လာခြင်းကောင်းသော်လည်း ပြန်ခြင်းမကောင်းနိုင်ပါ

Type

 

အောင်ဇေယျ

ဘာသာတို့၏ ဘုရားများအနက် ဗုဒ္ဓတစ်ပါးကိုသာ မြင်ဖူးကြသည်။ ဗုဒ္ဓသည် လူသားမှဖြစ်သော လက်တွေ့ကျသည့် ဘုရားဖြစ်သည်။ ဗုဒ္ဓဘာသာတွင် သုခသာ ခံစားကုန်သော နတ်ဗြဟ္မာတို့က ဘုရားမဖြစ်။ ဒုက္ခခံစားရသော လူ့ဘုံ လူသားကသာလျှင် သုံးလူ့ထွတ်ထား ဘုရားဖြစ်နိုင်သည်။
ဗုဒ္ဓသည် လူသားကဖြစ်သော်လည်း သာမန် ပုဂ္ဂိုလ်(ordinary person) မဟုတ်။ ဘုရားမဖြစ်မီ သိဒ္ဓတ္ထဘဝက အမျိုးမြင့်မြတ်သော သာကီနွယ်ဝင် မင်းမျိုးဖြစ်သည်။ ဘုရားဖြစ်ပြီးသောအခါ ဂေါတမ သည် လူသားများသာမက နတ်ဗြဟ္မာတို့၏ အမြတ် ဆုံးဆရာ (သတ္တာ ဒေဝ မနုဿာနံ ဂုဏ်တော်) ဖြစ် သည်။
သာမန်လူပုဂ္ဂိုလ်နှင့် မနှိုင်းအပ်
ဗုဒ္ဓသည်     ကဆုန်လပြည့်နေ့တွင်    ထွက်လေ ဝင်လေခေါ်    အာနပါန      စတုတ္ထဈာန်ကိုဝင်စား၍ ဝိပဿနာတရားကို    ရှုပွားတော်မူရာ   ညဉ့်ဦးယံ အချိန်၌  မိမိသူတစ်ပါးတို့၏   ရှေးဘဝများစွာကို မြင်နိုင်စွမ်းသော ‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်’ ကို ရတော်မူသည်။ သန်းခေါင်ယံခေါ် ညဉ့်လယ်ယံ၌ အကြီးအသေး     နီးဝေးမဟူ     နတ်မျက်စိပမာ ထိုးဖောက် မြင်နိုင်စွမ်းသော  ‘ဒိဗ္ဗစက္ခုဉာဏ်တော်’ကို  ရတော်မူသည်။  မိုးသောက်ယံခေါ်    အရုဏ်တက်ချိန် ၌  သစ္စာလေးအင်   သိမြင်တော်မူကာ  ကိလေသာ အလုံးစုံကုန်ခန်းသည့်   ‘အသဝက္ခယဉာဏ်တော်’ ခေါ် ‘အရဟတ္တမဂ်ဉာဏ်တော်’ကို ရတော်မူသည်။ တစ်ပြိုင်နက်တည်းမှာပင် ‘သဗ္ဗညုတဉာဏ်တော်’ ခေါ်     အလုံးစုံကို     အကုန်သိမြင်တော်မူသော ဉာဏ်တော်ကိုရပြီးဖြစ်ကာ အတုမရှိသော သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုကဲ့သို့ ဉာဏ်တော်အစုံကို ဆရာမပါဘဲ အလုံးစုံထိုးထွင်းသိမြင်တော်မူသော     (သမ္မာ  သမ္ဗုဒ္ဓေါ  ဂုဏ်တော်) ဗုဒ္ဓမြတ်စွာဘုရားကို   သာမန်လူပုဂ္ဂိုလ်နှင့်  မနှိုင်း အပ်။
