နိုင်ငံ့စီးပွားတိုးတက်ဖို့ MSME အားပေးစို့

Type
5

 

မြဦး(စက်မှု)

ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးသက်ရောက်မှုနှင့် နည်းပညာအလျင်အမြန် ပြောင်းလဲလာမှုများကြောင့် ယခင်ကာလများထက်ပို၍ MSME များ သည်    ငွေကြေးအရင်းအနှီး၊  ဒစ်ဂျစ်တယ်အသုံးချမှုစွမ်းရည်များ၊ အဆင့်မြင့်စက်ကိရိယာများနှင့် နည်းပညာများ၊ ကျွမ်းကျင်လုပ်သား များ၊ စီးပွားစီမံခန့်ခွဲမှုနည်းစနစ်များ၊ သတင်းအချက်အလက်များ၊ ကမ္ဘာ့ဈေးကွက်များသို့ ဝင်ရောက်နိုင်ရေး အစီအမံများပံ့ပိုးပေးရန်လိုအပ်လာခြင်းနှင့်အတူ လုပ်သာကိုင်သာရှိစေရန် ဖန်တီးပေးထား သော   စီးပွားရေးဝန်းကျင်ကောင်းများ   ပိုမိုလိုအပ်လာသည်ကို တွေ့ရှိရပါသည်။
တိုင်းပြည်စီးပွားရေး နိုင်ငံအနှံ့တိုးတက်စေ
စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသောနိုင်ငံများတွင်   ဖွံ့ဖြိုးမှု ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံ၏အခြေခံကျောရိုးဖြစ်သည့် အသေးစား၊   အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို မြှင့်တင်ဆောင်ရွက်ပေးမှုသည် အခြေခံအကျဆုံးလုပ်ငန်း စဉ် တစ်ခုဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ်သည် တိုင်းပြည်စီးပွားရေးကို နိုင်ငံအနှံ့တိုးတက်စေပြီး ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေလျက် ဆင်းရဲနွမ်းပါးမှုများကို လျော့နည်းပပျောက်စေနိုင်ပါသည်။
MSME လုပ်ငန်းများနှင့်ပတ်သက်၍ နည်းပညာ (Technology)၊ ကျွမ်းကျင်လုပ်သားများ (Skilled Worker)၊ သတင်းအချက်အလက်များ (Information)၊ အရင်းအနှီးများ (Investment)၊ စွမ်းအင်များ (Energy)၊ ဆန်းသစ်တီထွင်မှုများ (Innovation)၊ အခြေခံအဆောက် အအုံများ (Infrastructure) စသည့် သွင်းအားစုအမျိုးမျိုးကို အသုံးပြု ရပြီး ၎င်းသွင်းအားစုများ အသုံးပြုမှုအခြေအနေများအပေါ် မူတည်၍ အရင်းအမြစ်အခြေပြု   ကုန်ထုတ်လုပ်ငန်း၊    အရင်းအနှီးအခြေပြု ကုန်ထုတ်လုပ်ငန်း၊ လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်း၊ နည်းပညာ  အခြေပြု  ကုန်ထုတ်လုပ်ငန်းများဟူ၍   ခွဲခြားနိုင်ပါသည်။   အဆိုပါ ထုတ်လုပ်မှုလုပ်ငန်းများ     အောင်မြင်ရေးအတွက်    ကုန်ကြမ်း၊ သွင်းအားစု၊  အရင်းအနှီး၊  လူ့စွမ်းအားအရင်းအမြစ်တို့မှာ  အဓိက ပါဝင်နေကြောင်း တွေ့ရပါသည်။
အခြေခံအကျဆုံးသော စီးပွားရေးလုပ်ငန်းစုများ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises) သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး ပုံစံအမျိုးမျိုးသော စီးပွားရေးစနစ် များတွင် အခြေခံအကျဆုံးသော စီးပွားရေးလုပ်ငန်းစုများ ဖြစ်ပါသည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးမတည်ငြိမ် သည့် ကာလများ၌ပင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းကျောင်းပေး နိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။MSME လုပ်ငန်းများမှာ စားသုံးသူ ဈေးကွက်သို့ရောက်ရှိမည့် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်‌လျှောက်လုံးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပတ်သက်သူ များဖြစ်ကြပြီး ၎င်းတို့ထဲတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများ၊ ထုတ်လုပ် သူများ၊ လက်ကားနှင့် လက်လီရောင်းချသူများ၊ သယ်ယူပို့ဆောင်ပေးသူ များ၊ ဝန်ဆောင်မှုပေးသူများ စသည်တို့ပါဝင်ပါသည်။
