မြှင့်တင်အားပေး ဝါသီးနှံဖွံ့ဖြိုးရေး

Type
1

 

ကိုချင်းနှင့် ပီပီပီ (စက်မှု)အဖွဲ့ဝင်များ

 

နိဒါန်း
နှစ်စဉ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဝါသီးနှံ၏ အရေးပါပုံကို သတိပြုမိကြပြီး လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ    ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏  ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန်    ကမ္ဘာ့ဝါသီးနှံနေ့ကို   နှစ်စဉ် ကျင်းပကြသည်။    ကမ္ဘာ့ဝါသီးနှံနေ့ကို   နေ့စဉ် လူနေမှုဘဝတွင်     ဝါသီးနှံ၏   အရေးပါမှုကို အသိအမှတ်ပြုရန်နှင့်   ဝါဂွမ်းကဏ္ဍ၏  ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော တိုးတက် မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည်။ ယနေ့အထိ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day 2024) အတွက် ဆောင်ပုဒ်ကို မကြေ ညာသေးသော်လည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day)  ၏ ဆောင်ပုဒ်မှာ “လယ်ယာ မှသည် ဖက်ရှင်အထိ လူတိုင်းအတွက် ဝါသီးနှံကို မျှတပြီး   ရေရှည်တည်တံ့စေရန်  ဖန်တီးကြပါစို့” (''Making cotton fair and sustainable for all, from farm to fashion.") ဖြစ်ပါသည်။ ကုလသမဂ္ဂ က ဝါ၏ကဏ္ဍကို မြင်သာစေရန်နှင့် ကုန်သွယ်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင် နေသည်ကို သတိပြုစေလို၍ ကျင်းပခြင်းဖြစ်ပါသည်။
ကမ္ဘာ့ဝါသီးနှံနေ့ဖြစ်ပေါ်လာပုံ
အာဖရိကနိုင်ငံ    လေးနိုင်ငံဖြစ်သည့်  ဘီနင် (Benin)၊ ဘာကီနာဖာဆို (Burkina Faso)၊ ချဒ် (Chad) နှင့် မာလီ (Mali) တို့က ၂၀၀၃ ခုနှစ်တွင် ကော့တွန်-၄ (Cotton-4) ကို    အောက်တိုဘာလ ၇ ရက်နေ့တွင် ပဏာမစတင်ခဲ့သည်။ ဤပဏာမ ခြေလှမ်းသည် တရားမျှတသော ကုန်သွယ်မှုအလေ့ အကျင့်များကို မြှင့်တင်ရန်၊ စျေးကွက်ဝင်ရောက်နိုင်မှု တိုးတက်စေရန်နှင့်    အဆိုပါနိုင်ငံများရှိ   ဝါစိုက် တောင်သူများ၏   အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။  ကော့တွန်-၄ (Cotton-4) နိုင်ငံတို့၏ အစပြုမှုကို အသိအမှတ်ပြု တုံ့ပြန်သည့်အနေဖြင့်    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အစည်း (World Trade Organization - WTO) သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တွင် ပထမဆုံးကမ္ဘာ့ဝါသီးနှံနေ့ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌     ကျင်းပခဲ့ပါသည်။   အဆိုပါပွဲကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်    စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးညီလာခံ (UNCTAD)၊   အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ITC) နှင့် အပြည်ပြည်ဆိုင်ရာ ချည်မျှင်အကြံပေးကော်မတီ (ICAC) တို့ ပူးပေါင်း၍ WTO အတွင်းရေးမှူးချုပ်ရုံးမှ  စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ ဝန်ကြီးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိ များ၊   ဂျီနီဗာအခြေစိုက်   ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ဝါအသိုက်အဝန်းအပါအဝင် နိုင်ငံလုံးဆိုင်ရာ စိုက်ပျိုးသူများအသင်းများ၊ ကုန်သည်များ၊ စစ်ဆေး ရေးဝန်ဆောင်မှုပေးသူများ၊ ဝါတန်ဖိုးမြှင့်ထုတ်လုပ် သူများ၊   ဖွံ့ဖြိုးရေးအကူအညီများ၊  မိတ်ဖက်များ၊ သိပ္ပံပညာရှင်များ၊ ပညာရှင်များ၊ လက်လီရောင်းချ သူများ၊    အမှတ်တံဆိပ်  ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိက  ကဏ္ဍအပါအဝင်    WTO   ရုံးချုပ်တွင် တက်ရောက်သူ ၈၀၀ ကျော် တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားသည် ပါဝင်တက်ရောက်သူများ အတွက် အသိပညာမျှဝေရန်နှင့် ဝါဂွမ်းနှင့် ပတ်သက် သော လှုပ်ရှားမှုများနှင့် ထုတ်ကုန်များကိုပြသရန် အဓိကအခွင့်အရေးတစ်ခုဖြစ်သည်။ ကမ္ဘာ့ဝါသီးနှံ နေ့သည် ဝါ၏အရေးကြီးမှုနှင့် လယ်သမားများမှ အထည်ချုပ်လုပ်သားများအထိ ဝါဂွမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံး၏  ပံ့ပိုးကူညီမှုများကို အသိပညာမြှင့်တင်ပေးသောကြောင့်   အရေးကြီး ပါသည်။
ထို့အပြင် အစိုးရများ၊ စက်မှုလုပ်ငန်း ကိုယ်စား လှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါ အဝင် သက်ဆိုင်သူအသီးသီးနှင့် ဝါဂွမ်းချည်ထည် ကဏ္ဍကို   ဆွေးနွေးမြှင့်တင်ရန်  အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ပါသည်။ စတင်တည်ထောင်ချိန် မှစ၍ ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day) သည် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စည်းရုံးရေး၊ ပညာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ပလက်ဖောင်း တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။
ဝါသီးနှံ၏အရေးပါမှု
လူတို့တွင် စား၊ ဝတ်၊ နေရေး အရေးကြီး(၃)ပါး ရှိသည့်အနက် အဝတ်သည် ဒုတိယအရေးကြီးဆုံး ဖြစ်ပါသည်။ “လူမှာအဝတ်၊ တောင်းမှာအကွပ်” ဆိုသည့် မြန်မာစကားပုံတွင် လူတို့တွင် အဝတ်၏ အရေးပါပုံကို ဆိုညွှန်းထားပါသည်။ ဝါသည် ကမ္ဘာ့ အရေးအကြီးဆုံး    လယ်ယာထွက်ကုန်များထဲမှ တစ်ခုဖြစ်ပြီး     နိုင်ငံများစွာ၏    စီးပွားရေးကို သိသိသာသာ အထောက်အကူပြုပါသည်။ အထူး သဖြင့်    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   ဝါသည် သန်းနှင့် ချီသော လူများအတွက် အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်သည်။ ဝါဂွမ်းကဏ္ဍသည် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်း ၁၀၀ ကျော်ကို အလုပ်ခန့်ထားပြီး လူသန်း   ၅၀၀  ကျော်ကို