
မြင့်စိုး(နတလ)
မဉ္ဇူသကနတ်ပန်းရနံ့ မွေးပျံ့စေချင်
ဇူလိုင်လ ၁၁ ရက်နေ့၊ ပုဂံ/ ညောင်ဦးဒေသသို့ နေ့ချင်းပြန်ခရီးသွားခဲ့သည်။ ရည်ရွယ်ချက်မှာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မြင်းကပါ၊ ကုန်းတန်းကြီးနှင့် နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်း များ၊ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေး လျက်ရှိရာ လုပ်ငန်းစတင်နိုင်မှု၊ ပြီးစီးမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးရန်၊ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ထိုနေ့က ကုန်းတန်းကြီးကျေးရွာသို့ အရင်သွား သည်။ ပြီးလျှင် ဖွားစောအရှေ့ရွာနှင့် အနောက်ရွာ များသို့ ရောက်ခဲ့သည်။ ထိုမှ လောကနန္ဒာ စွယ်တော်မြတ်စေတီကို သွားရောက်ဖူးမြော်ခဲ့သည်။ ဘုရားဖူးပြီးပါက မဉ္ဇူသကနတ်ပန်းထုပ်လေးများ ရောင်းချနေကြသော ဈေးသည်လေးများနှင့် ခေတ္တ ခဏတွေ့ခွင့်ရအောင် စီစဉ်ပေးပါရန် ဂေါပကအဖွဲ့သို့ မေတ္တာရပ်ခံထားပေရာ ဓမ္မာရုံတစ်ခုအတွင်း၌ စုပေး ထားပါသည်။ ၁၅ ယောက်ခန့် ရှိမည်ထင်ရ၏။ ကျွန်တော်ဝင်သွားချိန်မှာ အားလုံးက မျက်လုံးလေး တွေ ပေကလတ် ပေကလတ်နှင့် ကြည့်နေကြ၏။ သည်ဆရာ ငါတို့ကို ဘာများပြောမှာပါလိမ့်. . .။
“ကိုင်း…..ငါ့သမီးတို့၊ ညည်းတို့နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ပြောစရာလေး နည်းနည်းရှိလို့ စုခိုင်းလိုက်တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်း က အဘ သည်ဘုရားကို လာဖူးတယ်။ ဘုရား အဆင်းမှာ သမီးတို့ ဈေးရောင်းတဲ့ ရှေ့ကဖြတ်သွား တော့ တစ်ယောက် မဉ္ဇူသကနတ်ပန်းထုပ်လေး တွေ လက်ဆောင်ယူသွားပါဦးဆိုပြီး လိုက်ပေးတာ မှတ်မိလား. . .” ဟု ကျွန်တော်မေးလိုက်သောအခါ ဒုတိယတန်း ညာအစွန်မှာ ထိုင်နေသော သမီး တစ်ယောက်က ကျွန်မလိုက်ပေးတာပါဟု မဝံ့မရဲ ပုံစံလေးနှင့် ဖြေသည်။ သူ့ကြည့်ရတာ တစ်စုံတစ်ရာ အတွက် ပူပန်နေသလိုလို သနပ်ခါးလူးထားသော နဖူးပြင်မှာ ဇောချွေးလေးများပင် ပြန်ချင်ချင် ဖြစ်နေပုံရ၏။
“ကျေးဇူးတင်တယ် သမီးရေ၊ အဘ အိမ်ပြန် ရောက်တော့ အထုပ်မှာပါတဲ့ အညွှန်းအတိုင်း နှလုံး အားကောင်းအောင် မျက်စိကြည်အောင်၊ အမောပြေ ခြင်း၊ ခန္ဓာကိုယ်နုပျိုခြင်းတို့နဲ့ ပြည့်စုံအောင် ပျားရည်နဲ့ရောပြီး စားလိုက်တာပေါ့ကွယ်။ စားလို့ ကောင်းပါတယ်။ အဘတို့ ငယ်ငယ်တုန်းကလည်း မဉ္ဇူသကနတ်ပန်းပွင့်လေးတွေ ကောက်ပြီး စားဖူး နေလို့ ချိုအီအီအရသာလေးကို မှတ်မိနေတယ်။ ဒါပေမယ့်. . .
