
နေပြည်တော် ဇူလိုင် ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့အကျော် BOC ဆီဆိုင်အနီး၌ မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ ကီလိုဂရမ် ၂၀ ပါ ၆၃၅ အိတ်နှင့် ၂၅ ကီလိုဂရမ်ပါ အိတ် ၂၆၀၀၊ အာလူး ကီလိုဂရမ် ၂၀ ပါ အိတ် ၇၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၈၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် SHACMAN Tractor Head သုံးစီးနှင့် နောက်တွဲယာဉ် သုံးတွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၈၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁၈၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (မြောက် ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီးနှင့် Toyota Mark II မော်တော်ယာဉ် တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၈ ဒသမ ၆၅၄) တန်၊ သစ်မာ (၄ ဒသမ ၀၆၂) တန်၊ အခြားသစ် (၂ ဒသမ ၈၃၃)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၄၅၂၂၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ Honda Airwave မော်တော်ယာဉ်တစ်စီးနှင့် ထော်လာဂျီ တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၄၅၂၂၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။ (ဝဲပုံ)
ထို့အတူ ဇူလိုင် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် စက်မှုဇုန်လမ်းထိပ်၌ လိုင်စင်မဲ့ Toyota Land Cruiser တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၄၅၄၅၂၂၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်