗျာတစ်ပုဒ်ကို ဖတ်မိ၍ ဤဆောင်းပါးကို ရေးပါသည်။ ကဗျာသည် ရုပ်သိပ်မလှသော်လည်း စိတ်အလွန်လှ သည့် မိန်းကလေးနှင့် တူလေသည်။ ကဗျာဆရာ့ ကိုယ်တွေ့ သို့မဟုတ် တစ်ဆင့်ကြားကို ရေးဖွဲ့ပုံရသည်။ ကဗျာရေးသူသည် ယခုအခါတွင် မဂ္ဂဇင်းတစ်စောင်၌ စာတည်းဖြစ်နေပြီ။ ကဗျာကို အပိုဒ် လေးပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။
နိဒါန်းချီသော ပထမအပိုဒ်တွင် ကဗျာဆရာ၏ လတ်တလော   ဒုက္ခကို   ဖော်ပြသည်။   သူ့ဒုက္ခမှာ ငွေကြေးပြတ်လပ်မှု၊       ငွေကြေးကျပ်တည်းမှု ဖြစ်သည်။ အဝေးပြေးလိုင်းကားကြီးကို စီးလာသော် လည်း    သူ့အိတ်ထောင်က    ပြားချပ်နေသည်။ ကြားစခန်းတွင် ကားခေတ္တရပ်နားချိန် ခရီးသည်များ ဖွယ်ဖွယ်ရာရာ ဝယ်စားကြသော်လည်း သူဝယ်မစား နိုင်ချေ။  သူ့မှာ   ငွေကြေးအနည်းငယ်သာ  ပါလာ သည်။   ရှေ့တွင်  သုံးစွဲရဦးမည်ကို   တွက်ချက်၍ ခြိုးခြံချွေတာရပုံပေါ်သည်။   သူလည်း  ဆာရှာပေ မည်။  ဆိုင်ခန်းတန်းကြီးတစ်လျှောက်  လတ်လျား လတ်လျားလျှောက်ရင်း    ပူဆာသောဝမ်းမီးကို  ရေသောက်ငြှိမ်းသတ်ရပုံမှာ ကရုဏာသက်ဖွယ်ပင်။   ပထမအပိုဒ်ကို အောက်ပါအတိုင်း ရေးဖွဲ့ထားသည်-
တစ်နေ့ခါတွင်
ငါလျှင်ခရီး၊ ဆက်နေပြီး၍
ကြီးမားဒုက္ခ၊ ဖြစ်လာရသည်
ပါးလျငွေကြေး၊ နည်းငယ်လေးဖြင့်
အဝေးပြေးကား၊ ခေတ္တနားသော်
စားရန်မလောက်၊ ဟိုသည်လျှောက်ကာ
ရေသောက်၍သာ နေရစဉ် . . . . ။
ဝမ်းမီးကို ရေသောက်ငြှိမ်းသတ်နေစဉ် ကဗျာ ဆရာ့အာရုံက      မူလတန်းကျောင်းသားအရွယ် ကလေးတစ်စုထံ     ရောက်သွား၏။   ငုံးဥပြုတ် ရောင်းနေကြသူ ကလေးတွေဖြစ်သည်။ ငုံးဥပြုတ် တွေထည့်ထားသော          ပလတ်စတစ်အိတ်     အထုပ်ကလေးများကို  ကိုင်ကာ  မြှောက်ကာဖြင့် “တစ်ထုပ်နှစ်ရာ . . .  တစ်ထုပ်နှစ်ရာ” ဟု  ချစ်ချစ် တောက် ပူလောင်သော  နေပူရှိန်ကို  အန်တုကာ ဈေးရောင်းနေကြပုံကို . . . .
“တစ်ထုပ်နှစ်ရာ”၊ တစာစာနှင့်
ယူပါ ဝယ်ပါ၊ အော်ဟစ်ကာဖြင့်
နွေရာသီဟူ၊ ထိုအပူကို
သူတို့တွန်းလှန်၊ ဇိမ်မခံဘဲ
မှန်စွာရောင်းမှု၊ နေ့စဉ်ပြုသည်
ငုံးဥပြုတ်သည်ကလေးများ . . . . ဟု   ဖွဲ့ဆို လေသည်။
ရသစာရေးဆရာ၊ ကဗျာဆရာ စသော Creative Art သမားများသည် သူများတကာထက် စူးရှသော အမြင်အတွေးရှိတတ်ကြသည်။ ကဗျာဆရာသည် ဈေးသည်ကလေးတွေ      ဈေးရောင်းနေတာပဲဟု သာမန်ကာလျှံကာမြင်ရုံနှင့် ပြီးမသွားဘဲ မေးမြန်း စူးစမ်းလေသည်။  ထိုအခါ  မိဘတွေ၏  စီးပွားရေး အခက်အခဲနှင့် ပညာရေးအလေးထားပုံကို သိမြင် လိုက်လေသည်။    စတုတ္ထတန်း    အောင်မြင်ပြီး ပဉ္စမတန်းတက်မည့်   ကျောင်းသားကလေးတစ်စု သည်     ဝ့ဒီပြင်ကျောင်းသားတွေ     နားနေသော နွေကျောင်းပိတ်ရက်တွင်  သမ္မာအာဇီဝ  (‘မှန်စွာ ရောင်းမှု’ဟု     ကဗျာတွင်ဖွဲ့ဆို)     ဈေးရောင်းကာ ကိုယ့်အားကိုယ်ကိုး၍  နောက်နှစ်အတွက် ကျောင်း စရိတ် ရှာဖွေစုဆောင်းခြင်းဖြစ်လေသည်။ မိဘတွေ ကို အရွယ်နှင့်မလိုက်အောင် ကူညီခြင်းဖြစ်သည်။