ကျွန်တော်၏ ဒါပေမယ့်နောက်မှာ ဆက်မည့် စကားကို သူတို့ပိုပြီး သိလိုကြားလိုစိတ်ဖြင့် ပြင်းပြ နေမည်မှာ သေချာသည်။ ပေးလိုက်တဲ့အထဲမှာ ဘာများပါသွားပါလိမ့်၊ ဘာများတွေ့သွားလို့ပါလိမ့် ဆိုသည့် အတွေးများစွာနှင့် ဖြစ်နေကြပါလိမ့် မည်။
“ပထမဆုံး သမီးတို့ သတိထားရမှာက နတ်ပန်းပွင့်လေးတွေ မထုပ်ပိုးခင်မှာ သဲမှုန့်လေး တွေစင်အောင်၊ သန့်အောင်လုပ်ဖို့လိုလိမ့်မယ်။ အဘ စားကြည့်တော့ သဲနည်းနည်းပါနေတာ တွေ့ရတယ်။ ဒါကတစ်ချက်၊ နောက်တစ်ခုက အထုပ်ထုပ်တဲ့ နေရာမှာ ဘာနဲ့ သွားတူနေသလဲဆိုတော့ အဘတို့ ငယ်ငယ်တုန်းက စားခဲ့တဲ့ ပဲကြီးလှော်ထုပ်နဲ့ တူနေ တယ်။ ပလတ်စတစ်အိတ်လေးထဲကိုထည့် သံချောင်း လေးခံ မီးပြပြီး ပိတ်ထားတာလေ။ အဲဒါကိုလည်း ပြင်ရမယ်။ ဒီမှာကြည့်လိုက် ဒါက သမီးတို့ပေးလိုက် တဲ့ အထုပ်လေး၊ ဒီနှစ်ထုပ်ကတော့ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကို တာဝန်ပေးပြီး ထုပ်ပိုးမှု ပုံစံ ပြင်ထားတာ။ တစ်ခုက ရယ်ဒီမိတ်ထည့်လို့ရတဲ့ စက္ကူအိတ်လေးသုံးထားတယ်။ ဒီတစ်ထုပ်က အိတ်ပိတ်စက်သုံးပြီး ပိတ်ပြထားတယ်။ သန့်ရှင်း သပ်ရပ်မှုရော ထုပ်ပိုးမှုပုံစံပါ ကွာမသွားဘူးလား။ ကုန်ကျစရိတ်ကလည်း စက္ကူအိတ်ဖိုးအပါမှ ၂၀၀ ကျပ်စွန်းစွန်းပဲ။ အိတ်ပိတ်စက်နဲ့ ပိတ်ထားတဲ့ ပလတ်စတစ်အကြည်အိတ်က ဈေးပိုသက်သာတယ်”
ကျွန်တော် နမူနာယူလာသော မဉ္ဇူသက နတ်ပန်းထုပ်လေးများကို ပြသရင်း ရှင်းပြတော့ သူတို့မျက်နှာလေးတွေ တိမ်စင်လနှယ် ဝင်းပလာ သည်။ သူတို့အား ခေါ်ရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ သိလာကြသည်။ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကလည်း ထုပ်ပိုးမှုပုံစံ ပြောင်းထားရုံမျှမက မဉ္ဇူသကနတ်ပန်းပွင့်တွေထဲမှာ ပါဝင်ပစ္စည်း အာဟာရတန်ဖိုးများကို ဓာတ်ခွဲ စမ်းသပ်ရယူပေးထားသေးသည်။ သည်အပိုင်းကို တော့ ကျွန်တော်နှင့်အတူ လိုက်ပါလာသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဆက်ရှင်းပြသည်။
မဉ္ဇူသကနတ်ပန်း (သို့မဟုတ်) မည်စည်ပင်
မဉ္ဇူသကနတ်ပန်းပင် (သို့မဟုတ်) မည်စည်ပင် ၏ ရုက္ခဗေဒအမည်မှာ Madhuca Longifolia ဟု ခေါ်တွင်ပြီး အမြဲစိမ်းအပင်ကြီးမျိုးဖြစ်သည်။ အိန္ဒိယ နိုင်ငံ၌ ပူပြင်းပြီး စိုထိုင်းမှုရှိသော ဒေသများတွင် အဓိကစိုက်ပျိုးကြကြောင်း၊ အစေ့များမှ အဆီထုတ် ၍ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ထောပတ်တု၊ လောင်စာဆီ များ ထုတ်လုပ်ကြကြောင်း၊ အပွင့်များမှ အချိုဓာတ် ရသဖြင့် တမီလ်လူမျိုး(Tamils) များက သကြား အစားထိုး ပစ္စည်းအဖြစ် အသုံးပြုကြကြောင်း၊ အစေ့ကြိတ်ဖတ်များကလည်း စိုက်ခင်းများအတွက် အလွန်ကောင်းမွန်သည့် သဘာဝမြေဩဇာများ ဖြစ်ကြောင်း သိရသည်။ မဉ္ဇူသကနတ်ပန်းပွင့် (သို့မဟုတ်) မည်စည်ပွင့်များမှ ဝိုင်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ ယိုလုပ်ငန်းများတွင် ရနံ့သင်းပျံ့စေ ရန် အသုံးပြုခြင်း၊ မဉ္ဇူသကနတ်ပန်းအဆီတွင် Antioxidant နှင့် Vitamin ဓာတ်များစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်အရေပြားအတွက် အထူးကောင်းမွန်ပြီး Skin Care Product များ ထုတ်လုပ်ခြင်းတို့တွင် လည်း အသုံးပြုကြောင်း သိရသည်။ မဉ္ဇူသက နတ်ပန်းရနံ့သည် မပြင်းလှဘဲ ထူးခြားသော ရနံ့မျိုး ဖြစ်၍ အတိတ်ကာလကို ပြန်လည်သတိရတမ်းတ စေနိုင်သော လက္ခဏာမျိုးရှိသည်ဟူ၍ပင် ညွှန်းဆို ထားကြောင်း တွေ့ရသည်။ ဆေးဖက်ဝင်ဂုဏ်သတ္တိ အနေဖြင့်မူ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ ဖျားနာ မှုကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကို သက်သာစေ ခြင်း၊ ဆီးချို၊ နှလုံးရောဂါများ ကာကွယ်ခြင်းတို့ကို ပေးစွမ်းနိုင်ကြောင်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဓာတ်ခွဲစမ်းသပ်မှုတွင် Carbohydrate ၄၃ ဒသမ ၅၆ ရာခိုင်နှုန်း၊ Fat ၄၀ ဒသမ ၉ ရာခိုင်နှုန်း၊ Moisture ၇ ဒသမ ၁၈ ရာခိုင်နှုန်း၊ Protein ၃ ဒသမ ၀၅ ရာခိုင်နှုန်း၊ Fiber ၂ ဒသမ ၆၇ ရာခိုင်နှုန်း၊ Ash ၂ ဒသမ ၆၄ ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။ မဉ္ဇူသကနတ်ပန်းပင်(သို့မဟုတ်) မည်စည်ပင်များ ကို မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သော မန္တလေး၊ မုံရွာ၊ ကျောက်ဆည်တို့တွင်လည်းကောင်း၊ ပုပ္ပားဘက်တွင်လည်းကောင်း အများဆုံးတွေ့ရပေ မည်။ ယခု ပုဂံ၊ ညောင်ဦးဒေသမှ ဈေးသည်လေး များအနေဖြင့် ပန်းပွင့်ကုန်ကြမ်းများကို ထိုဒေသ များမှ ရယူခဲ့ကြောင်း သိရသည်။
သင်တန်းပို့ချပေးမည်
ပုဂံမှပြန်လာချိန် ပြည်ထောင်စုဝန်ကြီးထံ သတင်းပို့ပြီး သင်တန်းဖွင့်လှစ်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးက အိတ်ပိတ်စက်ပါ ထောက်ပံ့ပေးရန် မှာကြားပါသည်။ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရည်ရွယ်ချက်များ အတိုင်း မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းသော ထုတ်ကုန်ပစ္စည်း ဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေ ရေးနှင့် မိသားစုဝင်ငွေတိုးရေး အစရှိသော ရည်ရွယ် ချက်များဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီ၏ အရိပ်အာဝါသအောက်တွင် နေရာတစ်ခုစီစဉ်၍ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းတစ်ခု ဖွင့်လှစ်ပေးပါမည်။ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆံသား အားဖြည့်ဆီ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ ယို အမျိုးမျိုး၊ ဝိုင်၊ လက်ဖက်ခြောက်၊ ကြမ်းတိုက် ဆေးရည်များ ထုတ်လုပ်ခြင်း၊ Packing နှင့် Labeling ဆိုင်ရာများ သင်ကြားပို့ချပေးခြင်းတို့ ဆောင်ရွက်ပေးပါမည်။ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ One Village One Product တစ်ခုအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြစေရန်ကိုလည်း ရည်ရွယ်ပါသည်။ သည်လောက်ဆိုလျှင် လောက နန္ဒာဘုရားဝင်းအတွင်းက မဉ္ဇူသကနတ်ပန်းသည် လေးများအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ စေတနာကို သဘောပေါက်ပါပြီ။
ဗျတ္တပန်းဆက်လမ်းနှင့် အတွေးတစ်စ
ပုဂံရာဇဝင်ထဲက လူစွမ်းကောင်း ဗျတ္တ တောင်တော်ရွှေပုပ္ပား၏ အခေါင်အဖျားဆီက မွှေးကြူသောပန်းများ ဆွတ်ခူး၍ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးထံ ဆက်သခဲ့ရသည်ဆို၏။ ယင်းသို့ ဆက်သရာတွင် ဘုရားတင်ရန်ပန်းများ ပါဝင်သကဲ့သို့ ဆေးဖက်ဝင် မဉ္ဇူသကနတ်ပန်းများ လည်း ပါဝင်ပေလိမ့်မည်။ သင်္ဘောပျက်ရာမှ ပျဉ်ပြား တစ်ချပ်ကို ဖက်တွယ်ရင်း အသက်ဘေးမှ လွတ်မြောက်ကာ သထုံမနူဟာမင်း၏ ဆရာတော် (ဗားမဲ့ဆရာတော်) ထံ ခိုလှုံလာသော ဗျတ်ဝိဗျတ္တ ညီနောင်နှစ်ဦး၊ ဆရာတော်မရှိခိုက် ဇော်ဂျီဖိုလ်ဝင်သား ကို ခိုးစားပြီး ဓားပြီး၊ တုတ်ပြီး၊ လှံပြီး ကာယသိဒ္ဓိ တန်ခိုးတွေ ကြီးထွားလာသောအခါ မနူဟာမင်းက စိုးရိမ်၍ ဖမ်းဆီး၊ အစ်ကိုကြီးဖြစ်သော ဗျတ်ဝိနှင့် ချစ်သူ မအိုဇာတို့၏ ကွမ်းတစ်ယာ ရေတစ်မှုတ် ဇာတ်လမ်းကြောင့် ဗျတ်ဝိလည်းသေ၊ ဗျတ္တလည်း ပုဂံသို့ပြေးပြီး ကျန်စစ်သား၏ လက်အောက်၌ အမှုတော်ထမ်းရင်း အနော်ရထာမင်းထံ ပန်းတွေ ဆက်၊ ပုပ္ပားသူ မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက်ရ၊ အနော်ရထာမင်းကြီးက ကလေး များ ရေသုံးရန် ရွှေဖျဉ်းအိုးများ ချီးမြှင့်ခဲ့၍ ရွှေဖျဉ်း ကြီး၊ ရွှေဖျဉ်းလေးဟု အမည်တွင်ခဲ့၊ စောလူးမင်းနှင့် ကစားဖက်များဖြစ်လာ၊ အဖေဖြစ်သူ ဗျတ္တ အမှုတော် ထမ်းရင်း ကွယ်လွန်ချိန်မှာ ရွှေဖျဉ်းညီနောင်တို့ကို သူရဲကောင်းများအဖြစ် မြှောက်စားခံရ၊ ရွှေဖျဉ်း ညီနောင်တို့၏ အစွမ်းပြမှုကြောင့် အနော်ရထာမင်း အား လေးစားခန့်ညားသွားရသော တရုတ်ဘုရင် ဦးတည်ဘွားထံမှ ဗုဒ္ဓစွယ်တော်ပွားများ ရရှိပင့်ဆောင် လာချိန် ဖောင်တော်ဦး ဆိုက်ရပ်သွားခဲ့သော တောင်ပြုန်းဒေသမှာ ဘုရားတည်ဖို့ဖြစ်လာ၊ မင်းမှု ထမ်းအားလုံး အုတ်တစ်ချပ် သဲတစ်ဆုပ်လှူရန် ဘုရင့်အမိန့်ချထားသော်လည်း၊ အနော်ရထာမင်း၏ ချီးမြှင့်မြှောက်စားခြင်းခံရ၍ သောက်စားမူးယစ်နေ သော ရွှေဖျဉ်းညီနောင်တို့ လှူရန်ပျက်ကွက်ပြီး ဘုရားမှာ အုတ်နှစ်ချပ်လပ်နေ၊ ပျက်ကွက်သူကို အပြစ်ပေးရန် အမိန့်ချလိုက်သောအခါ မနာလို ဖြစ်နေသော မှူးမတ်အချို့က ရွှေဖျဉ်းညီနောင်တို့၏ လည်မျိုကို တုတ်ဖြင့် ရိုက်သတ်ခဲ့ကြ၊ တစ်နေ့ ဘုရင် အနော်ရထာ တိုင်းခန်းလှည့်လည်စဉ် တောင်ပြုန်း အရပ်မှာ ဖောင်တော်ရပ်တန့်နေရာ ဟူးရားဖြူ ဟူးရား ညိုတို့က ရွှေဖျဉ်းညီနောင် မင်းကြီးမင်းလေးနှစ်းပါး