MSME   လုပ်ငန်းစုများသည်   ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏ ကျောထောက်နောက်ခံဖြစ်သကဲ့သို့ တီထွင်ဆန်းသစ်မှုများ၏ အဓိက အရင်းအမြစ်များအဖြစ်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်  စွန့်ဦးတီထွင် လုပ်ငန်းစုများ၏    အစပြုရာနေရာအဖြစ်လည်းကောင်း   နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့်    စီးပွားရေးတည်ငြိမ်ရေးတို့ အတွက်လည်း   အရေးပါသည့်အပြင်  ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လုပ်ငန်းအသစ်များ ဖြစ်ပေါ်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ လည်း ထပ်မံဖန်တီးပေးနိုင်စွမ်းရှိပါသည်။ MSME များမှတစ်ဆင့် နိုင်ငံ အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှုကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  အညွှန်းကိန်းတစ်ရပ်ဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု   (Gross  Domestic  Product) တိုးတက်စေရန်လည်း အထောက်အကူပြုနိုင်ပါသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန
နိုင်ငံတော်၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်  ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရေးဆောင်ရွက်ရာတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs) ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့်အတွက် ကာလတို၊ ကာလရှည် မျှော်မှန်းချက်များဖြင့် စနစ်တကျဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ် ဧပြီလတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာနကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ၌  SMEs တွင် အသေးစား စီးပွားရေး လုပ်ငန်း (Micro Enterprises) ကို   ထပ်မံဖြည့်စွက်၍  အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) အဖြစ် စတင်သုံးနှုန်း ခဲ့ပါသည်။
အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည်     အာဆီယံအဖွဲ့အစည်း၏ လမ်းညွှန်ချက်နှင့်အညီ အာဆီယံ စီးပွားရေးအသိုက်အဝန်းကို အတူတကွ အကောင်အထည်ဖော်ရာတွင်    ကဏ္ဍတစ်ခုဖြစ်သည့်   အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးတို့ကိုဆောင်ရွက်ရန် အာဆီယံ အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းအဖွဲ့ (ASEAN Small and Medium Enterprise Working Group – ASEAN SMEWG) တွင် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနက ၂၀၁၂ ခုနှစ်မှစ၍ မြန်မာ နိုင်ငံဆိုင်ရာ Focal အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့်   နိုင်ငံတကာဖွံ့ဖြိုးမှု  မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ASEAN Coordination Committee on Micro, Small and Medium Enterprises – ACCMSME)အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို   တက်ရောက်ခဲ့ပြီး   အာဆီယံ  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (ASEAN Strategic Action Plan) အရ ပံ့ပိုးကူညီပေးရမည့်ကိစ္စရပ်များဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်များကို ထိရောက်စွာ ပံ့ပိုးနိုင်ရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အေဂျင်စီရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ် အစည်းအဝေးများ ဆောင်ရွက်ခြင်း၊  MSME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၊   MSME   ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေ များအရ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အစီအစဉ်များရေးဆွဲခြင်း၊ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) ဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆောင်ရွက်ခြင်းနှင့် MSME နှင့်   ပတ်သက်သော   သတင်းအချက်အလက်များ   ဖြန့်ဝေခြင်း၊ အာဆီယံနိုင်ငံများမှ    အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍    MSME ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းပေးခြင်း၊ ပြည်ပအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ပူးပေါင်းဆောင်ရွက် လိုသည့်ကိစ္စရပ်များအတွက်     ညှိနှိုင်းဆွေးနွေးပြီး    ရလဒ်များကို တင်ပြ၍ အတည်ပြုချက်ရယူနိုင်ရေးဆောင်ရွက်ခြင်း၊ MSME ဖွံ့ဖြိုး ရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း များနှင့် ချိတ်ဆက်၍  Project ၊  Training ၊ Seminar ကျင်းပရေး ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ MSME  များအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုများရရှိရန်    သင်တန်းများပေးခြင်း၊ နည်းပညာများပေးခြင်း၊ E-Market Platform များ ထူထောင်ခြင်း၊ International Supply Chain အတွင်း ဝင်ရောက်နိုင်အောင်  ပံ့ပိုး ပေးခြင်း၊  SME   Member   ကတ်များထုတ်ပေးခြင်း၊  MSME များ ငွေကြေးအရင်းအနှီး လွယ်ကူသက်သာစွာရရှိနိုင်ရေးအတွက် ချေးငွေ ဆိုင်ရာ ကိစ္စရပ်များကို  သက်ဆိုင်ရာဝန်ကြီးဌာနများ၊  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ညှိနှိုင်းချိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ၂၂၃ ကြိမ် ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၈၅၃၆ ဦး၊ ဈေးကွက်မြှင့်တင်ခြင်းသင်တန်း  ၁၀ ကြိမ် ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၁၉၅ ဦး၊ ငွေကြေးစီမံခန့်ခွဲမှုသင်တန်း ၄၃ ကြိမ်ဖွင့်လှစ်ပြီး   လုပ်ငန်းရှင်   ၁၆၈၁ ဦး၊    စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်း ၄၄ ကြိမ်ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၁၃၂၈ ဦး၊ နည်းပညာ လွှဲပြောင်းခြင်းသင်တန်း ၉၆ ကြိမ်ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၃၉၄၀၃ ဦး၊ အလုပ်ရုံဆွေးနွေးပွဲများ/ ဟောပြောပွဲများ  ၁၅၁ ကြိမ်ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၁၂၈၉၆ ဦး၊ သတင်းအချက်အလက်နည်းပညာ ဖြန့်ဝေ ခြင်းသင်တန်း ၂၅ ကြိမ်ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၂၅၈၇ ဦး စုစုပေါင်း သင်တန်း/ ဆွေးနွေးပွဲ ၆၀၂ ကြိမ်ဖွင့်လှစ်ပြီး လုပ်ငန်းရှင် ၆၆၆၂၆ ဦးအား နည်းပညာပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပါသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ဒေသတွင်းရှိ စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာ ပြီး နိုင်ငံသားများ၏   လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ၊အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ စက်မှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး များနှင့်  ပုဂ္ဂလိကအဖွဲ့အစည်းများမှ  ပညာရှင်များက အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက် ပြီး   စက်မှုဝန်ကြီးဌာန   ဒုတိယဝန်ကြီးက  အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများက ဒုတိယဝန်ကြီးများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ   ပညာရှင်များက အဖွဲ့ဝင်အဖြစ်   ပါဝင်ပြီး အဖွဲ့ဝင် ၄၂ ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ အထောက်အကူပြုအဖွဲ့များ အနေဖြင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့တွင် အဖွဲ့ဝင် ၁၇ ဦးဖြင့် လည်းကောင်း၊ MSME အေဂျင်စီအဖွဲ့တွင် အဖွဲ့ဝင် ၂၄ ဦးဖြင့်လည်း ကောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။
စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီး
MSME    များသည်    မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပြီး အလုပ်လက်မဲ့နှုန်းကျဆင်း စေရန် အဓိကဆောင်ရွက်ပေးလျက်ရှိပါသည်။  MSME  များ  ဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေး ရာတွင်    အထောက်အကူပြုစေရန်အတွက်   နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေ (၂၀၁၅)၊ မူဝါဒ (၂၀၁၅) နှင့် နည်းဥပဒေများ (၂၀၁၆) တို့ကို ရေးဆွဲ၍ စက်မှုဝန်ကြီးဌာနက တာဝန်ခံဝန်ကြီးဌာန အဖြစ်   ဦးဆောင်၍  ဆက်စပ်ဝန်ကြီးဌာနများ၊  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍  စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးအကောင်အထည်ဖော်ပေးနိုင်ရန်     ဆောင်ရွက်လျက်ရှိပါ သည်။
