လုံခြုံရေးတင်းကျပ်မှုနှင့်အတူ ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်

 

ပြင်သစ်မြန်နှုန်းမြင့်ရထားကွန်ရက်ကို   ပစ်မှတ် ထားကာ သံသယဖြစ်ဖွယ် အဖျက်အမှောင့်လုပ်ရပ် များ ဖြစ်ပွားပြီးနောက် လုံခြုံရေးတင်းကျပ်မှုနှင့်အတူ ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။


သောကြာနေ့က   ပြုလုပ်ခဲ့သော  ပါရီအိုလံပစ် အားကစားပြိုင်ပွဲ     ဖွင့်ပွဲသည်   အားကစားကွင်း အပြင်ဘက်တွင်ပြုလုပ်သော   ပထမဆုံးနွေရာသီ အားကစား ပြိုင်ပွဲတစ်ခုဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ မြို့တော်ပါရီသည် ယခင် ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၂၄ ခုနှစ်တို့တွင်   အိုလံပစ်ပွဲတော်ကို   အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။


အားကစားသမားများသည်    စိန့်မြစ် တစ်လျှောက် ခြောက်ကီလိုမီတာခန့် လှေများ ဖြင့်        စီတန်းအင်အားပြခဲ့ကြောင်းနှင့် အမေရိကန်ပေါ့ပ်စူပါစတား   လေဒီဂါဂါနှင့် ပါရီမြို့ရှိ    မော်လင်းရော့ဂ်ကာဘာရက်သ်မှ အကသမားများက      ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


နိုင်ငံတကာ      အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘက်ရှ်က        အီဖယ်မျှော်စင် အနီး   ထရိုကာဒီရီု၌        မိန့်ခွန်းပြောကြားခဲ့ သည်။


ယင်းနောက်တွင်         ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အားကစားပြိုင်ပွဲကို  တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။


ဖွင့်ပွဲကို    လေးနာရီခန့်     ကျင်းပခဲ့ပြီး ကြီးမားသည့်    ပြဿနာတစ်စုံတစ်ရာမရှိဘဲ     ဖွင့်ပွဲကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။ အားကစားပြိုင်ပွဲများကို    ဩဂုတ်  ၁၁  ရက် အထိ   ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ 

        
အောင်ဇော်