ပံ့ပိုးပေးပါသည်။ အိန္ဒိယ၊ တရုတ်၊   အမေရိကန်နှင့်   အာဖရိကနိုင်ငံ များစွာတို့ကဲ့သို့ နိုင်ငံများတွင် ဝါဂွမ်းသည် အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ကြီးမားသောဝင်ငွေကို   ရရှိစေသည်။  အိန္ဒိယတွင်    ဝါဂွမ်းလုပ်ငန်းသည်  လယ်သမားခြောက်သန်းကျော် နှင့်  ဆက်စပ်စက်မှုလုပ်ငန်းများတွင် လူသန်းပေါင်း များစွာကို  အလုပ်အကိုင်များ ပံ့ပိုးပေးသည်။
ထို့အပြင် ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခူးဆွတ် ခြင်းမှစ၍   ဝါကုန်ချောလုပ်ငန်းစဉ်များဖြစ်သည့် ချည်ထုတ်လုပ်ခြင်း၊ အထည်အလိပ်ရက်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့တွင် အမျိုးသမီး အများအပြား ပါဝင်လုပ်ကိုင်နိုင်ပါသည်။ ဝါတန်ဖိုး ကွင်းဆက်တွင် ပါဝင်ခြင်းဖြင့် အမျိုးသမီးများသည် ကိုယ်ပိုင်ဝင်ငွေရရှိကြပြီး    ၎င်းတို့၏  မိသားစုနှင့် လူမှုအသိုင်းအဝိုင်းများ၏   သာယာဝပြောရေးကို အထောက်အကူပြုပါသည်။
ဝါသီးနှံအသုံးဝင်မှု
ဝါသည်  ကမ္ဘာမြေကြီးကပေးသည့်   စွယ်စုံရ သီးနှံများထဲမှ တစ်ခုဖြစ်ပါသည်။ လူတို့၏ အသက် ရှင်နေထိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေး (၃)ချက်တွင် ဝါသီးနှံက ယင်း အခြေခံလိုအပ်ချက် (၃)ချက်လုံးကို ဖြည့်တင်းပေး နိုင်ပါသည်။ ဝါသီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊   ဝါစေ့၊   ဝါစေ့ဆီနှင့်  ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ ရင့်မှည့်သော ဝါသီး (ဝါပေါက်)မှ ဝါစေ့နှင့် ဝါဂွမ်းကို ခွဲထုတ်ရယူပါသည်။
ဝါဂွမ်းသည် အဝတ်အထည်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာနှင့်  အခြားအထည်အလိပ်များ အပါအဝင် ထုတ်ကုန်အမျိုးမျိုးပြုလုပ်ရန်      အသုံးပြုသည့် သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ တာယာ၊ ဆန်ခါ များနှင့် စက္ကူကဲ့သို့သော စက်မှုထုတ်ကုန်များစွာတွင် လည်း အသုံးပြုသည်။ ဝါဂွမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို အဝတ်အထည်များတွင်    အသုံးပြုကြပါသည်။ အိမ်တွင်းအလှဆင်ပစ္စည်းများတွင် ၁၅ ရာခိုင်နှုန်းကို အသုံးပြုကြပြီး ကျန် ၅ ရာခိုင်နှုန်းမှာ စစ်ထုတ်ခြင်း နှင့်   စုပ်ယူခြင်းကဲ့သို့သော   အသုံးအဆောင်များ အတွက် အများဆုံးအသုံးပြုကြသည်။ မိုးပြာရောင် ဂျင်း၊   ကော်ဇောနှင့်  ကြမ်းခင်းအထည်များကဲ့သို့ လူအများနှစ်သက်သော အထည်များကို ဝါချည်ဖြင့် ပြုလုပ်ထားသည်။
