
အေးကျော်(ရူပဗေဒ)
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ GDP နဲ့တိုင်းတာကြပါတယ်။ GDP ဆိုတာ Gross Domestic Product – GDP ဖြစ်ပြီး အဓိပ္ပာယ်က စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးဖြစ်ပါတယ်။ လူတိုင်းနားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ နိုင်ငံတစ်ခုက ထုတ်လုပ်လိုက်တဲ့ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေရဲ့ ငွေကြေးတန်ဖိုးပဲဖြစ်ပါတယ်။ ဒါကို နှစ်အလိုက် သူတို့သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားတစ်ခုမှာ တိုင်းတာလေ့ရှိပါတယ်။
အဲဒီလိုတိုင်းတာတဲ့အခါမှာ လယ်ယာကဏ္ဍ ကြီး (Agriculture Sector)၊ စက်မှုကဏ္ဍကြီး ( Industry Sector) နဲ့ ဝန်ဆောင်မှုကဏ္ဍကြီး (Services and Trade Sector) စတဲ့ ကဏ္ဍကြီး သုံးမျိုးနဲ့ တန်ဖိုးတွေကို စုဆောင်းတွက်ချက်တာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍကြီးတွေမှာတော့ လယ်ယာ၊ သားငါးနဲ့ သစ်တောကဏ္ဍတို့ပါဝင်ပါ တယ်။ စက်မှုကဏ္ဍကြီးမှာတော့ စွမ်းအင်၊ သတ္တုနဲ့ တွင်းထွက်ပစ္စည်း၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အား၊ ဆောက်လုပ်မှုကဏ္ဍတို့ပါဝင်ပြီး ဝန်ဆောင်မှုကဏ္ဍ မှာတော့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေး ကြေးရေး၊ လူမှုရေးနဲ့ စီမံခန့်ခွဲရေး၊ အခြား ဝန်ဆောင်မှုနဲ့ ကုန်သွယ်မှုဆိုတဲ့ ကဏ္ဍတို့ပါဝင် ကြောင်း ပြည်သူတွေ သိရှိနိုင်စေဖို့ ဗဟုသုတအနေနဲ့ လည်း မျှဝေပေးချင်ပါတယ်။
နိုင်ငံတစ်ခုရဲ့ GDP တိုးတက်ခြင်း သို့မဟုတ် ဆုတ်ယုတ်ခြင်းဟာ စားသုံးသူ၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရအသုံးစရိတ်နဲ့ ပို့ကုန်သွင်းကုန်စတဲ့ အကြောင်းအရာတွေပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် ပို့ကုန်သွင်းကုန် (Exports and Imports) တို့ဟာ အဓိကပဲဖြစ်ပါတယ်။ နိုင်ငံခြားသို့ တင်ပို့မှုတွေဟာ နိုင်ငံရဲ့ဝင်ငွေကို တိုးစေပြီး သွင်းကုန်တွေကတော့ နိုင်ငံရဲ့လိုအပ်ချက်တွေကို ပြည်ပမှတင်သွင်းခြင်းပဲဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ သွင်းကုန်တွေကို နိုင်ငံတွင်းမှာပဲ ထုတ်လုပ်နိုင်တယ်ဆိုရင် ပြည်ပက တင်သွင်းရတဲ့ သွင်းကုန်တွေ လျော့ကျလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံကထုတ်ကုန်တွေ ပြည်ပသို့ များများတင်ပို့နိုင်တဲ့အခါ နိုင်ငံအတွင်း သို့ ငွေကြေးစီးဝင်မှု များလာမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ပို့ကုန်များပြီး သွင်းကုန်နည်းမယ်ဆိုရင် နိုင်ငံရဲ့ဝင်ငွေများပြီး ထွက်ငွေနည်းတဲ့သဘောပဲဖြစ်ပါတယ်။
ဝင်ငွေများပြီး ထွက်ငွေနည်းတဲ့အခါ နိုင်ငံ တစ်ခုရဲ့ GDP ဟာ တိုးတက်လာပါတယ်။ ဝင်ငွေ နည်းပြီး ထွက်ငွေများလာရင်တော့ နိုင်ငံတစ်ခုရဲ့ GDP ဟာ လျော့နည်းလာမှာဖြစ်ပါတယ်။ ဒါဟာ GDP တိုးတက်တာ၊ လျော့နည်းတာကို ဘယ်လိုသိရှိ နိုင်မလဲဆိုတာကို လူတိုင်းသိနိုင်အောင် နားလည် အလွယ်ဆုံးနည်းနဲ့ ပြောပြပေးတာဖြစ်ပါတယ်။
ကာကွယ်ရေးအားနဲ့ နိုင်ငံရေးအားကို ယှဉ်တွဲတည်ဆောက်နိုင်
နိုင်ငံတစ်ခုရဲ့ GDP တိုးတက်လာတဲ့အခါ အဲဒီ နိုင်ငံရဲ့ စီးပွားရေးအားကောင်းမွန်လာပြီး အလုပ် အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာပါတယ်။ အလုပ်လက်မဲ့အရေအတွက်ကို လျှော့ချပေးနိုင် တဲ့အတွက် ပြည်သူတစ်ဦးချင်းစီရဲ့ ဝင်ငွေလည်း တိုးလာမှာဖြစ်ပါတယ်။ ဝင်ငွေတိုးလာတဲ့အခါ ပညာရေး၊ ကျန်းမာရေး စတဲ့ လူနေမှုအဆင့်အတန်း တွေကလည်း မြင့်တက်လာတယ်။ စီးပွားရေး ကောင်းတဲ့နိုင်ငံတစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေလည်း ဝင်ရောက်လာနိုင်တယ်။ နိုင်ငံတကာအလယ်မှာ စီးပွားရေးအားကောင်းမွန်တဲ့ နိုင်ငံအဖြစ် မျက်နှာ ပန်းပွင့်လာတဲ့အခါ စီးပွားရေးနဲ့အတူ ကာကွယ်ရေး အားနဲ့ နိုင်ငံရေးအားကိုပါ တိုးတက်ကောင်းမွန် အောင် ယှဉ်တွဲတည်ဆောက်နိုင်မယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း ပိုမိုအဆင်ပြေလာ ပြီး နိုင်ငံရဲ့အရေးပါ အရာရောက်မှုဟာ ကမ္ဘာ့ အလယ်မှာ နေရာတစ်နေရာရလာနိုင်တယ်။ ခြုံပြော ရရင် GDP ကောင်းတဲ့နိုင်ငံတစ်ခုဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေး အစစအရာရာမှာ သာလွန်ကောင်းမွန်လာမှာဖြစ်ပါတယ်။
ပြည်တွင်းစားသုံးဆီ
တင်သွင်းနေရမှုကို လျှော့ချနိုင်
ဥပမာ မြန်မာနိုင်ငံမှာဆိုရင်လည်း စက်သုံးဆီ၊ စားသုံးဆီနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေရှိနေတာ ကြောင့် နှစ်စဉ်ပြည်ပကနေ တင်သွင်းနေရတာ တွေရှိပါတယ်။ စက်သုံးဆီသုံးစွဲမှုမှာ ကိုယ်ပိုင်ယာဉ် တွေကို မလိုအပ်ဘဲ မသုံးစွဲဘူး။ ခရီးသည်တင်ယာဉ် တွေကိုသာ အသုံးပြုမယ်ဆိုရင် စက်သုံးဆီလိုအပ်မှု ကို လျှော့ချနိုင်မယ်၊ လေထုညစ်ညမ်းမှုကိုလည်း လျှော့ချနိုင်မယ်၊ နိုင်ငံအတွင်း ယာဉ်ကြောပိတ်ဆို့မှု တွေကလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက လိုအပ်တဲ့ စက်သုံးဆီကို အစားထိုး စက်သုံးဆီတွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် ကြက်ဆူပင်ကထွက်တဲ့ ဘိုင်အိုဒီဇယ်ကို သူ့နိုင်ငံမှာ ငါး ရာခိုင်နှုန်း ရောစပ်သုံးစွဲဖို့ မူဝါဒချမှတ်ထား ခြင်းနဲ့ နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းနိုင်မှုကို တစ်ဖက်တစ်လမ်းက လျှော့ချထားတာ တွေ့ရပါ တယ်။ မြန်မာနိုင်ငံမှာလည်း အရင်က ကြက်ဆူပင် ကနေ ဘိုင်အိုဒီဇယ်ကို ထုတ်လုပ်ဖို့ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ပါဘူး။ ဒီလိုပဲ စားသုံးဆီအနေနဲ့ ပြည်တွင်းမှာ ဆီထွက်သီးနှံ တွေကို ပန်းတိုင်အထွက်နှုန်း ပြည့်ဝအောင် ထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်တွင်းစားသုံးဆီ ဖူလုံ မှုကိုဖြစ်စေပြီး ပြည်ပကတင်သွင်းနေရမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး အခြေအနေအကြောင်းကိုလည်း သိရှိထားဖို့ လိုအပ်တဲ့အတွက်ကြောင့် စာရေးသူတို့နိုင်ငံရဲ့ GDP ဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာဆိုရင် အဆင့် ဘယ်လောက်နဲ့ ရပ်တည်နေတယ်ဆိုတာကို ပြည်သူတွေသိအောင် မျှဝေပေးသွားပါမယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက် တွေအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာ နိုင်ငံရဲ့ GDP ဟာ ၃ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ GDP ဟာ ခန့်မှန်း ၃ ဒသမ ၅ ရာခိုင်နှုန်းရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ ပထမနေရာမှာ ရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ သတ္တမနေရာနဲ့ လာအိုနိုင်ငံကတော့ ဒသမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေကို အောင်မြင်အောင်ထုတ်လုပ်နိုင်တဲ့ အခြေခံကောင်းတွေကို ပိုင်ဆိုင်ထားရှိတဲ့ နိုင်ငံ တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာမှာ စားရေရိက္ခာ လုံခြုံရေး (Food Security) ကိုများစွာ အထောက်အကူ ပြုနိုင်တဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့စားသောက်ကုန် တွေ၊ လူသုံးကုန်တွေကို ဒေသထွက်ကုန်ကြမ်းတွေ အသုံးပြုပြီး အရည်အသွေးမြင့်ထုတ်လုပ်ကာ ဒေသတွင်းစီးပွားရေးကနေ တစ်နိုင်ငံလုံး စီးပွားရေး အထိ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရပါမယ်။ ဒါ့အပြင် စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အပြင် အဲဒီလို အဓိကထားနိုင်လောက်အောင်လည်း ရေခံမြေခံ ကောင်း များစွာကို ပိုင်ဆိုင်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေးကို အခြေခံပြီး နိုင်ငံ GDP တိုးတက်ဖို့ အတွက် ဦးတည်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဆန်၊ စပါးကို အဓိကထားထုတ်လုပ်တဲ့နိုင်ငံတစ်ခု
မြန်မာနိုင်ငံဟာ အဓိကအားဖြင့် ဆန်၊ စပါးကို အဓိကထားစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အတွက် ဆန်စပါးကို အထွက်နှုန်းတိုးအောင် စိုက်ပျိုးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ခေတ်အဆက် ဆက်အစိုးရတို့ဟာ စပါးအထွက်နှုန်းတိုးတက်စေဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါ တယ်။ စာရေးသူတို့နိုင်ငံမှာ မိုးစပါးစိုက်ဧက ၁၄ သန်းကျော်ရှိပါတယ်။ မိုးစပါး တစ်ဧက ပန်းတိုင် ရည်မှန်းချက်အထွက်နှုန်းဟာ တင်း ၁၀၀ ဖြစ်ပါ တယ်။ ဒါပေမယ့် ၂၀၂၃-၂၀၂၄ ခုနှစ် အထွက်နှုန်းမှာ တော့ ပျမ်းမျှအထွက်နှုန်းဟာ ၇၈ တင်းကျော်ပဲ ရှိပါတယ်။ ဒါဟာ ပန်းတိုင်ရည်မှန်းချက်ထက် ၂၂ တင်း ခန့်လျော့နည်းခဲ့တာဖြစ်ပါတယ်။ တွက်ကြည့် လိုက်ရင် တစ်ဧကကို ၂၂ တင်းနဲ့ ဧက ၁၄ သန်း အတွက် သန်း ၃၀၀ ကျော် လျော့နည်းထွက်ရှိခဲ့ တာ ဖြစ်ပါတယ်။ ငွေနဲ့တန်ဖိုးသင့်လိုက်ရင်တော့ ငွေကျပ်ဘီလီယံ ၇၀၀၀ ခန့်လောက် လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားတိုးချဲ့ပြီး အထွက် နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းတို့ဟာ စိုက်ပျိုး ရေးထုတ်ကုန်တွေ တိုးတက်စေတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်း သုံးမျိုးထဲကမှ စာရေးသူတို့ နိုင်ငံဟာ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်တာနဲ့ သီးထပ်စွမ်းအားတိုးချဲ့တာကို အဓိကထားဆောင်ရွက်နေတာဖြစ်ပါတယ်။ ပန်းတိုင် ရည်မှန်းချက်ဆိုရာမှာလည်း မဖြစ်နိုင်တဲ့ ကိန်းဂဏန်းအရေအတွက်ကို ပေးထားတာမဟုတ် ဘဲ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံရဲ့ သီးနှံထွက်နှုန်းတွေ ကို နှိုင်းယှဉ်သုတေသနပြုပြီး သေချာစနစ်တကျ နှိုင်းယှဉ်တွက်ချက်၍ ပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးသီးနှံတွေကို တစ်ဧကအထွက် နှုန်းတွေတိုးတက်ပြီး ပန်းတိုင်အထွက်နှုန်းအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရမှာဖြစ်တဲ့အပြင် သီးထပ် စွမ်းအားတွေ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့လိုပါတယ်။ ငွေအရင်းအနှီးတတ်နိုင် သူတွေဟာလည်း စိုက်ပျိုးရေးကဏ္ဍကြီးမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍကြီးကလည်း တိုးတက် လာသလို နိုင်ငံ့စီးပွား၊ ပြည်သူလူထုရဲ့ လူမှုစီးပွား ဘဝများစွာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးသီးနှံတွေ ပန်းတိုင်အတွက်နှုန်း ပြည့်မီ ဖို့ဆိုရင် အဓိကလိုအပ်တာက မိရိုးဖလာစိုက်နည်း စနစ်တွေသာမကဘဲ ခေတ်မီနည်းစနစ်တွေနဲ့ အညီ စိုက်ပျိုးနိုင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်အကြီးအကဲ အမှာစကားပြောကြား တိုင်း ပြောနေကျ စကားစုလေးကိုလည်း မှတ်သား မိပါတယ်။
အဓိကလည်းကျသလို စနစ်တကျ အသုံးချတတ်ဖို့ လည်း လိုအပ်ပါတယ်။ မျိုးကောင်းမွန်မှုရှိစေရေး အတွက် မျိုးကောင်းမျိုးသန့်ရရှိအောင် ဖန်တီးပေး နိုင်ရေး၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေးနဲ့ ခေတ်မီသင့်လျော်တဲ့ သွင်းအားစုမြေဩဇာတွေကို ရရှိအောင် ဖန်တီးပေး ရေး၊ စိုက်ပျိုးရေး ရေနဲ့အောင်ရေကို ဖူလုံစွာဖန်တီး ပေးနိုင်ရေး၊ စိုက်နည်းစနစ်တွေ မှန်ကန်မှုရှိစေ ရေးနဲ့ ခေတ်မီနည်းစနစ်တွေကို အသုံးပြုနိုင်ရေး ဆိုတဲ့ မျိုး၊ မြေ၊ ရေ၊ နည်းဆိုတဲ့အချက် လေးချက် ဖြစ်ပါတယ်။
ပန်းတိုင်အထွက်နှုန်း ကျော်လွန်အောင် ကြိုးစားကြရမှာဖြစ်
ဒီလေးချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့က နိုင်ငံတော်အစိုးရရဲ့ ကဏ္ဍစုံကနေ ပံ့ပိုးမှုတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူတွေရဲ့ အားကြိုးမာန်တက် လိုက်ပါလုပ်ဆောင်နိုင်စွမ်း တွေ၊ ခေတ်မီသွင်းအားစုတွေကို တင်သွင်းပို့ဆောင် ပေးမယ့်ကုမ္ပဏီတွေရဲ့ စုပေါင်းစွမ်းအားပေါ်မှာ အများကြီးမူတည်ပါတယ်။ စိုက်ပျိုးရေးမှာ အဓိက လိုအပ်တဲ့ ဓာတ်မြေဩဇာကိုလည်း နိုင်ငံတော် အဆင့်စီမံကိန်းတွေနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် တောင်သူတွေအနေနဲ့ အများကြီးအဆင်ပြေ ချောမွေ့မှာဖြစ်ပါတယ်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါ တယ်ဆိုတဲ့စကားအတိုင်း စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို ခေတ်မီနည်းစနစ်တွေ၊ ခေတ်မီ သွင်းအားစုတွေနဲ့ပေါင်းစပ်ပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်၊ ထိုကတစ်ဆင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ စာရေးသူပြောပြခဲ့တာ မြန်မာနိုင်ငံရဲ့အဓိက စိုက်ပျိုးရေးအမျိုးအစားဖြစ်တဲ့ စပါးကို မူတည်ပြီး ပြောပြခဲ့တာပါ။ ဒါ့အပြင် အခြားအဓိကစိုက်ပျိုး ထုတ်ကုန်တွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံတွေကိုလည်း ပန်းတိုင် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ပြီး နိုင်ငံ့ GDP တိုးတက်စေဖို့အတွက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ မွေးမြူရေးဖြစ်ပါတယ်။ မွေးမြူရေးဆိုရာမှာလည်း စီးပွားဖြစ်မွေးမြူရေးကို စာရေးသူ မဆိုလိုသေးပါဘူး။ တစ်ပိုင်တစ်နိုင်မွေးမြူ ရေးစနစ်ကို အရင်ဆုံးပြောချင်ပါတယ်။ စာရေးသူတို့ နိုင်ငံရဲ့ အဓိကစားသုံးတဲ့အသားတွေကတော့ ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ငါးတို့ပဲ ဖြစ်ပါတယ်။ ဒီလိုအသားငါးတွေစားသုံးရာမှာ ပြည်ပကဝင်တဲ့ အသားတိုးမျိုးစိတ်တွေရှိသလို မြန်မာနိုင်ငံရဲ့ ဒေသထွက်မျိုးစိတ်တွေလည်းရှိပါတယ်။ အဲဒီဒေသ မျိုးစိတ်တွေကို တစ်ပိုင်တစ်နိုင် မွေးမြူရာမှာ ယခင် က မိရိုးဖလာမွေးမြူနေကျအတိုင်း လွှတ်ကျောင်း စနစ်အစား နည်းပညာပိုင်းဆိုင်ရာ အကူအညီရယူ ပြီး ကိုယ့်ဒေသမျိုးစိတ်တွေနဲ့ပဲ စီးပွားဖြစ်မွေးမြူလို့ ရပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေထဲက ကြက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် စတင်မွေးမြူတဲ့နိုင်ငံတွေထဲမှာ အစောဆုံးနိုင်ငံ တစ်ခုဖြစ်တယ်လို့ ကြက်မွေးမြူကုသရေးစာအုပ်နှစ်အုပ်လောက်မှာ ဖတ်ခဲ့ရဖူးပါတယ်။ အရင်ဆုံး ဒေသကြက်အကြောင်း စပြောလိုပါတယ်။ ဥပမာ အိမ်တိုင်း အလွယ်တကူလုပ်နိုင်သော ဒေသကြက် မွေးမြူရေးလုပ်ငန်းကနေ ဝင်ငွေရရှိမယ့်အသေးစား စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲနိုင်တာမျိုး ဖြစ်ပါတယ်။ ဒေသကြက်လေးတစ်အုပ် မွေးထား တာ၊ မနက်ကျအိမ်ခြံဝိုင်းထဲလွှတ်ပေးထား၊ သူတို့ ဘာသာ အစာရှာစား၊ ညဘက်ရောက်လာရင် အိပ်တန်းတက်မယ့်အချိန်ရောက်ရင် ပြန်သိမ်း၊ အရွယ်လေးတွေရပြီး အလေးချိန်လေးတွေ စီးလာပြီဆိုရင် ရောင်းစား၊ ဒီလိုပဲလုပ်နေမယ့်အစား ဒေသကြက်ကို စနစ်တကျဘယ်လိုမွေးမလဲဆိုတဲ့ နည်းစနစ်ကို လေ့လာရမှာဖြစ်ပါတယ်။ တစ်နိုင် ကြက်ခြံလေးတွေဆောက်ပြီး ကြက်တွေစားဖို့ ဖြည့်စွက်စာအနေနဲ့ စပါး၊ ဆန်၊ ဆန်ကွဲ၊ ထမင်းတို့ အပြင် ရောစပ်အစာတွေကို ဖွဲနု၊ ဆန်ကွဲတို့နဲ့ရောကာ အစာခွက်လေးနဲ့ ကျွေးဖို့လိုပါတယ်။ ဒါ့အပြင် ကြက်တွေဖြစ်တတ်တဲ့ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျရောဂါတွေမဖြစ်ဖို့ ကာကွယ်ဆေး တွေလည်း ထိုးရမှာဖြစ်ပါတယ်။ ဒီလိုစနစ်တကျ နဲ့မွေးရင် ရောင်းချချိန်အထိ ကြက်တစ်အုပ်လုံး သို့မဟုတ် တစ်ကောင်တလေစသည်ဖြင့် အလေ အလွင့်မရှိတော့ဘဲ ဝင်ငွေတိုးနိုင်မှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းခေတ်စားနေတဲ့ ကြက်မည်းမွေးမြူရေး အကြောင်းလည်း အနည်းငယ်ပြောပြလိုပါတယ်။ သူကဥစားမဟုတ်ဘဲ အသားစားဖို့အတွက် မွေးမြူရ တာဖြစ်ပါတယ်။ ကြက်မည်းအသားဟာ ဈေးကွက်မှာ သာမန်ကြက်တွေထက်ရှားပြီး တန်ဖိုးလည်းမြင့်ပါ တယ်။ ကြက်မည်းတွေဟာ စီးပွားဖြစ်မွေးမြူရတဲ့ အသားတိုးကြက်တွေလောက် ကြီးထွားနှုန်းမမြန် သလို ဥစားကြက်တွေလိုလည်း ဥနှုန်းမကောင်းပါ ဘူး။ ကြက်မည်းတွေကို အသားတိုးကြက်လို၊ ဥစား ကြက်လိုမျိုး ကြီးထွားနှုန်းကောင်းဖို့ ဦးစားမပေးဘဲ အရောင်အသွေးမည်းနက်ဖို့ ဦးစားပေးရတာဖြစ်တဲ့ အတွက် အများအပြားမထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ဈေးကွက်အတွင်းမှာရှားပါးပြီး တန်ဖိုး လည်းရှိတဲ့ကြက်မည်းကို တစ်ပိုင်တစ်နိုင်စနစ်တကျ မွေးမြူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကြက်မည်း လိုမျိုးပဲ ဒေသကြက်ကို နည်းစနစ်တကျ မွေးမြူမယ် ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ ဒေသကြက်တွေ ကို ထုတ်လုပ်ရောင်းချနိုင်ပြီး ဝင်ငွေတိုးမှာ ဖြစ်ပါ တယ်။ စာရေးသူတို့နိုင်ငံမှာ ဒေသထွက်ဖြစ်တဲ့ မိတ္ထီလာဒေသက လက်ပံပြားကြက်ကြော်ဆိုရင် အလွန်နာမည်ကြီးပါတယ်။ ဒီလိုနာမည်ကြီး ဒေသထွက်မွေးမြူရေးကရတဲ့ ထုတ်ကုန်တစ်ခုကို ခေတ်မီနည်းပညာနဲ့သာ ပေါင်းစပ်ပေးလိုက်မယ် ဆိုရင် စာရေးသူတို့ရဲ့ လက်ပံပြားကြက်ကြော်ဟာ လည်း KFC တို့၊ Lotteria ကြက်ကြော်တို့နဲ့ ရင်ပေါင်တန်းနိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါ တယ်။ ဒါ့အပြင် ကြက်ဥ၊ ဘဲဥဟာလည်း အာဟာရ လည်းပြည့်ဝတဲ့အပြင် အရောင်းသွက် စားသောက် ကုန်တစ်ခုလည်းဖြစ်တဲ့အတွက် ကြက်ကောင်ရေ များများ မွေးမြူနိုင်လေလေ နေ့စဉ်ဝင်ငွေများများ ရရှိလေဖြစ်ပါတယ်။ ဥစားကြက်ကဥတဲ့ ကြက်ဥ ထက် ဒေသကြက်ကဥတဲ့ကြက်ဥကို ဈေးကြီးပေးပြီး အော်ဂဲနစ်အစားအစာအဖြစ် တန်ဖိုးထားဝယ်ယူ စားသုံးနေတာကိုလည်း တွေ့ရှိရပါတယ်။
ဒီလိုပါပဲ ဒေသဝက်ဆိုရင်လည်း တစ်ပိုင် တစ်နိုင်မွေးမြူရာမှာ စာကြွင်း၊ စားကျန်ကျွေးပြီး လွှတ်ကျောင်းနေမယ့်အစား စိုက်ပျိုးရေးကရရှိတဲ့ တိရစ္ဆာန်စာတွေဖြစ်တဲ့ ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ် တို့နဲ့ သေချာကျွေးမွေးမယ်၊ သေချာခြံခတ်မွေးမယ် ဆိုရင် ကျန်းမာသန်စွမ်းပြီး အသားအလေးချိန် တိုးတဲ့ဒေသဝက်ကို မွေးမြူနိုင်မှာဖြစ်ပါတယ်။ ထို့အတူပါပဲ ဒေသနွားကို မွေးမြူရာမှာလည်း လွှတ် ကျောင်းမယ်၊ အချိန်တန်ပြန်သိမ်းမယ်ဆိုတာထက် ကောက်ရိုးကို ယူရီးယားနဲ့ပြုပြင်ကျွေးမွေးမယ်၊ နေဗီယာမြက်လိုမျိုး မွေးမြူရေးကို အထောက်အကူ ဖြစ်စေတဲ့ မြက်မျိုးတွေစိုက်ပြီး ကျွေးမွေးမယ်ဆိုရင် နို့ထွက်နှုန်းပိုမိုများမယ်၊ မျိုးအောင်နှုန်းလည်း မြင့်မယ်၊ ကြီးထွားနှုန်းကောင်းမယ်၊ ရောဂါဒဏ် ခံနိုင်ရည်ရှိလာမယ်။ ဒါဟာဒေသမျိုးစိတ်တွေကိစ္စနဲ့ နည်းပညာနဲ့ပေါင်းစပ်ကာ စီးပွားဖြစ်မွေးမြူနိုင် ရေးနည်းကို အကျဉ်းချုံးပြောပြတာပဲ ရှိပါသေး တယ်။ ဆိုလိုချင်တာက နည်းပညာရယ်၊ ပြည်တွင်း ထွက်စိုက်ပျိုးရေးထုတ်ကုန်ကရရှိတဲ့ တိရစ္ဆာန် အစာတွေနဲ့ရယ် ပေါင်းစပ်လိုက်မယ်ဆိုရင် မွေးမြူ ရေးမှာပါ ကုန်ကျစရိတ်သက်သာစွာနဲ့ စီးပွား ဖြစ်ထွန်း စေနိုင်ကြောင်းကို ထောက်ပြလိုတာဖြစ်ပါ တယ်။
မွေးမြူရေးကနေ
ပြည်ပဝင်ငွေများ ရရှိလာ
ဒါတွေကတော့ တစ်ပိုင်တစ်နိုင်မွေးမြူရေးတွေ ကို ခေတ်မီနည်းပညာနဲ့ပေါင်းစပ်ပြီး အသေးစား စီးပွားရေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်နိုင်တဲ့ အကြောင်းကို ပြောပြခဲ့တာပါ။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို တစ်ပိုင်တစ်နိုင်မှ လုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့အထိ မွေးမြူရေးလုပ်ငန်းတွေကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ပါတယ်။ မွေးမြူရေးမှ ထွက်ရှိတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေကို နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါဆို မွေးမြူရေးက နေလည်း ပြည်ပဝင်ငွေများ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံအနေနဲ့ GDP တိုးတက်ဖို့ အတွက် ရေခံမြေခံကောင်းများနဲ့ လူသားအရင်း အမြစ်များကိုအသုံးချပြီး Quick Win ဖြစ်တဲ့ လယ်ယာကဏ္ဍကို အခြေခံပြီး သူနဲ့ဆက်စပ်နေတဲ့ ကဏ္ဍကြီးတွေဖြစ်တဲ့ စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း တိုးတက်အောင်ဆောင်ရွက် နိုင်ပါတယ်။
ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုတဲ့ စကားလိုပါပဲ။ တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်ဖြစ်တည်နေကြတာ ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးဘက်မှာ အောင်မြင် လာပြီဆိုရင် စိုက်ပျိုးမွေးမြူရေးကရတဲ့ ကုန်ကြမ်း တွေကို အခြေခံပြီး ထုတ်လုပ်နေတဲ့ စက်မှုလုပ်ငန်း တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ စိုက်ပျိုး ရေးက ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို ခေတ်မီ စက်ရုံကြီးတွေ တည်ဆောက်ပြီး အရည်အသွေး ပြည့်မီတဲ့စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ကုန်ကြမ်းကို နိုင်ငံခြား က မတင်သွင်းရခြင်း၊ မိမိနိုင်ငံတွင်းကပဲ အလုံ အလောက်ရရှိခြင်း၊ သယ်ယူပို့ဆောင်စရိတ် သက်သာခြင်းဆိုတဲ့ အချက်သုံးချက်နဲ့တင်ကိုပဲ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို စရိတ် သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်များ ပြည့်မီလာမယ့်အပြင် ပြည်ပပို့ကုန်ကိုပါ တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။
ဒီကဏ္ဍသုံးရပ်ဟာ ဆက်စပ်မှုရှိ
ဒီလိုစိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းများ (Agro Based Industry) ကို တန်ဖိုးမြင့်ကုန်ချောပစ္စည်းရရှိလာသည်အထိ အရည်အသွေးပြည့်မီအောင် ခေတ်မီနည်းစနစ်များနဲ့ ပေါင်းစပ်ပြီး ပြည်တွင်း သာမက ပြည်ပအထိတင်ပို့ရောင်းချနိုင်ရေးအထိပါ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီလို ပစ္စည်းကောင်းတွေ ထုတ်လုပ်နိုင်ပြီဆိုရင် ဒီကုန် ပစ္စည်းတွေကို သယ်ယူခြင်း၊ ရောင်းချခြင်း၊ ငွေပေး ချေခြင်း၊ နိုင်ငံအတွက်အကျိုးရှိစေမယ့် ကဏ္ဍစုံမှာ အကျိုးရှိရှိ ကောင်းမွန်စွာ အသုံးချနိုင်ခြင်းဆိုတဲ့ ဝန်ဆောင်မှုကဏ္ဍတွေဟာလည်း ကောင်းမွန် တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်က ပြောမယ်ဆိုရင် စက်မှုလုပ်ငန်းတွေ တိုးတက်လာပြီ ဆိုရင် ခရီးသွားလုပ်ငန်း စတဲ့ဝန်ဆောင်မှုလုပ်ငန်း များပါ ဆက်စပ်ပြီး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါ တယ်။ လယ်ယာကဏ္ဍကောင်းရင် စက်မှုကဏ္ဍ ကောင်းမယ်။ စက်မှုကဏ္ဍကောင်းရင် ဝန်ဆောင်မှု ကဏ္ဍလည်း ကောင်းလာမှာဖြစ်ပါတယ်။ ဒီကဏ္ဍ သုံးရပ်ဟာ ဆက်စပ်မှုရှိတဲ့အတွက် တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ အခြေခံအကျဆုံးဖြစ်တဲ့ လယ်ယာကဏ္ဍကြီးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးတို့ဟာ လည်း အောင်မြင်တိုးတက်လာပြီး နိုင်ငံရဲ့ GDP ဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်။
နှမ်းတစ်စေ့တည်းနဲ့တော့ ဆီမဖြစ်ပါဘူး၊ ဒီလိုပဲ ရေတစ်စက်နဲ့လည်း ရေမပြည့်ပါဘူး။ ဒါပေမယ့် နှမ်းစေ့တွေ အများကြီးပါဝင်လာရင် ဆီဖြစ်သလို ရေစက်တွေအများကြီး စုပေါင်းလိုက်ရင် လည်း ရေပြည့်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံ့ GDP တိုးတက်ဖို့ဆိုရင် နိုင်ငံသားတစ်ဦးချင်းရဲ့ GDP တိုးတက်ဖို့လိုတဲ့အတွက် အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်တဲ့သူတိုင်း အလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို အခြေခံပြီး ဒေသအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးကို ဆောင်ရွက်ပြီး ဒေသခံများရဲ့အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ငန်း များ တိုးတက်လာတဲ့အခါ လုပ်ငန်းများဆောင်ရွက် နေတဲ့ ပြည်သူတစ်ဦးချင်းရဲ့ဝင်ငွေများ တိုးတက်လာ ပြီး တစ်နည်းအားဖြင့် ပြည်သူတစ်ဦးချင်းစီရဲ့ GDP တိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက် လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့စီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒကလည်း ပြည်တွင်းစီးပွားရေး ကို အားပေးခြင်းနဲ့ ကုန်ထုတ်လုပ်မှုကို အားပေးခြင်း ပင်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာ သာရှိတဲ့အတွက် ပြည်ပကို အားကိုးခြင်းထက် ပြည်တွင်းအားဖြင့် အကျိုးရှိထိရောက်တဲ့လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူ ရေးနဲ့ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြခြင်း ထက် ဈေးရောင်းချသူပိုများနေတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုကို ပိုမိုဆောင်ရွက်နိုင်မယ်ဆိုရင် ဒါဟာ နိုင်ငံအတွက် ဝင်ငွေပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုဆိုရာမှာလည်း ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနဲ့ လုပ်အားတို့ဟာ အဓိက လိုအပ်ချက်တွေဖြစ်ပါတယ်။ ကုန်ကြမ်းရှိမှ ပစ္စည်း ထုတ်လုပ်နိုင်မှာဖြစ်သလို သွင်းအားစုများနဲ့ ငွေကြေး အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများရှိမှလည်း လုပ်ငန်းလည်ပတ်နိုင်မှာဖြစ်ပါတယ်။ ကုန်ကြမ်းရရှိ ရန်သေချာတဲ့ စိုက်ပျိုးရေးကဏ္ဍကို အခြေခံတဲ့ တန်ဖိုး ရှိ၊ တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ပြီးမြို့ပြနဲ့ ကျေးလက်ကွာဟမှု၊ ဒေသတစ်ခုနဲ့တစ်ခုကွာဟမှု ကျဉ်းမြောင်းအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူတစ်ဦးချင်းစီရဲ့ ဝင်ငွေတိုးတက်လာ မှာဖြစ်ပါတယ်။ ပြည်သူတွေ ဝင်ငွေတိုးရင် နိုင်ငံရဲ့ ဝင်ငွေလည်း တိုးမယ်။ နိုင်ငံ့ဝင်ငွေတိုးရင် နိုင်ငံ့ GDP လည်း တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် စာရေးသူတို့ နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး အဲဒီကျေးလက်နေ ပြည်သူများမှာ လယ်ယာ၊ သားငါးနဲ့ သစ်တောကဏ္ဍ ကို ဆောင်ရွက်နေသူတွေဟာ ၄၁ ရာခိုင်နှုန်းခန့်ရှိပါ တယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆိုတာဟာလည်း သေချာတဲ့ ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်တဲ့အပြင် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ဖို့ ရေခံမြေခံကောင်း တွေကိုလည်း ပိုင်ဆိုင်ထားတဲ့ စာရေးသူတို့နိုင်ငံမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံပြီး သူနဲ့ ဆက်စပ်နေတဲ့ စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍ ကြီးတို့ကိုလည်း တိုးတက်အောင် ယှဉ်တွဲဆောင်ရွက် ရပါမယ်။ ကိုယ့်နိုင်ငံတွင်း စားရေရိက္ခာ ဖူလုံမှုမှသည် ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံရေးကိုပါ အာမခံနိုင်တဲ့ စိုက်ပျိုးထုတ်လုပ်ရေးစွမ်းအားရှိတဲ့ နိုင်ငံ (Agriculture Power Country)အဖြစ် ရပ်တည်နိုင်ပြီး နိုင်ငံ့ GDP ကို တိုးမြင့်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
ကိုးကား။ Central Bank of Myanmar, Quarterly Financial Statistics Bulletin (2023 Volume III)
- Log in to post comments