နတ်စိမ်းဖြစ်၍ ဆွဲထားကြောင်း လျှောက်တင်၊ အနော်ရထာမင်းကြီး က အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော်ရှိရာ ယခု တောင်ပြုန်း နယ်ကို ရွှေဖျဉ်းညီနောင်(မင်းကြီး၊ မင်းလေး) တို့အား အပိုင်စားပေးခဲ့သည်ဆို၏။ ဤသည်တို့ကား ပုဂံ၊ ပုပ္ပား၊ ဗျတ္တပန်းဆက်လမ်းနှင့် မဉ္ဇူသကနတ်ပန်း အကြောင်း စဉ်းစားရင်း စီကာရီကာပေါ်လာသော၊ ဖတ်ဖူးမှတ်ဖူးခဲ့သော ပုဂံရာဇဝင်ထဲက ဖြစ်ရပ်များ၊ ရာဇဝင်လား၊ ဒဏ္ဍာရီပေပဲလား၊ သို့တည်းမဟုတ် တုတ်ထမ်းပြီး ပြောရတော့မည်လား မသိတော့ပါ။
မြင်းကပါခေတ်မီစံပြကျေးရွာ (Smart Village)
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအသီးသီး၌ ခေတ်မီစံပြကျေးရွာ (Smart Village) များ ထူထောင်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြင်းကပါကျေးရွာသည် စံပြကျေးရွာ အဖြစ် ရွေးချယ်ခြင်းခံရပြီး လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရွာတွင်းလမ်းများ ပြုပြင်ခြင်း၊ အုတ်စီရေမြောင်းများ ဆောင်ရွက်ပေး ခြင်း၊ Slab Culvert များ ပြုလုပ်ခြင်းတို့ကို လတ်တလော အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ရွာတွင်းလမ်း ပြုပြင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ထူထောင်ထားသည့် စံပြကျေးရွာများအနက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အလားအလာရှိသည့် ကျေးရွာများကို ဦးစားပေးအလိုက်ဖော်ထုတ်၍ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT)ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြင်းကပါကျေးရွာသည် အာဆီယံနိုင်ငံများအတွင်း လူမှုစီးပွားဘဝမြင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ ကျေးရွာကွန်ရက်ချိတ်ဆက်မှုအတွက် ကျေးရွာများ သတ်မှတ်ရွေးချယ်ရာ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသမှ အင်းပေါခုံရွာနှင့်အတူ ပါဝင်လျက် ရှိသည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရင်း ယွန်းထည်လုပ်ငန်း မြင့်မားတိုးတက်လာစေရေးကိုလည်း အားပေး ကူညီဆောင်ရွက်ပေးရမည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မနူဟာဘုရားအနီး ဓမ္မာရုံတစ်ခုတွင် ဖွင့်လှစ်သင်ကြားပေးနေသော ဧည့်လမ်းညွှန်၊ ဧည့်လမ်းပြသင်တန်းသို့ ဝင်ရောက်ကြည့်ရှုအားပေး ရင်း ဆရာဦးသန်းဇော် (ရှေးဟောင်းသုတေသီ)နှင့် သင်တန်းသား သင်တန်းသူများကို နှုတ်ဆက်ခဲ့ ပါသည်။
ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင်နှင့် သန့်စင်ကြယ်
