အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်လွှဲအပ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်မျှအရေးပါသနည်း

Type

 

မင်းခန့်ကျော်(ဥပဒေ)

ယခုလ ၂၃ ရက်နေ့ထုတ်သတင်းစာများတွင် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ  ယာယီသမ္မတ  တာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ကြောင်း သတင်းတစ်ပုဒ်ကို ဖတ်ခဲ့ရသည်။   ဒီသတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   ယာယီသမ္မတ တာဝန်တွေ   လွှဲယူလိုက်ပြီ၊  ဒါဟာအခြေခံဥပဒေနဲ့မညီညွတ်ဘူး စသည်ဖြင့် သတင်းရဲ့   ဆိုလိုရင်းကိုသိရှိအောင်  သေချာစွာမဖတ် သည့်အပြင် ဥပဒေပြဋ္ဌာန်းချက်များ၏ ဆက်စပ်မှုကို ဂဃနဏမသိဘဲ ဥပဒေကို လိုရာဆွဲပြီး အမျိုးမျိုးဝေဖန် ကြတာကို တွေ့ရသည်။
ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့    
အကြောင်းကြားစာ ပေးပို့လာခဲ့
သတင်းစာသားကို   သေသေချာချာဖတ်ရှုကြည့်မည်ဆိုပါက ယာယီသမ္မတ၏ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတ တာဝန်လစ်ဟင်းနေစဉ်ကာလတို့တွင်     ယာယီသမ္မတတာဝန် ဝတ္တရားများကို       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့  လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့    အကြောင်းကြားစာ   ပေးပို့လာခဲ့ သည်ဆိုသည့်အချက်ကို တွေ့ရသည်။ ထိုကဲ့သို့အကြောင်းကြားစာပေးပို့ခဲ့ပြီးသည့်နောက်မှာတော့ ၂၂-၇-၂၀၂၄ ရက်နေ့တွင် တာဝန် လွှဲပြောင်းအပ်နှံမှုအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည်ဆိုသည့် အချက်ကိုလည်း တွေ့ရသည်။
အထက်ပါအချက်နှစ်ချက်ကို ကြည့်မည်ဆိုပါက ယာယီသမ္မတ က သူ့ရဲ့ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို  အလုံးစုံလွှဲပြောင်း ခြင်းမဟုတ်သလို     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတအဖြစ် လွှဲပြောင်း ခန့်အပ်ခြင်းမဟုတ်ကြောင်းကို တွေ့ရှိရမည်ဖြစ်သည်။
ပုဒ်မ ၄၂၆ မှ ၄၂၉ အထိ ပြဋ္ဌာန်းချက်များတွင် အမျိုးသား
ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုသာ ရည်ညွှန်းပြဋ္ဌာန်း
ယင်းအချက်များနှင့်စပ်လျဉ်း၍   ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲမပြောဘဲ ဆက်စပ်ပြဋ္ဌာန်းချက်များကို  ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်ကြည့်ရန် လိုမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၂၀၁၊ အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း တွင် “နိုင်ငံတော်သမ္မတဦးဆောင်သည့်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ”ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(ခ)တွင် “နိုင်ငံတော်သမ္မတသည်  အမျိုးသားကာကွယ်ရေးနှင့်   လုံခြုံရေး ကောင်စီနှင့်   ညှိနှိုင်းရာတွင်  အဖွဲ့ဝင်များစုံညီစွာတက်ရောက်နိုင်  ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီး  ချုပ်၊   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန်ကြေညာနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။  ပုဒ်မ ၄၂၅ တွင်  “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်      ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့်တာဝန်ကို   ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုး အကြောင်းဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့် တစ်ကြိမ် လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်” ဟု ပြဋ္ဌာန်း ထားသည်။ ပုဒ်မ ၄၂၆ မှ ၄၂၉ အထိ ပြဋ္ဌာန်းချက်များတွင် နိုင်ငံတော် သမ္မတအား ရည်ညွှန်းပြဋ္ဌာန်းခြင်းမရှိတော့ဘဲ  အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီကိုသာ ရည်ညွှန်းပြဋ္ဌာန်းသည်ကို တွေ့ရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်
