
ရန်ကုန် ဇူလိုင် ၂၄
၂၀၂၄-၂၀၂၅ ရာသီ အာဆီယံ ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ Play-off ဒုတိယအကျော့ဖြစ်သည့် မြန်မာကလပ် ရှမ်းယူနိုက်တက် အသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းသည် ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်း ယူနိုက်တက်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
ရှမ်းယူနိုက်တက် အသင်း သည် ဇူလိုင် ၁၇ ရက်က ကစား သည့် ပထမအကျော့အဝေးကွင်း ပွဲတွင် တစ်ဂိုးစီ သရေကျခဲ့သော် လည်း ဒုတိယအကျော့ အိမ်ကွင်းပွဲ တွင် နိုင်ပွဲရယူပြီး နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိ ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
ပွဲအစ တစ်မိနစ်မှာပင် ရှမ်းယူနိုက်တက်အသင်း ပယ်နယ်တီကန်ခွင့် ရခဲ့ပြီး တိုက်စစ်မှူး ရင်တာရိုက အမှားအယွင်းမရှိ အဆုံးသတ်ကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း ရှမ်းယူနိုက်တက် အသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၂၇ မိနစ်တွင် ဒုတိယအကြိမ် ပယ်နယ်တီကန်ခွင့်ရသော်လည်း ထက်ဖြိုးဝေ၏ ကန်ချက်ကို ကာဆူကာ ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ရှမ်းယူနိုက်တက်အသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ရင်တာရိုက ခေါင်းတိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၆၇ မိနစ်တွင် ကောင်းမြတ်သူက ရှမ်းယူ နိုက်တက်အသင်းအတွက် တတိယဂိုးသွင်းယူခဲ့သည်။ ၇၉ မိနစ်တွင် ကာဆူကာအသင်း ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် ဝီလျံက သွင်းယူခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းနှင့် လာအိုကလပ် Young Elephant အသင်းသည် ဇူလိုင် ၂၄ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ Svay Rieng အသင်းက ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ရှစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင် ခဲ့သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ - သော်လေး