စာပေဂုဏ်ဆောင် ဆရာကြီး ဌေးမောင်

Type
1

 

နုနုယဉ် (စာပေဗိမာန်)
 

ယမန်နေ့မှအဆက်


ကလေးလူငယ်စာပေနှင့် စာနယ်ဇင်းများစာတမ်း


၁၉၇၅ ခုနှစ် စာနယ်ဇင်းသမိုင်း ဟောပြောပွဲတွင် ဆရာဌေးမောင်က “ကလေးလူငယ် စာပေနှင့် စာနယ်ဇင်းများ” စာတမ်းကို တင်သွင်းခဲ့သည်။
“ယနေ့ ကလေးလူငယ်တို့သည် နောင်တစ်ချိန် ၌  လူ့ဘောင်ကြီးကို  ဦးဆောင်ပဲ့ကိုင်မောင်းနှင် ကြမည့် လူကြီးများ ဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ကလေးလူငယ်တို့ကို ပေါ့ပေါ့သဘောထား၍  မဖြစ် ပါ။ လျစ်လျူရှုထား၍ မဖြစ်ပါ။  သူတို့  လူတော် လူကောင်းကလေးတွေ ဖြစ်လာအောင်၊ ယဉ်ကျေး လိမ္မာအောင်၊  ခေတ်ပညာပြည့်စုံအောင်၊  အကျင့် စာရိတ္တကောင်းအောင်၊ အများအကျိုးဆောင်ရွက် တတ်အောင်၊  မျိုးချစ်စိတ်ထက်သန်ပြီး  နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ကြအောင် ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးထားမှ၊ လေ့ကျင့်ပေးထားမှ နိုင်ငံ၏ အနာဂတ်ရေးအတွက် စိတ်အေးကြရမည် ဖြစ်သည်။


“ဤသို့မဟုတ်မူဘဲ   ကလေးသူငယ်တို့ကို လောလောဆယ် လျစ်လျူရှုထားလျှင်   သို့မဟုတ် လုံလောက်အောင် ထိန်းကျောင်းပြုပြင် ပျိုးထောင် ပေးခြင်းကို မဆောင်ရွက်နိုင်လျှင် ကလေးလူငယ်တို့ လူညံ့လူဆိုးကလေးတွေ၊ အကျင့်ပျက်ကလေးတွေ၊ တာဝန်မဲ့ ကလေးတွေ ဖြစ်ကုန်ကြကာ  ယခု လူငယ် ပြဿနာ သောင်းပြောင်းထွေလာ ပေါ်ပေါက်နေ သလို   နောင်အနာဂတ်တွင်လည်း  ယခုထက် ပိုမိုဆိုးရွားသောအခြေအနေ      နိုင်ငံအတွင်း၌ ပေါ်ပေါက်နိုင်စရာ ရှိပေသည်” ဟု   စာတမ်းတွင် ရေးသားဖော်ပြထားရာ  တိုင်းပြည်၏     အနာဂတ် အရေးအတွက် ဆရာကြီး၏ အမြော်အမြင်ကြီးမှု၊ ကြိုတင်တွက်ဆ    မျှော်မှန်းမှု၊   စေတနာထားမှု၊ မေတ္တာထားမှုတို့ကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်                                      ရလေသည်။
ထို့ပြင် ၁၉၅၉  ခုနှစ်      ဇန်နဝါရီလထုတ် သိမ်းမဂ္ဂဇင်းတွင် ရေးသားခဲ့သော “ကလေး စာအုပ် ကာတွန်းများ”     ဆောင်းပါးတွင်     ဆရာကြီး ဌေးမောင်က-


“ကလေးစာအုပ်၊ လူကြီးစာအုပ်ဟု ခွဲခြားလိုက် ပြီးလျှင် ဘယ်စာအုပ်က အရေးကြီးပါသနည်းဟု ဆန်းစစ်ကြည့်ခဲ့သော် လေးလေးနက်နက် တွေးဆ သူတိုင်းက  ကလေးစာအုပ်များက ပိုမိုအရေးကြီး ကြောင်း အဖြေပေးကြပေလိမ့်မည်။