အထက်ပါပြဋ္ဌာန်းချက်များအရ  ပြည်ထောင်စုလွှတ်တော်မရှိ သည့် ယခုကဲ့သို့ အရေးပေါ်ကာလအခြေအနေတွင် ယာယီသမ္မတ  ၏အခန်းကဏ္ဍမှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပချိန်တစ်ခုတည်းတွင်သာ ဦးဆောင်ရန်ရှိသည် ကိုတွေ့ရမည်ဖြစ်သည်။ အရေးပေါ်ကာလဆိုင်ရာ   ပြဋ္ဌာန်းချက်များ အရ  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို မလွဲမသွေကျင်းပရမည့် အချိန်များရှိသည်။ ထို့ကြောင့် ယာယီသမ္မတ အနေဖြင့် ၎င်း၏ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်  ရေးနှင့်   လုံခြုံရေးကောင်စီအစည်းအဝေးကို  ဦးဆောင်ကျင်းပ ရန်မဖြစ်နိုင်သည့်အတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆက်လက် ဖော်ဆောင်နိုင်ရေး   နိုင်ငံတော်အတွက်  အမြော်အမြင်ကြီးစွာဖြင့် ၎င်းဆေးခွင့်ယူ၍  တာဝန်ဝတ္တရားများဆောင်ရွက်ရန်  ပျက်ကွက် နေစဉ်နှင့် ယာယီသမ္မတ  တာဝန်လစ်ဟင်းနေစဉ်   ကာလတို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပ နိုင်ရန်နှင့်  အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်သာ ၎င်း၏ တာဝန်ဝတ္တရားများအား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။   အမျိုးသားကာကွယ်ရေးနှင့်   လုံခြုံရေး ကောင်စီဆိုင်ရာကိစ္စရပ်များအတွက်  အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးကို လွှဲအပ်ခြင်းဖြစ်သည်။
 ယာယီသမ္မတအဖြစ် လွှဲပြောင်းခန့်အပ်ခြင်း
မဟုတ်သည်ကို သတိပြုမိရန်လို
အခြား  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် များရှိပါလျက်  မည်သည့်အတွက်ကြောင့်  ၎င်း၏တာဝန်ဝတ္တရား များအား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ရပါသနည်းဟု မေးခွန်းထုတ်ဖွယ် ရှိပါသည်။    ပထမအချက်ကိုပြောရမည်ဆိုလျှင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမျိုးသားကာကွယ်ရေးနှင့်       လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦး  ဖြစ်ခြင်း၊ ဒုတိယအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသူဖြစ်ခြင်း၊  တတိယအချက်အနေဖြင့် ပုဒ်မ ၄၁၂ အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက် နိုင်ခြင်းမရှိပါက     ညှိနှိုင်းရမည့်အဖွဲ့ဝင်များတွင်    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ခြင်း စသည့်  အချက်များကြောင့် ယာယီသမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရား များအား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ခြင်းဖြစ် သည်။ ယာယီသမ္မတ အဖြစ်      လွှဲပြောင်းခန့်အပ်ခြင်းမဟုတ်သည်ကို    သတိပြုမိရန် လိုသည်။
အချုပ်အားဖြင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာထားမှု အခြေအနေ မှသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ကို    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   ဆက်လက်ဖော်ဆောင်၍ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းလာနိုင်ရန်အတွက် အမျိုးသား ကာကွယ်ရေးနှင့်      လုံခြုံရေးကောင်စီဆိုင်ရာ    ကိစ္စရပ်များကို    လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတက
၎င်း၏    တာဝန်ဝတ္တရားများကို      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့    လွှဲအပ် ခြင်းသည်      မည်မျှအရေးကြီးကြောင်း ကို     ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်များအား  ပုဂ္ဂလဓိဋ္ဌာန်မပါဘဲ     ဓမ္မဓိဋ္ဌာန်ကျကျ    ချဉ်းကပ်သုံးသပ်ကြမည်ဆိုလျှင်          ပကတိအမှန်တရားကို   တွေ့မြင်ကြရမည်ဖြစ်ကြောင်း       ရေးသားဖော်ပြ   လိုက်ရပေ သည်။    ။