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကျေးရွာများ၏ အဝင်လမ်းများ၊ ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးရမည့် ကျေးရွာများထဲတွင် ကုန်းတန်းကြီးကျေးရွာနှင့် ဖျောက်ဆိပ်ပင်ကျေးရွာ များလည်း အပါအဝင်ဖြစ်၏။ ကုန်းတန်းကြီးကျေးရွာ အဝင်လမ်းကမူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း လေးဖာလုံခင်းရန် ရန်ပုံငွေခွင့်ပြု ထားပြီးဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လကုန်တွင် ပြီးစီးမည်ဖြစ်သည်။ ကုန်းတန်းကြီးကျေးရွာအထိ ကျန်လမ်း ၁/၀မိုင်ကို လည်းကောင်း၊ ကုန်းတန်းကြီးလမ်းသို့ လာရောက် ဆက်သွယ်မည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း သုံးဖာလုံကိုလည်းကောင်း ကွန်ကရစ်လမ်းအဖြစ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ကုန်းတန်းကြီး၊ ဖျောက်ဆိပ်ပင်နှင့် သန့်စင်ကြယ်ရွာ များသည် ကုန်းတန်းကြီးကျေးရွာအုပ်စုတွင် ပါဝင်ပြီး စုစုပေါင်းအိမ်ခြေ ၈၃၂ အိမ်၊ မြေပဲ/ နှမ်း ဆီထွက်သီးနှံစိုက်ဧက ၄၂၀၀ ကျော် ရှိနေပေသည်။ ကုန်းတန်းကြီးကျေးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လမ်းလုပ်ငန်းအကြောင်းရှင်းပြပြီး ဆီထွက်သီးနှံစိုက်ပျိုးရေးကိုလည်း အောင်မြင် အောင် ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးသမဝါယမ အသင်းများဖွဲ့စည်း၍ လိုအပ်သည့် ကူညီထောက်ပံ့ မှုများပေးနိုင်ရန် ညှိနှိုင်းမှာကြားခဲ့ပါသည်။
အရှေ့ဖွားစော၊ အနောက်ဖွားစောနှင့် နတ်ကြိုအိုင်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်မည့် ကျေးရွာကိုးရွာမှ လမ်းများအနက် ပထမဦးစားပေး ခြောက်လမ်းထဲ တွင် ပါဝင်နေသော အရှေ့ဖွားစောကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားသောလမ်းအား ဂျင်းကျောက် ခင်းခြင်းကို ပြီးခဲ့သည့် ဇွန်လထဲမှာပင် စတင် ဆောင်ရွက်နေပြီဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ လမ်းအရှည် ၁/၃ မိုင်အနက် အနိမ့်ပိုင်း ပေ ၅၂၄၀ အား မြေသား နှစ်ပေထုတင်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်နေမှုနှင့် ပေ ၈၀ ရေကျော်၊ ပေ ၅၀ ရေကျော်၊ ပေ ၁၅၀ ရေကျော် တည်ဆောက်ပေးမည့် နေရာတို့ကို လိုက်လံကြည့်ရှု၍ အချိန်မီပြီးစီးရေး၊ ယာဉ်/ ယန္တရားလိုအပ်ချက်၊ ရာသီဥတုနှင့် လုပ်ငန်း ပမာဏကို တွက်ချက်ပြီး ဆောင်ရွက်မည့် ဦးစားပေး အစီအစဉ်တို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
အနောက်ဖွားစောရွာ၏ ရွာတွင်းလမ်း ၂ ဒသမ ၆၅ ဖာလုံကိုမူ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ ရွာတွင်းလမ်းကိုကြည့်ရှုရင်း ကျေးရွာလူကြီးများနှင့် မိဖုရားဖွားစောအကြောင်း ပြောဖြစ်ခဲ့ကြသည်။ အနောက်ဖွားစောရွာတွင် အခြေခံပညာအလယ် တန်းကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းရှေ့၌ စံကိုက် ဘောလုံးကွင်းတစ်ကွင်း တွေ့ရ၍ ဆောင်ရွက်ပေးခဲ့ သူများကို ကျေးဇူးတင်လေးစားမိသည်။ ကျောင်း တိုင်းမှာ အားကစားကွင်းတစ်ခု ရှိဖို့ရာ လွယ်ကူသည် မဟုတ်ပါ။ ထိုရွာမှတစ်ဆင့် နတ်ကြိုအိုင်ကျေးရွာ သို့ သွားခဲ့သည်။ ကနဦးတစ်ခေါက်က ရွာထိပ်ထိ မရောက်ခဲ့။ ထိုလမ်းပေါ်က ၂၀၂၄-၂၀၂၅ ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်နေသော ပေ ၆၀ x ပေ ၂၀ ရေကျော်အမှတ်(၁) တည်ဆောက်နေမှုကို ကြည့်ရှု ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ ပြုပြင်ပေးရ မည့် လမ်းအခြေအနေနှင့် ရေကျော်အမှတ်(၂) တည်ဆောက်မည့်နေရာတို့ကို လိုက်လံကြည့်ရှုခဲ့ပါ သည်။ ရွာထိပ်သို့ ရောက်သောအခါ ဆိုင်းဘုတ်မှာ ရေးသားထားသောအမည်က နတ်ကြိုအိုင်ဟူ၏။ အောက်ကမြစ်မပါသဖြင့် နတ်ကြို့အိုင်ဟု ကျွန်တော် တို့ အခေါ်အဝေါ်လွဲနေတာ သတိပြုမိသည်။ အချို့ ကလည်း နွားကြိုးအိုင်ဟု ခေါ်နေကြသည်။ စုက္ကတေးမင်းနှင့် စီးချင်းမထိုးမီ နတ်ကောင်း နတ်မြတ် များက အနော်ရထာမင်းအား ကြိုဆိုခဲ့ကြသည်ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆို၏။
ပုဂံအလှရှာပုံတော်
ရေတွက်လျှင်x x x ရွှေလက်ပင်ညောင်း x x x လှည်းဝင်းရိုးသံတညံညံ ပုဂံဘုရားပေါင်း x x x စာဆိုရှိသည် အဓိပ္ပာယ်လှယ်ယူမည် x x x လေးသန်း လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူတည်ထား x x x ရှိငြားခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် ရေဒီယိုမှာ နားထောင်ခဲ့ရသည့် ပုဂံအလှရှာပုံတော် သီချင်း။ စန္ဒရားဦးလှထွတ် ရေးဖွဲ့သီကုံးပြီး တေးသံရှင်ကြီး ဒေါ်ချိုဝေလွင်က သီဆိုခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုစုဝေးရာအမှန် x x x ပုဂံမြို့အလှ x x x အဝေးကပင် မြင်နိုင်ပါသည်ဆိုသည့် တေး စာသားများ။ စုလစ်မွမ်းချွန် x x x လက်ရာမွန်သည် x x x မြန်မာနိုင်ငံမှသည် ကမ္ဘာပြိုင်စံရှားသည် x x x တွေ့မြင်သူတိုင်း လက်ဖျားခါလောက်သည် x x x အနုအလှ ပန်းပုပန်းချီ တုမမီနိုင်ပြီ x x x ပန်းရန်မှာ ဆိုလည်း အမှန်သာလို့ပဲ ယနေ့တိုင် အထင်အရှား x x x ဝင့်ကြွားစွာရှိသည် x x x ပုဂံမြို့လို့ နိုင်ငံတကာ ထင်ပေါ်သည် စသည့်တေးစာသားများကို သီဆို ထားသည့် အစ်မကြီး ဒေါ်ချိုဝေလွင်၏ အသံနှင့်အတူ ငယ်စဉ်ကပင် ပုဂံအလှကို မှန်းမျှော်၍ ရှာခဲ့ဖူးသည်၊ စိတ်ကူးဖြင့် ရောက်ခဲ့ဖူးသည်။ ယခုအခါတွင်မတော့ ပုဂံအလှကို ခံစားရုံသက်သက်မျှ မဟုတ်ဘဲ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြင့် ပူးပေါင်းပါဝင် အလှဆင်ခွင့် ရခဲ့ပါပြီ။ ရွာတွင်းလမ်းတွေ သာသာယာယာ ဖြစ်အောင် ဖန်တီး ပုံဖော်ပေးမည်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လက်တွဲဆောင်ရွက်မည်။ ဒေသခံများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကိုလည်း တတ်စွမ်းသမျှ ထောက်ကူပေးမည်။ ကျွန်တော်ချစ်သော ပုဂံဒေသ အမြဲထာဝရ လှနေစေချင်ပါသည်။ ။
- Log in to post comments