ဝါစေ့တွင်    မျိုးစိတ်နှင့်   အရည်အသွေးပေါ် မူတည်၍ အဆီ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်ပါသည်။ အဆီတွင် မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်း ခန့် ပါဝင်ပါသည်။ သန့်စင်ထားသော ဝါစေ့ဆီသည် အရသာရှိပြီး နူးညံ့သော ရွှေရောင်ရှိသည်။ ဝါစေ့ သည်    ပရိုတင်းဓာတ်ကြွယ်ဝပြီး   လူစားသုံးရန် (သို့မဟုတ်) တိရစ္ဆာန်အစာအတွက် အသုံးပြုသည်။ ဝါစေ့ကို   ပြန်လည်စိုက်ပျိုးရန်  မျိုးအဖြစ်လည်း ကောင်း၊ ဆီကြိတ်၍ စားသုံးဆီအဖြစ်လည်းကောင်း၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အလှကုန်များကဲ့သို့သော ဆီအခြေခံထုတ်ကုန်များစွာပြုလုပ်ရန်     စက်မှု ကုန်ကြမ်းသုံးဆီအဖြစ်လည်းကောင်း၊      ဝါစေ့ ဆီကြိတ်ဖတ်ကို   တိရစ္ဆာန်အစာအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။
၁၉၅၀ ပြည့်နှစ်များက အထည်ရက်လုပ်ရာတွင် ဝါဂွမ်းကို ၈၄ ရာခိုင်နှုန်း၊ သိုးမွေး ၁၂ ရာခိုင်နှုန်းနှင့် လျှော် ၄ ရာခိုင်နှုန်း သုံးစွဲခဲ့ရာက ၁၉၄၀ ပြည့်နှစ်တွင် ချည်မျှင်တုရေယွန်နှင် နိုင်လွန်တို့ တီထွင်လာသော ကြောင့်  ၁၉၇၀ ပြည့်နှစ်အလွန်တွင် ဝါဂွမ်းချည် သုံးစွဲမှုလျော့ကျသွားခဲ့သည်။ ယခုခေတ်တွင် ဝါဂွမ်း ချည်သည် ဈေးနှုန်းသက်သာသော ပိုလီအက်စတာ ချည်မျှင်တုနှင့် ယှဉ်ပြိုင်နေရသည်။ ၂၀၁၀ ပြည့်နှစ် များတွင် အထည်အလိပ်လုပ်ငန်းများတွင် ဝါဂွမ်း ၃၇ ရာခိုင်နှုန်းခန့် သုံးစွဲကြောင်း သိရှိရပါသည်။ သို့သော် ဝါဂွမ်းချည်၏ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသည့်  ဂုဏ်သတ္တိများက  ဖွံ့ဖြိုးပြီးနိုင်ငံရှိ လူအများကို ဆွဲဆောင်နိုင်သောကြောင့် ဝါဂွမ်းချည် သုံးစွဲမှုသည် ပြန်လည်မြင့်တက်လာခဲ့ပါသည်။
ဝါသီးနှံနှင့် သဘာဝပတ်ဝန်းကျင်
ဝါသည်   ဇီဝပိုးမွှားများကို   ချေဖျက်နိုင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော သဘာဝအမျှင်ဖြစ်၍ ဓာတုအမျှင်များနှင့်နှိုင်းယှဉ်ပါက သဘာဝပတ်ဝန်း ကျင်နှင့်     သဟဇာတဖြစ်စေပါသည်။   သို့သော် ဝါစိုက်ပျိုးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းစဉ်များတွင် ရေရှည်တည်တံ့စေရန်    ကိုင်တွယ်ဖြေရှင်းရမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   စိန်ခေါ်မှုများ  ရှိပါ သည်။ အဆိုပါစိန်ခေါ်မှုများတွင် ရေသုံးစွဲမှု၊ ပိုးသတ် ဆေးအသုံးပြုမှုနှင့် မြေဆီလွှာပျက်စီးမှုတို့ ပါဝင် သည်။ ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင် အစီအစဉ် (United  Nations   Environment  Program - UNEP)၏ အဆိုအရ ဝါဂွမ်းစိုက်ပျိုးမှုသည် ကမ္ဘာ့ စိုက်ပျိုးမြေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိသော်လည်း နှစ်စဉ်ပိုးသတ်ဆေး တန်ချိန် ၂၀၀၀၀၀ နှင့် ဓာတ်မြေ သြဇာတန်ချိန် ရှစ်သန်းခန့် အသုံးပြုနေပြီး ကမ္ဘာ့ သုံးစွဲမှု၏ ၁၆ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း သန်းပေါင်း များစွာသော   လူများအတွက်  အလုပ်အကိုင်နှင့် ဝင်ငွေကို ထောက်ပံ့ပေးသောကြောင့် ဝါဂွမ်းသည် နိုင်ငံများစွာအတွက် အလွန်အရေးပါသော သီးနှံ ဖြစ်သည်။