ဗုဒ္ဓသည် ဘုရားဖြစ်တော်မမူခင် ဘုရားလောင်း ဘဝဖြင့် ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာဟူသော ပါရမီဆယ်ပါး အပြားသုံးဆယ်ကို      လေးအသင်္ချေနှင့်     ကမ္ဘာ တစ်သိန်း   ဖြည့်ကျင့်ခဲ့သည့်    ပါရမီရှင်   ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်၏။ ဤသို့သော ပါရမီရှင်ကို သာမန် ပုဂ္ဂိုလ်ဟု မနှိမ့်ချရာ။
မဂ်ဖိုလ်ဝင်သူတော်တွေ အထင်အရှားရှိ၏
ဗုဒ္ဓသည်   ဒုက္ခသစ္စာ၊   သမုဒယသစ္စာ၊  နိရောဓ သစ္စာ၊  မဂ္ဂသစ္စာဟူသော   သစ္စာလေးပါးကို  သိမြင် တော်မူပြီး လူနတ်ဗြဟ္မာတို့ကို ဟောကြားတော်မူခဲ့ ခြင်းဖြင့် (ဗုဒ္ဓေါဂုဏ်တော်) သံသရာမှ လွတ်မြောက် ရာလမ်းကို ညွှန်ပြတော်မူသည်။ ညွှန်ပြတော်မူသည့်  အတိုင်း ကိုယ်တိုင်ကျင့်ကြံအားထုတ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါတို့ များစွာရှိချေပြီ။     ဗုဒ္ဓ   ပရိနိဗ္ဗာန်စံတော်မူပြီးသည့် တိုင်အောင်  ဗုဒ္ဓ၏တရားတော်ကို တပည့်သားသံဃာ တို့က တစ်ဆင့်ဟောကြားသဖြင့် မျက်မှောက်ကာလ တွင်လည်း  တရားထူးရ၍   မဂ်ဖိုလ်ဝင်သူတော်တွေ အထင်အရှား ရှိ၏။ ဘာသာခြား၊ လူမျိုးခြားများကပင် ဗုဒ္ဓ၏     နိဗ္ဗာန်ရောက်ကြောင်း    တရားတော်ကို သက်ဝင်ယုံကြည်သောကြောင့် ဘာသာကူးပြောင်း ကာ လက်တွေ့ကျင့်ကြံအားထုတ်ကြသည်။ သို့ဖြစ် လျက် ဘာသာတူ၊ လူမျိုးတူက သစ္စာလေးပါးတရား ပိုင်ရှင် ဗုဒ္ဓမြတ်စွာဘုရားကို ကာမဘုံသား သာမန် ပုဂ္ဂိုလ်နှင့် တန်းတူခိုင်းနှိုင်းချေသော် အံ့ဩတုန်လှုပ် ဖွယ် ဖြစ်တော့သည်။ ပြောရဲပေစွ။ ဆိုရဲပေစွ။
ဗုဒ္ဓသည် သတ္တဝါအားလုံးကို မေတ္တာထားတော်မူ သည်။ မေတ္တာဘာဝနာကိုပွားတော်မူသည်။ ဗုဒ္ဓသည် သူ့ကို ယှဉ်ပြိုင်ရန်ပြုလာသော မာရ်နတ်၊ အယူလွဲမှား နေသော ဗက ဗြဟ္မာ၊ အယူဝါဒစကားစစ်ထိုးသော သစ္စက ပရိဗိုဇ်၊ ဒေါသမာနတံခွန်ထူကာ ရက်စက် ကြမ်းကြုတ်သော အင်္ဂုလိမာလ၊ အာဠာဝကဘီလူး၊   နန္ဓောပနန္ဒနဂါး၊ နာဠာဂီရိဆင်ရိုင်း၊ လူပုံအလယ်၌   အရှက်တကွဲဖြစ်အောင်     စွပ်စွဲပုတ်ခတ်သော   စိဉ္စမာဏ ဝိကာ မိန်းမယုတ်တို့ကို မေတ္တာအစွမ်းဖြင့် အောင်နိုင်တော်မူခဲ့သည်။   မေတ္တာ  ကရုဏာရှင် ဗုဒ္ဓမြတ်စွာဘုရားကို သာမန်ပုဂ္ဂိုလ်ဟု မနောဖြင့်ပင် မပြစ်မှားထိုက်။