“အဘယ်ကြောင့်နည်းဆိုလျှင် လူကြီးစာအုပ် များ၌ မတော်သည့်အကြောင်း၊ သို့မဟုတ် အမှား အယွင်းပါခဲ့သော်    ဖတ်ရှုသူ   လူကြီးကိုယ်တိုင်က အသိဉာဏ် အတော်လုံလောက်ပြီးသား ဖြစ်နေ၍ မတော်တာကို  ပယ်လိမ့်မည်။  မှားယွင်းတာကို ပြုပြင်လိမ့်မည်။ ကလေးများကား  ဤသို့မဟုတ်၊ သူတို့ကိုယ်တိုင်၌ အသိဉာဏ် နုနယ်လှသေးသဖြင့် စာအုပ်ပါသမျှကို အမှန်တွေချည်း၊ အကောင်းတွေ ချည်းဟု  ယုံကြည်လက်ခံကာ     အတုယူတတ် ကြသည်။ 


“ထို့ကြောင့် ကလေးများအတွက် စာအုပ်တွေ မကောင်းခဲ့လျှင် ကလေးတွေ ပျက်စီးမည်မှာ အမှန် ဖြစ်သည်။ ထို့ကြောင့် ကလေးတို့၏ နောင်ရေးကို စိတ်ဝင်စားသော သူတိုင်းသည် ယနေ့ ပလူပျံအောင် ဖြစ်ပေါ်လျက်ရှိသည့်     “ကလေးများအတွက်ဟု ဆိုသော      ကာတွန်းစာအုပ်များ’ အကြောင်းကို ဆန်းစစ်သုံးသပ်ကြပါ”ဟု   လမ်းညွှန်ခဲ့သည်မှာ  ယနေ့ ကလေးစာပေ ရေးသားထုတ်ဝေ ဖြန့်ချိနေသူ များအတွက် တန်ဖိုးမဖြတ်နိုင်သော သတိမူစရာ၊ သင်ခန်းစာယူစရာ၊ အတုယူစရာ အကြံကောင်း၊ ဉာဏ်ကောင်းများပင် ဖြစ်ပေသည်။


နုမှသည် တိုက်ပွဲခေါ်သံစာအုပ်


ဆရာဌေးမောင်သည် ရန်ကုန်၌ အခြေချကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တော့မည်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၅၂ ခုနှစ် ဇူလိုင်လ ၂၅ ရက် (သောကြာနေ့)တွင် ချောက်မြို့   ဇာတိမြေမှ မင်းတုန်းသင်္ဘောဖြင့် စုန်ဆင်းခဲ့သည်။ မင်းတုန်း သင်္ဘောမှာ ချောက်မြို့ ဘီအိုစီကုမ္ပဏီမှ ဓာတ်ဆီ များကို   ရန်ကုန်သို့   ပို့ဆောင်သောသင်္ဘော ဖြစ်သည်။    ဆရာဌေးမောင်သည်    နုအမည်ရှိ ဝတ္ထုရှည်တစ်ပုဒ်ကို စာပဒေသာတိုက်သို့ ပို့ထား သည်။  နုဝတ္ထုမှာ  စစ်အတွင်း  အမြင်အတွေ့များ အပေါ်မူတည် ရေးသားသောဝတ္ထုဖြစ်၍  ဆင်းရဲသူ မိန်းကလေးတစ်ယောက်သည်  ရိုးသားစွာ  အသက် မွေးရန်  ကြိုးစားအားထုတ်ရင်း  ခေတ်နှင့်  စားဝတ် နေရေး    အကျပ်အတည်းကြောင့်     အဆုံးတွင် ပြည့်တန်ဆာဖြစ်ရပုံကို ဖော်ပြထားသည်။
၁၉၄၈ ခုနှစ် မေလထုတ်     ရှုမဝမဂ္ဂဇင်းတွင်   နု  ဝတ္ထုရှည်ပါလာ၏။  ထိုဝတ္ထုကမှ   စတင်၍ ဌေးမောင်ကလောင်အမည်ကို     အသုံးပြု၏။ တစ်နည်းအားဖြင့်    နုဝတ္ထုသည်  ဆရာကြီး ဌေးမောင်၏ ပထမဆုံးမှတ်တိုင်ဟု ဆိုနိုင်လေသည်။