ဆင်းရဲသော ဈေးသည် ကျောင်းသားကလေး များကို   ကဗျာဆရာက   အညွန့်တုံး  ဘဝဆုံးမည့် သူများအဖြစ်     နှိမ့်ချမမြင်သလို၊     အမှတ်တမဲ့ လျစ်လျူရှုသွားခြင်းလည်း မရှိဘဲ ၊ အညွန့်တလူလူ နှင့် နောင်တစ်ခေတ်၏ မျိုးဆက်သစ်၊ တိုင်းပြည်၏ သွေးရင်းသားရင်း     အားထားရမည့်သူများအဖြစ် မျှော်မှန်းအားပေး ရေးဖွဲ့ထားလေသည်။
မေးမြန်းကြည့်သော်၊ လေးတန်းကျော်ပြီး
မိတ်ဖော်ပေါင်းဖက်၊ ငါးတန်းတက်မည့်
မျိုးဆက်သစ်များ၊ ပြည့်သွေးသားသည်
ကိုယ့်အားကိုယ်ကိုး၊ အားမာန်ကြိုး၍
နိုးကြားဖွေရှာ၊ စရိတ်ကာအောင်
သူငါနားလျက်၊ ကျောင်းပိတ်ရက်မှာ
မပျက်နေ့စဉ် ရောင်းသတည်း။
နိဂုံးအပိုဒ်ကို ရောက်လာပါပြီ။ ငုံးဥပြုတ်ရောင်း ၍ ကျောင်းစရိတ်ရှာသော ကလေးငယ်တို့၏ ဘဝနှင့် အားမာန်ကို သိမြင်လိုက်သောအခါ ကဗျာဆရာ ဘာလုပ်ပါသနည်း။ ကလေးများသည် တိုင်းပြည်၏ ခွန်အားများဖြစ်သည်ဟု အလင်္ကာသုံး၍ ဖွဲ့ဆိုလိုက် သည်။ သူတို့၏လုပ်ရပ်ကြောင့် ငယ်ပင်ငယ်ငြား သော်လည်း     လေးစားသွားလေသည်။    သူတို့ ရည်မှန်းချက်ကို       တစ်ဖက်တစ်လမ်းက      ကူညီ ဖြည့်ဆည်းပေးလိုသော      စေတနာသဒ္ဓါတရား  တဖွားဖွားပေါ်လာသည်။     ထို့ကြောင့်    ကိုယ့်ဝမ်း ကိုယ်ပင် မဖြည့်နိုင်လောက်အောင် ချွေတာခြိုးခြံ  နေရသော  ကိုယ့်ဒုက္ခ၊  ကိုယ့်အကျပ်အတည်းကို လျစ်လျူရှုကာ  ရှိစုမဲ့စုပါသမျှ  ငွေကြေးကို  ပညာ ရေးဒါနအဖြစ် ကုသိုလ်ယူလိုက်လေသည်။ သူဝမ်း ဖြည့်နေသော ရေချိုရေသန့်ကိုပင်  နေပူဒဏ်ခံနေရ သော    ဈေးသည်ကလေးတွေ   ရင်အေးမြအောင် တိုက်လိုက်ပါသေးသည်။        ဤလုပ်ရပ်အတွက် (၁) သူလည်း  ဝမ်းသာပီတိဖြစ်ရပြီး (၂) ကလေးတို့ လည်း       ရွှင်လန်းသွားကြပါသည်ဟု . . . . အောက်ပါအတိုင်း ရေးဖွဲ့နိဂုံးချုပ်လိုက်ပါလေ၏။
ထိုကလေးများ၊ ပြည့်ခွန်အားကို
လေးစားစိတ်မှာ၊ စေတနာကြောင့်
များစွာပေးမည့်၊ ငွေမရှိလည်း
ပါသည့်ငွေစ၊ နည်းငယ်မျှဖြင့်
ပြုရကုသိုလ်၊ ရေသန့်ချိုနှင့်
ပိုသည့်ငွေကြေး၊ ဝေမျှပေးသည်
အေးချမ်းကြည်နူး ပီတိဝေ။
ကလေးတို့လည်း ရွှင်လန်းစေ။   ။
အထက်တွင် ရေးခဲ့သလို ရုပ်သွင်မှာ ရွက်ကြမ်း ရေကျိုဖြစ်သော်လည်း    စိတ်စေတနာအလွန်လှ သော ကဗျာလေးဖြစ်ပါသည်။ အရောင်ဆိုးခြင်း မခံရသော    ငုံးဥပြုတ်သည်ကလေးများ    ဖြစ်လေ သည်။ ပညာလိုလားသူကလေးတွေ ဖြစ်လေသည်။ လူငယ်ပညာရေးကို ပါးစပ်ဖြင့်မပြောဘဲ မရှိရှိတာ ကို     လက်တွေ့မျှဝေ    ပြလိုက်သော   ပန်းချီကား တစ်ချပ်ဖြစ်သည်။ ဒီလိုပန်းချီကားတွေ များများ ရေးဆွဲနိုင်ကြစေလိုသည်။        မြဝတီမဂ္ဂဇင်းပါ “ငုံးဥပြုတ်သည်ကလေးများ” ကဗျာကို ကျွန်တော် အဲဒီလို ခံစားလိုက်ရပါသည်။        ။