ယင်းစိန်ခေါ်မှုများကို     ကျော်လွှားနိုင်ရန် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု  အနည်းဆုံးဖြစ်စေ မည့်  ရေရှည်တည်တံ့သော   ဝါသီးနှံထုတ်လုပ်မှု အလေ့အကျင့်များကို     မြှင့်တင်ရန်   ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။       အော်ဂဲလ်နစ် ဝါစိုက်ပျိုးခြင်း၊  ပိုးမွှားဒဏ်ခံနိုင်ရည်နှင့် မိုးခေါင်မှု ဒဏ်ခံနိုင်ရည် စသည့်စရိုက်လက္ခဏာများရှိသည့် မျိုးရိုးဗီဇပြုပြင်ထားသော (Genetically Modified) GM ဝါမျိုးများကို စိုက်ပျိုးခြင်း စသည်တို့ပါဝင်သည်။
အော်ဂဲလ်နစ်စိုက်ပျိုးရေး  အလေ့အကျင့်များ သည် မြေဆီလွှာထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့်     ရေထိန်းသိမ်းမှုကို    မြှင့်တင်ပေးသည်။ အော်ဂဲလ်နစ်ဝါဂွမ်းသည် ကမ္ဘာလုံးဆိုင်ရာ ဝါဂွမ်း ထုတ်လုပ်မှု၏ ၀ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိပါသည်။ အနည်းငယ်သော ရာခိုင်နှုန်းကိုသာ ကိုယ်စားပြု သော်လည်း ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်း ကျင်နှင့်    သဟဇာတဖြစ်သော   ထုတ်ကုန်များ ဖြစ်သည့်အတွက် သုံးစွဲသူများ၏ ဝယ်လိုအား တိုးလာပြီး လူကြိုက်များလာပါသည်။ အိန္ဒိယနိုင်ငံ သည် ကမ္ဘာလုံးဆိုင်ရာ အော်ဂဲလ်နစ်ဝါဂွမ်းထောက်ပံ့ မှု၏ ၇၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပြီး အများဆုံး ထုတ်လုပ်သူဖြစ်သည်။
ဘီတီဝါ (BT   Cotton)ဟု  လူသိများသော ဝါသည် ပိုးမွှားဒဏ်ခံနိုင်ရန် မျိုးရိုးဗီဇပြုပြင်ထား သော (Genetically Modified) GM ဝါမျိုးဖြစ်ပြီး ကမ္ဘာ့ဝါစိုက်ပျိုးမှု၏ ၆၉  ရာခိုင်နှုန်းအထိ ရှိပါသည်။ ယင်းဝါမျိုးကို အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးကြပြီး ကုန်ထုတ်စွမ်းအားတိုးမြင့်လာကာ ပိုးသတ်ဆေး သုံးစွဲမှု  လျော့ကျလာစေသည်။  သို့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုများ အပေါ် စိုးရိမ်မှုများနှင့်အတူ GM ဝါဂွမ်းကို လက်ခံ ကျင့်သုံးမှုသည် အခြေအတင်ဖြစ်နေဆဲဖြစ်ပါသည်။
ကမ္ဘာ့ဝါထုတ်လုပ်မှု
ဝါကို    နှစ်ထောင်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့ပြီး  ကမ္ဘာပေါ်တွင်   အရေးကြီးဆုံးသော သဘာဝအမျှင်များထဲမှ  တစ်ခုဖြစ်ပါသည်။ ဝါကို ကမ္ဘာ့နိုင်ငံပေါင်း   ၇၀   ကျော်တွင်  စိုက်ပျိုးသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ဝါတန်ချိန် ၂၅ သန်းခန့်    ထုတ်လုပ်လျက်ရှိပါသည်။   ကမ္ဘာတွင် ဝါဂွမ်းအများဆုံးထုတ်လုပ်သည့် နိုင်ငံမှာ တရုတ် နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဝါတန်ချိန် ခြောက်သန်း ခန့် ရိတ်သိမ်းနိုင်ခဲ့သည်။ ထိပ်တန်းထုတ်လုပ်သူ များမှာ တရုတ်၊  အိန္ဒိယ၊  အမေရိကန်နှင့် ဘရာဇီးတို့ ဖြစ်သည်။    မြန်မာနိုင်ငံသည်  ဝါထုတ်လုပ်သည့် နိုင်ငံများတွင် ၁၆ နိုင်ငံမြောက် ဖြစ်ပါသည်။