‘နုမှသည် တိုက်ပွဲခေါ်သံ’ စာအုပ်၏ နိဂုံးချုပ် အမှာတွင် “စာပေနှင့် ဘဝအတွေ့အကြုံ တစ်စိတ် တစ်ဒေသကို ရိုးသားစွာ ဖော်ပြလိုရင်းသဘောဖြင့် ဤစာအုပ်ကို   ရေးသားခြင်းဖြစ်သည်။  တိမ်းပါး ချွတ်ချော်မှု ပါရှိလျှင် မေတ္တာထား၍ ခွင့်လွှတ်နိုင် ကြလိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု ရေးသား ထားသည်မှာ   ဆရာဌေးမောင်၏    မိမိကိုယ်ကိုယ် နှိမ့်ချသော ရိုးဂုဏ်ပင် ဖြစ်ပေသည်။


အယ်ဒီတာမှ စာပြင်ဆရာသို့
“ကျွန်တော် စာပြင်ဆရာအလုပ်တစ်ခုတည်းပဲ လုပ်ပါမယ်”


သွေးသောက်မဂ္ဂဇင်းတွင်   ဆရာဌေးမောင် တိုက်ထိုင်စာတည်းလုပ်နေစဉ် မဂ္ဂဇင်း၌ စာအမှား အယွင်း များပြားနေမှုနှင့်ပတ်သက်၍ ဦးကျော်ရိုး (ဆရာပြည့်စုံ) က “ဒီလိုချည်းဆိုရင်တော့  မဖြစ် ဘူး”ဟုဆိုရာ ဆရာဌေးမောင်က အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။ 


ဆရာဌေးမောင်၏     စကားကိုကြားရသော ဆရာပြည့်စုံက ရုတ်တရက် အံ့အားသင့်သွားသည်။ 
“စာတည်းအလုပ်တွေ    မလုပ်ရဘဲ   စာပြင် အလုပ်တစ်ခုတည်းပဲ   ဖိဖိစီးစီးလုပ်ရရင်   ခုလို အခြေအနေဆိုးမှာ   မဟုတ်ပါဘူး”ဟု     ဆရာ ဌေးမောင်က   ဆက်ရှင်းပြရာ-


“စာပြင်ဆရာအလုပ်ပဲလုပ်ရင်     အယ်ဒီတာ လခရမှာ မဟုတ်ဘူး”ဟု ဆရာပြည့်စုံက ပြောလိုက် သည်။ 
“ဟုတ်ပါတယ်၊ စာပြင်လခပဲပေါ့”


ထိုစဉ်က သွေးသောက်မဂ္ဂဇင်းကို ခဲစာလုံး စာစီပြီး ထုတ်ဝေရာ မဂ္ဂဇင်းတိုက်တွင် စာပြင်ဆရာ (ပရုရီဒါ)  တစ်ယောက်ရှိ၏။   စာပြင်ဆရာမှာ အသက်ကြီးကြီး၊  မျက်စိမှုန်မှုန်နှင့်  လူပြန်တော် တစ်ယောက်ဖြစ်သဖြင့်        ပါဠိပါဌ်သားဘက်၌ ကျွမ်းကျင်သော်လည်း  ခေတ်ပေါ်ဝေါဟာရများ၊ နိုင်ငံရပ်ခြား အကြောင်းအရာများ၊ နိုင်ငံခြားစကား လုံးများ၊ အစဉ်တိုးတက်နေသည့် သိပ္ပံပညာရပ် ဆိုင်ရာ    ထွေပြားလှသည့်   စကားလုံးများနှင့်မူ အတော် ‘စိမ်း’ နေလေသည်။ ထိုအချက်များနှင့် မျက်စိမှုန်ခြင်း၊ မျက်စိလျှမ်းတတ်ခြင်းတို့ ပေါင်းစပ် လိုက်သောအခါတွင် စာပြင်ဆရာ  ပြင်ထားသောစာ များ၌ အမှားအယွင်းများစွာ  ကျန်နေတတ်တော့၏။ 