စက်မှုဝန်ကြီးဌာနသည်  MSME  များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် Capacity Building Training သင်တန်းပေါင်း  ၃၂၆၅ ကြိမ် ပံ့ပိုးပေး ခဲ့ခြင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်များရှိ  MSME  လုပ်ငန်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် Regional Action Plan ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ငွေကြေး အရင်းအနှီးများရရှိစေရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ချေးငွေပံ့ပိုးပေးခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက် ပေးလျက်ရှိပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှု
MSME  လုပ်ငန်းများနှင့်စပ်လျဉ်း၍  နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ လူ့စွမ်းအား အရင်းအမြစ် စသည့်အဓိက(၄)ချက် ပြည့်စုံရန်၊ MSME များ ဖွံ့ဖြိုး တိုးတက်မှုအတွက် စဉ်းစားရာတွင် ကုန်ကြမ်းသေချာရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန်၊  MSME  လုပ်ငန်းများ အားပေးမြှင့်တင်ခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ရန်၊   သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်၊  MSME လုပ်ငန်းများနှင့် အကြီးစားစက်မှုလုပ်ငန်း များ ချိတ်ဆက်နိုင်ရေး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် အဓိကအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်၊ MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုနိုင်ရေးနှင့် အသွင် ကူးပြောင်းရေးအပိုင်းသည်လည်း များစွာအရေးပါပြီး မိမိတို့နိုင်ငံ၏ အနေအထားအရ   အာဆီယံနိုင်ငံများနှင့်   ရင်ပေါင်တန်းနိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး ပီပြင်လာစေရေးအတွက် ထောက်ပံ့ဆောင်ရွက် ပေးသွားရန် လမ်းညွှန်မှုပြုထားပါသည်။   
လေ့လာမှုများအရ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ MSMEများဖြစ်ကြပြီး အလုပ်အကိုင်များ၏ ၅၀ ရာခိုင်နှုန်းကျော်ကို MSME များက ဖန်တီးပေးထားကြောင်း တွေ့ရပါ သည်။ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၌ ပါဝင်သော လုပ်ငန်း အရွယ်အစားများတွင် ၂ ရာခိုင်နှုန်းသာ အကြီးစားလုပ်ငန်းဖြစ်ပြီး ၉၈ ရာခိုင်နှုန်းမှာ MSME လုပ်ငန်းများဖြစ်သည်။ မြို့ပေါ်ရှိ MSME လုပ်ငန်းများထက်   ကျေးလက်ဒေသ၌  Micro Enterprises ခေါ်သော ဝန်ထမ်း ၁၀ ယောက်အောက်ရှိ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ က ပိုမိုများပြားပါသည်။
မြန်မာ  MSME များ၏ အားသာချက်
စီးပွားရေးပညာရှင်များ၏   လေ့လာချက်အရ  မြန်မာ  MSME များ၏ အားသာချက်မှာ ပြောင်းလဲနေသော ဈေးကွက်အခြေအနေ ပေါ်မူတည်၍ လျင်မြန်စွာပြုပြင်ပြောင်းလဲတုံ့ပြန်နိုင်ခြင်း၊ တီထွင် ကြံဆမှုရှိခြင်း၊ လုပ်အားစရိတ်နှင့် ဝန်ဆောင်မှုစရိတ်သက်သာခြင်း၊ နေရာအနှံ့အပြားတည်ရှိနိုင်ခြင်း၊ ဈေးကွက်တုံ့ပြန်မှုအရ ထုတ်လုပ်မှု ပုံစံပြောင်းလဲခြင်းတို့ကို လုပ်ငန်းကြီးများထက် ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်။ MSME များသည် နေရာအနှံ့အပြား တွင် တည်ရှိခြင်းကြောင့် ခွဲဝေဖြန့်ဖြူးမှုပြုလုပ်ရာတွင် လုပ်ငန်းကြီး များနှင့်နှိုင်းယှဉ်လျှင် အကျိုးကျေးဇူးပိုရှိကြောင်း တွေ့ရှိရသည်။ လူနေထူထပ်သောနေရာများတွင် MSME များသည် မြို့ကြီးများအတွင်း အခြေမစိုက်ဘဲ မြို့ပြအပြင်ဘက် ဆင်ခြေဖုံး စသည့်နေရာများတွင် တည်ရှိသောကြောင့် လူနေထူထပ်သည့် မြို့ပြတွင် အခြေစိုက်သည့် လုပ်ငန်းကြီးများထက် ရင်းနှီးမြှုပ်နှံမှုစရိတ်များစွာ သက်သာကြောင်း တွေ့ရှိရသည်။