ဗုဒ္ဓသည် သတ္တဝါအားလုံးအပေါ်တွင် တူညီသော မေတ္တာဓာတ်ပွားများ၍ ခန္တီတရား လက်ကိုင်ထားသော် လည်း ပြုသူ၏ အကုသိုလ်ကံက ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။ အပြစ်မှလွတ်လိမ့်မည် မဟုတ်ချေ။
သာဓကဆောင်ရသော်  ဘုရားရှင်ကို  အသက် အန္တရာယ်ပြုကာ သံဃာ သင်းခွဲခဲ့သော ဒေဝဒတ်သည် အဆုံး၌   နောင်တရသော်လည်း    နောင်တသည် သူ့အားမကယ်တင်နိုင်တော့ချေ။ အရှင်လတ်လတ် မြေမျိုခံရပြီး  အဝီစိငရဲ၌ ခံစားနေရ၏။  ဝစီကံဖြင့် ကျူးလွန်ခဲ့သော  စိဉ္စမာဏ  မိန်းမယုတ်သည်ပင် အလားတူ မြေမျို၍ ငရဲရောက်၏။
ဗုဒ္ဓဘုရားရှင်တော်ကို ကာယကံ၊ ဝစီကံတို့ဖြင့် လွန်ကျူးမိသည်ကို      အသာထားဘိဦး။    အဂါရဝ စိတ်မနော၏    စေ့စော်မှုကြောင့်    ဆင်းတုတော်၊ ရုပ်ပုံတော်ကိုပင် မသင့်မလျော် အထားမတော်ခဲ့ပါမူ အောက်သို့လားရာ လမ်းမှလွဲ၍ အခြားရွေးစရာမရှိ။
ဗုဒ္ဓနှင့်တန်းတူသူ ဤဘဒ္ဒကမ္ဘာတွင်မရှိ
အချုပ်ဆိုရသော်     ဗုဒ္ဓမြတ်စွာဘုရားသည် သာမန်ပုဂ္ဂိုလ်မဟုတ်။ ပွင့်တော်မူပြီးသော ဘုရားရှင် တို့က လွဲ၍ ဗုဒ္ဓနှင့်တန်းတူသူ ဤဘဒ္ဒကမ္ဘာတွင်မရှိ။
ပါတီတစ်ခု၏  ထင်ရှားသော  ခေါင်းဆောင် တစ်ယောက်က   အောက်ပါစကားတစ်ခွန်း  ပြောခဲ့ ကြောင်း တစ်ချိန်က Facebook တွင် အကြိမ်ကြိမ် ဖတ်ခဲ့ဖူး၏။ လူပြောသူပြောလည်း များခဲ့ပါ၏။
“ဗုဒ္ဓဘုရားဆိုတာ     သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါ့ကြောင့် အရမ်းကြီးအလေးအနက်ထား ကိုးကွယ် စရာမလိုပါဘူး” (Buddha is just ordinary sort of person. So you needn't have to strong religious belief in him.) ဟူ၍ ဖြစ်၏။
အံ့ဩ  တုန်လှုပ်မိသည်။    ကြက်သီးဖျန်းဖျန်း ထမိသည်။ ဤသို့ ပြောခဲ့သည်ကို ယုံနိုင်ဖွယ်ရာမရှိ။ ဗုဒ္ဓဘာသာဝင် စစ်စစ်မှ ဟုတ်ပါသေး၏လောဟု သံသယဝင်စရာကောင်းလှသည်။
ဤစကားပြောခဲ့ကြောင်း    မှန်ပါက   ဒေဝဒတ် နှင့်   စိဉ္စမာဏနည်းတူ   လာခြင်းကောင်းသော်ငြား၊ ပြန်ခြင်းကောင်းမည်    မဟုတ်သည်ကား   မြေကြီး လက်ခတ်မလွဲတည်း။      ။