ထို့ကြောင့်  ကော်လံလိုက် စာရှည်ကြီးစီထား သည့် ဂယ်လီပရု၊ စာမျက်နှာဖွဲ့ပြီးသော မျက်နှာပရု၊ နောက်ဆုံး စက်ပေါ်တင်၍ ပုံမနှိပ်မီ စက်ပရု စသည် ဖြင့် အဆင့်ဆင့်စစ်ဆေးရာ စက်ပရုတွင် အမှားများ နေလျှင် ပြင်ရခက်၏။ စာကျ၊ စာပိုတွေ့ရလျှင်ကား ပို၍ခက်ခဲ ကြန့်ကြာသည်။ စာအုပ်အချိန်မီ ထွက်နိုင် အောင် အချိန်လု၍ လုပ်ကိုင်နေရချိန်တွင် အလုပ်ရှင် အတွက်    သည်းမခံနိုင်စရာ   ဖြစ်နေပေတော့ သည်။ 


ဆရာဌေးမောင်သည်   ထိုအမှုကိစ္စအတွက် မည်သူ့တွင်   တာဝန်ရှိသည်ကို  သိသော်လည်း မဂ္ဂဇင်း အချိန်မီထွက်ရှိရေး၊ ပုံနှိပ်ပြီးထွက်လာသော မဂ္ဂဇင်းတွင်     အမှားအယွင်း   အကျအပေါက် ကင်းစင်ရေး၊ အလုပ်ရှင် ဆရာပြည့်စုံ  စိတ်အနှောင့် အယှက်မဖြစ်စေရေးတို့အတွက်      တိုက်ထိုင် အယ်ဒီတာအဆင့်မှ စာပြင်ဆရာအဆင့်သို့ ဆင်း၍ စာပြင်အလုပ်တစ်ခုတည်းကိုပဲ   ဖိဖိစီးစီး ဇောက်ချ လုပ်ပါမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ဆရာဌေးမောင်သည် အယ်ဒီတာလခ ၁၈ဝိ/-ကို မယူတော့ဘဲ   စာပြင်လခ     ၁၂ဝိ/-သာ ယူပြီး တစ်လဝတ္ထုတိုတစ်ပုဒ်ရေးပါက  ရမည့် ၃ဝိ/- နှင့် ပေါင်း၍ တစ်လဝင်ငွေ ၁၅ဝိ/- ရှိပါက ဖူလုံသည်။ မှန်မှန်စား၊ မှန်မှန်ဝတ်ရလျှင် ပြီးသည်ဟု သဘော ထားကာ ဤသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


ဆရာကြီးတွင်     “ဘယ်လိုကြီးပွားအောင် လုပ်လိုက်မည်” ဆိုသည့် လောဘ၊ အတ္တမျိုး မရှိဘဲ အလုပ်အပေါ်တွင်ထားသော စေတနာ၊ မေတ္တာသာ ကြီးမားပုံကို အထင်အရှား တွေ့မြင်နိုင်ပါသည်။