MSME လုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ် ချက်များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်ပြောင်းလဲ နိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရှိ လူဦးရေ၏  ၇၀  ရာခိုင်နှုန်းသည် ကျေးလက်၌နေထိုင်ကြပြီး  ကျေးလက်စီးပွားရေး ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး ဆောင်ရွက်နေကြ ခြင်းဖြစ်ပါသည်။     စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို  အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့်  စက်မှုလုပ်ငန်းများသည်  ထိရောက်သည့် စီးပွားရေးလုပ်ငန်းများပင်ဖြစ်ပါသည်။  စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသီးနှံများဖြစ်သည့်  ဆန်၊  ဂျုံ၊  ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် စက်မှုသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါး၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်နှင့် တိုင်းရင်းဆေးပစ္စည်းများထုတ်လုပ်သည့် ပရဆေးပင်များ ကို စိုက်ပျိုးကြပါသည်။ မွေးမြူရေးလုပ်ငန်းတွင်လည်း အဓိကစားသုံး သော အသားငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများ ကို မွေးမြူကြပါသည်။  အဆိုပါ  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံ ကုန်ပစ္စည်းများ (Primary Goods) ကိုသာမက မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ၊ သစ်ပင်သစ်တောထွက်ပစ္စည်းများ၊ သံမဏိ၊ ကျောက်မီးသွေး၊ အဖိုးတန်ကျောက်မျက်ရတနာများ၊ ခဲမဖြူ၊ အဖြိုက် နက် စသည့်သယံဇာတများကို MSME များက တီထွင်ဆန်းသစ်သော အမြင်ဖြင့် ပြည်တွင်းပြည်ပဈေးကွက်ဝင်သော တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ်   ထုတ်လုပ်ဆောင်ရွက်နိုင်မည်ဆိုပါက  နိုင်ငံ့စီးပွားရေး အတွက် အလွန်အကျိုးရှိနိုင်မည်ဖြစ်ပါသည်။
ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) များသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခန်းကဏ္ဍတွင်  ပါဝင်သောကြောင့်   ၎င်းတို့တိုးတက်လာစေရန် မူဝါဒများချမှတ်ဆောင်ရွက်ခြင်း၊   ပိုမိုကောင်းမွန်သော  စီးပွားရေး ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းနှင့် MSME များအတွက် ယှဉ်ပြိုင် နိုင်စွမ်းမြင့်မားလာစေရန် လိုအပ်သည့်အထောက်အပံ့များ ပံ့ပိုးဆောင် ရွက်ပေးခြင်းများကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။ MSME ထုတ်ကုန်များ ဆန်းသစ်တီထွင်လာနိုင်စေရန်နှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တိုးတက်အောင်မြင်လာစေရန် မူဝါဒလုပ်ငန်းစဉ်များကို  ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်း၊ လိုအပ်သည့်နည်းပညာ၊ ဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးရမည်ဖြစ်ပါသည်။
ထိုသို့ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးခြင်းဖြင့် MSME လုပ်ငန်းရှင်များသည် ဆန်းသစ်သော ပြည်တွင်း ပြည်ပပို့ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည်ဖြစ်ပါသည်။ ထုတ်ကုန် များကို   E-Market   Platform  များပေါ်တွင်  ရောင်းချခြင်းဖြင့် ဈေးကွက်ဝေစုပိုမိုရရှိလာနိုင်ခြင်းကြောင့်    မြန်မာနိုင်ငံ၏   MSME လုပ်ငန်းများ    ပိုမိုရှင်သန်အောင်မြင်လာမည်ဖြစ်ပါသည်။  MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့်  ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့်   အလုပ်အကိုင်အခွင့်အလမ်းများလည်း  တိုးတက်လာမည် ဖြစ်ပြီး ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံ့စီးပွားတိုးတက် စေရန် MSME လုပ်ငန်းများအား အားပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


ကိုးကား    
မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း
စက်မှုဝန်ကြီးဌာန၏ နှစ် (၈၀) ပြည့်မဂ္ဂဇင်း