ဆရာကြီး ဌေးမောင်နှင့် ရုပ်ရှင်ဝါသနာ


ဆရာကြီး ဌေးမောင်သည် ရုပ်ရှင်ဝါသနာပါသူ တစ်ဦးလည်း ဖြစ်သည်။ ရုပ်ရှင်အသံတိတ်ခေတ် တွင်  ဆရာဌေးမောင်၏ ဇာတ်ညွှန်းကို “သူပုန့် အချစ်” အမည်ဖြင့် အောင်ဇေယျ ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးခဲ့သည်။  ရုပ်ရှင်သည် အသံတိတ်ခေတ်မှ အသံထွက်ခေတ်သို့    ကူးပြောင်းလာသောအခါ    ယခင်တုန်းက ဒါရိုက်တာများသည်  ဇာတ်လမ်းကို အလျဉ်းသင့်သလို စီစဉ်ရိုက်ကူးနေရာမှ စာရေး ဆရာများ၏ ဝတ္ထုတို့ကို ဝယ်ယူ၍ ရုပ်ရှင်ရိုက်ကူး လာကြသည်။


စာနယ်ဇင်းလောကမှရသော   စာမူခထက် ရုပ်ရှင်အတွက်ရသော ငွေက အတော်အသင့် ပိုများ သဖြင့် စာရေးဆရာအတော်များများသည် ရုပ်ရှင် ဘက်ကို စိတ်ဝင်စားလာကြသည်။ ဆရာဌေးမောင် လည်း   ဇနီးဖြစ်သူ၏   တိုက်တွန်းချက်ကြောင့် “မြိုင်မာလာ” ဝတ္ထုကို ရေးသားခဲ့သည်။ ထိုဝတ္ထုကို မင်းသား မောင်သင်၊  မင်းသမီး   တင်တင်အေး၊ မင်းသမီး ခင်သန်းနုတို့နှင့် ရိုက်ကူးခဲ့သည်။ 


ဆရာကြီးသည် ချစ်သွေးနီနီ၊ အသက်ဆံဖျား (အတုံ့အလှဲ့)၊ ဆန္ဒ စသည့် ဝတ္ထုများကို ရေးသားပြီး ရုပ်ရှင်ရိုက်ရန် ရောင်းခဲ့သည်။ ဆရာဌေးမောင်မှာ ရုပ်ရှင်အတွက် ဝတ္ထုရောင်းရသည်ဆိုသော်လည်း အားနာတတ်ခြင်း၊ အပိုဝင်ငွေဟု သဘောထားခြင်း၊ လောဘနည်းခြင်းတို့ကြောင့်   ငွေကား  များများ စားစားရခဲ့သည်  မဟုတ်ပေ။


ရုပ်ရှင်ဝါသနာပါသော ဆရာဌေးမောင်သည် ရုပ်ရှင်အတွေ့အကြုံကို     စမ်းသပ်ကြည့်သည့် အနေဖြင့် ကိုယ်တိုင်ရုပ်ရှင်ထုတ်လုပ်ရန် ကြံစည်ခဲ့ ဖူးသည်။ “မြိုင်မာလာ” ဇာတ်ကားတွင် မင်းသား မောင်သင်နှင့်တွဲလျက်    တစ်ကွက်၊      မင်းသား မြတ်လေး အကယ်ဒမီရသော  “အမုန်း၏နောက် ဝယ်”     ဇာတ်ကားတွင်     မြတ်လေးနှင့်တွဲလျက် တစ်ကွက် ပါဝင်ခဲ့ဖူးသည်။


ထိုသို့   ကိုယ်တိုင်ကိုယ်ကျ   ရုပ်ရှင်ကို  ထိတွေ့ ခြင်းမှာ   ဝင်ငွေများရန်၊      နာမည်ကြီးရန်အတွက်မဟုတ်ဘဲ ရုပ်ရှင်ကြည့်ပရိသတ်မှာ စာဖတ်ပရိသတ် ထက်   အဆပေါင်းများစွာ  ပို၍များသောကြောင့် မိမိ၏အနုပညာကို လူအများ ထိတွေ့ခံစားစေလိုရင်း စေတနာဆန္ဒကြောင့်ဖြစ်သည်ဟု     ဆရာကြီးက ပြောခဲ့ဖူးသည်။


ဆရာကြီး ဌေးမောင်နှင့်  စာပေဗိမာန်၏ 
သုတပဒေသာစာစောင်


“ဟာ-ဆရာကြီး၊  ဓာတ်လှေကားနဲ့မတက်ဘဲ လှေကားကနေတက်လာတာ      မောနေပြီပေါ့။  ထိုင်နားပါဦး”
ကျွန်မ စာပေဗိမာန်ရုံး၊ သုတပဒေသာဌာနတွင် တာဝန်ယူစဉ်    ၂၀၁၂ - ၂၀၁၆    ခုနှစ်များဆီက ဆရာကြီးဌေးမောင်နှင့်  တွေ့ဆုံဆက်ဆံခဲ့ရသည် များကို အကြောင်းတိုက်ဆိုင်လာသဖြင့် ပြန်ပြောင်း သတိရမိပါသည်။


ဆရာကြီးသည်     စကားကို  ပျော့ပျော့ပျောင်း ပျောင်း    ညင်ညင်သာသာ      ပြောတတ်သည်။ အမူအရာမှာလည်း အေးချမ်းတည်ငြိမ်သိမ်မွေ့ပြီး ဟိတ်ဟန်မရှိ။ အမျိုးသားစာပေဆုရှင်၊ တစ်သက် တာစာပေဆုရှင်၊  စည်သူဘွဲ့ရသူတစ်ဦးဖြစ်သော် လည်း မာန်မာန မကြီး။  ကြီးသူ၊ ရွယ်သူ၊ ငယ်သူ မရွေး အမြဲ လေးလေးစားစား ပြောဆိုဆက်ဆံသည်။


ထိုစဉ်က      စာပေဗိမာန်ဓာတ်လှေကားမှာ ယခုကဲ့သို့   ခေတ်မီဓာတ်လှေကား   မဟုတ်သေး။ စာပေဗိမာန်အဆောက်အအုံ၏ ဖွားဖက်တော်ဖြစ် သော စက်သီးကြိုးနှင့်   ဓာတ်လှေကားဖြစ်သည်။ ဘာဂျာသံတံခါးဖြစ်သဖြင့်    အတက်အဆင်းတွင် အတွင်းနှင့်အပြင် မြင်နိုင်သည်။ အလုံပိတ်မဟုတ်။ သို့သော် ထိုဓာတ်လှေကားကို ဆရာကြီးက မစီးရဲ။


ဤသို့ဆိုလျှင် အိမ်တွင် စာမူလာယူပါမည်ဟု ပြောသော်လည်း    လက်မခံ။     အသက် ၈၀ ကျော် ဆရာကြီးက     လွယ်အိတ်ကလေးကိုလွယ်ပြီး စာပေဗိမာန် လှေကားအထစ်ပေါင်း ၁၀၀ ကျော်ကို နင်းတက်ရင်း   သုတပဒေသာစာစောင်အတွက် ဘာသာပြန်စာမူများကို ကိုယ်တိုင်လာပေးလေ့ရှိ သည်။  မြို့ထဲ ထွက်ရင်း၊ စာပေတိုက်များသွားရင်း လာပို့ပေးခြင်း ဖြစ်သည်ဟု  ပြောသည်။  မည်သည့် အခါမျှ  လူကြုံဖြင့် မပေး။


ကျွန်မတို့က  ဆရာကြီး၏  ဘာသာပြန်စာမူ များကို သုတပဒေသာစာစောင်တွင် လစဉ်ဖော်ပြ ပေးသည်။ တစ်ခါတစ်ရံ ကလေးသုတကဏ္ဍအတွက် ဘာသာပြန်ပုံပြင်များကို ချီးမြှင့်ပေးပါရန် တောင်းခံ လျှင်လည်း    နောက်တစ်လလာသောအခါ   မမေ့ မလျော့   ပါလာတတ်သည်။   ကျောင်းသုံးဗလာ စာရွက်ကိုဖြုတ်ပြီး ရေးလေ့ရှိသော ကလေးများ အတုယူစရာ၊ သင်ခန်းစာယူစရာ ဘာသာပြန်ပုံပြင်   သုံးလေးပုဒ်   တစ်ခါတည်း ပေးသွားတတ်သည်။


ကျွန်မတို့စာတည်းအဖွဲ့က စာမူတောင်းလျှင် လည်း မည်သည့်အခါမျှ မငြင်း။ ရေးပေးပါမည်ဟု ကတိပေးသည်။ ကတိမှာလည်း   လူချင်းတွေ့တုန်း ကိစ္စအေးအောင် ပြီးပြီးရော နှုတ်ဖျားကပေးသည့် ကတိမဟုတ်။ ပေးထားသည့် ကတိကိုတည်အောင် နောက်တစ်ခါလာသောအခါ   တောင်းထားသည့် စာမူကို  ပါအောင်ယူလာပြီး လက်ဝယ်အရောက် ပေးသည်။  ဤသည်မှာ   ဆရာကြီး၏  ချစ်ခင် လေးစား   အတုယူဖွယ်ရာဖြစ်သော     ဝိသေသ လက္ခဏာများပင်ဖြစ်ပါသည်။ နောင်တွင် ကျန်းမာ ရေးအရ  ဆရာကြီး စာမူ  မချီးမြှင့်နိုင်တော့ပေ။ အပြင်သို့ မထွက်တော့ဘဲ မြောက်ဒဂုံအိမ်တွင်သာ နေထိုင်ရင်း  စာပေများ ရေးသားခဲ့သေးသည်။


ဇာတိရေနံမြေကို  ခင်တွယ်သော  ဆရာကြီး ဌေးမောင်သည် ၂၀၂၁  ခုနှစ်  မတ်လ ၂၀ ရက်တွင် ချောက်မြို့ကိုပြန်သွားပြီးနောက် နှစ်ရက်အကြာ မတ်လ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး ချောက် မြို့  အေးစေတီရပ်၌ အသက် ၉၄  နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။


ဆရာကြီး  ဌေးမောင်    ကွယ်လွန်သွားခဲ့သော် လည်း      ဆရာကြီး၏      ဂန္ထဝင်စာပေများမှာ  ပျောက်ပျက်သွားလိမ့်မည်မဟုတ်ပေ။   ထို့အတူ ထိုဂန္ထဝင်စာပေများမှတစ်ဆင့် စာပေဂုဏ်ဆောင် ဆရာကြီး ဌေးမောင် သန္ဓေတည် ပျိုးထောင်ပေးခဲ့ သော မျိုးချစ်စိတ်၊ တိုင်းချစ်   ပြည်ချစ်စိတ်သည်   မြန်မာပြည်သူများအကြား   အစဉ်အမြဲ ကိန်းအောင်း ရှင်သန်လျက်ရှိနေမည်မှာ      မလွဲဧကန်ပင်ဖြစ်ပါ ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။

 

ရည်ညွှန်းကိုးကားသည့် စာအုပ်စာစောင်များ-
    (၁)    စာနယ်ဇင်းသမိုင်း စာတန်းများ
        (ပထမတွဲ)
    (၂)    မြန်မာစာပေအဘိဓာန်-အမှတ် (၂) နှင့်         (၃) (မလိခ)
    (၃)     မြန်မာဝတ္ထုအညွှန်း (အမှတ် ၃၊ ၄ နှင့် ၅) 
        (မလိခ)
    (၄)    ၂၀၀၃ ခုနှစ်အတွက် အမျိုးသားစာပေ 
        ဆုချီးမြှင့်ပွဲ လက်ကမ်းစာအုပ်
    (၅)    ဆရာကြီး ဌေးမောင် ရေးသားခဲ့သော 
        စာအုပ်များ
    (၆)    ၂၇-၃-၂၀၂၁ ရက်ထုတ် စံတော်ချိန် 
        သတင်းစာ
    (၇)     ၁၄-၆-၂၀၂၁ နှင့် ၁၇-၆-၂၀၂၁ ရက်ထုတ် 
        မြန်မာ့အလင်းသတင်းစာများ