 မြန်မာ့ဝါစိုက်ပျိုးထုတ်လုပ်မှု
မြန်မာနိုင်ငံတွင်  ဝါသီးနှံသည်   အဓိကသီးနှံ ၁၀ မျိုးတွင်ပါဝင်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝါသီးနှံစိုက်ဧကသည်   စုစုပေါင်းသီးနှံစိုက်ဧက၏ ၁ ဒသမ  ၂၅  ရာခိုင်နှုန်းရှိပြီး  သီးနှံထွက်ကုန်များ စုစုပေါင်းတန်ဖိုး၏   ၁   ဒသမ  ၄  ရာခိုင်နှုန်းခန့် ရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင်  ဝါကို  ပျူခေတ်ကတည်းက စိုက်ပျိုးနေပြီဖြစ်ပြီး ဝါဂွမ်းမှ အဝတ်အထည်များ ရက်လုပ်သုံးစွဲနေပြီဖြစ်ကြောင်း တွေ့ရရှိပါသည်။ မြန်မာနိုင်ငံတွင် ရှေးယခင်က ချည်မျှင်တိုဝါမျိုးကို စိုက်ပျိုးခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ချည်မျှင် ရှည်ဝါကို ကျယ်ကျယ်ပြန့်ပြန့် စတင်စိုက်ပျိုးခဲ့ပါ သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧရိယာ ၅၃၇၃၁၂ ဧကကို စိုက်ပျိုးခဲ့ပြီး ချည်မျှင်ရှည်ဝါသည် စိုက်ဧရိယာအများဆုံးနှင့်   တစ်ဧကအထွက်နှုန်း အမြင့်ဆုံးဖြစ်ကာ စုစုပေါင်းဝါထွက်ရှိမှု၏ ၉၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။
ဝါသည် အပူပိုင်းဒေသတွင် ဖြစ်ထွန်းသော သီးနှံ ဖြစ်၍ မြန်မာနိုင်ငံတွင် မကွေး၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင်         စိုက်ပျိုးဖြစ်ထွန်းပြီး ယင်းဒေသများသည် ဝါအများဆုံးထုတ်လုပ်သည့် ဒေသများဖြစ်ပါသည်။       ယင်းဒေသများအပြင် နေပြည်တော်၊ ပဲခူး၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် လည်း   စိုက်ပျိုးကြသည်။  ၂၀၁၂-၂၀၁၃ မှ ၂၀၂၂-၂၀၂၃ ခုနှစ် ကာလတစ်လျှောက်  ဝါထုတ်လုပ်မှုကို လေ့လာကြည့်ပါက   ၂ဝ၁၅-၂၀၁၆   ခုနှစ်တွင် စုစုပေါင်းထုတ်လုပ်မှု တန်ချိန် ၅၁၂၈၁၄ တန်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂၆၂၂၇၇ တန် အနိမ့်ဆုံးသို့ လျော့ကျရောက်ရှိခဲ့သည်။ နိုင်ငံ တော်အစိုးရ၏ အားပေးလမ်းညွှန်မှုဖြင့် ဝါထုတ်လုပ် မှုသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သိသိသာသာ ပြန်လည် ကောင်းမွန်လာကာ တန်ချိန် ၃၂၃၀၆၆ သို့ ပြန်လည် မြင့်တက်လာပါသည်။   မြန်မာ့ချည်ထည်လုပ်ငန်း အတွက် အဓိကအချက်အချာကျသော မကွေးတိုင်း ဒေသကြီးနှင့်   မန္တလေးတိုင်းဒေသကြီးတို့တွင် ထုတ်လုပ်မှုတိုးလာခြင်းကြောင့်  ပြန်လည်ဦးမော့ လာခြင်းဖြစ်ပါသည်။
မြန်မာ့ဝါကို အားပေးမြှင့်တင်ခြင်း
ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ   ဝါသီးနှံအထွက်တိုးရေးကို  ဆောင်ရွက် လျက်ရှိပြီး အရည်အသွေးမြင့်မားသည့် ချည်ထည် များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါ သည်။ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါ များ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့်   အထည်စက်ရုံများအတွက်  အရည် အသွေးကောင်းဝါများ စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပ မှ ဝါဂွမ်းနှင့်  ချည်များတင်သွင်းမှုကို   လျှော့ချရန်၊ ဝါသီးနှံတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက် တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ် မှု   မြင့်မားစေရန်  ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိကြောင်း  သိရှိရပါသည်။  ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ချမှတ်ထားပြီး စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသ ကြီးများနှင့် ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေများကို စီမံကိန်းဒေသအဖြစ် သတ်မှတ်၍ ဝါစိုက်ပျိုးရေးဇုန်  ၁၉  ခု  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက် များနှင့်အညီ ဝန်ကြီးဌာနများအနေဖြင့် ပြည်တွင်း ဝါ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်ရောင်းချ သူများ၊ ဝါလုပ်ငန်းရှင်များ၊  ပုဂ္ဂလိကဝါစေ့ဆီစက် များ၊ ဝါကြိတ်လုပ်ငန်းများနှင့် ချည်မျှင်နှင့် အထည် စက်ရုံများသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်း ခြင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ        တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ ဆောင်ရွက်လျက် ရှိပါသည်။
လက်ရှိတွင် နိုင်ငံတော်ကလည်း ဝါစိုက်ပျိုးရေး ဇုန် ၁၉ ခု အကောင်အထည်ဖော်၍ ဝါအထွက်နှုန်း တိုးမြင့်အောင် ဆောင်ရွက်လျက်ရှိပြီး အဆင့်မီသည့် ချည်ထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည် ဆိုပါက  ပြည်တွင်းအဝတ်အထည်လိုအပ်ချက်ကို ပြည့်စုံအောင်   ဖြည့်ဆည်းပေးနိုင်သည်သာမက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ပါသည်။
ရေရှည်တည်တံ့သော
မြန်မာ့ဝါဖွံ့ဖြိုးတိုးတက်ရေးဆီသို့
မြန်မာ့ဝါသည် သိသာထင်ရှားသော အလား အလာကောင်းများရှိပြီးဖြစ်ကာ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဝါဂွမ်းစိုက်ပျိုးခြင်း သည် မြေဆီလွှာပျက်စီးမှု၊ ရေရှားပါးမှုနှင့် ပိုးမွှား ကျရောက်မှုအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများစွာကို  ရင်ဆိုင်ရပါသည်။    ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းရေး   (Integrated Pest Management - IPM)၊ ဓာတုသွင်းအားစုများကို ရှောင်ရှားပြီး   သဘာဝဖြစ်စဉ်များကို  အလေးပေး သည့် အော်ဂဲလ်နစ်စိုက်ပျိုးရေးနှင့် ထိရောက်သော ဆည်မြောင်းစနစ်များကဲ့သို့သော ရေရှည်တည်တံ့ သော စိုက်ပျိုးရေးအလေ့အကျင့်များကို မြှင့်တင် ခြင်းဖြင့် အဆိုပါစိန်ခေါ်မှုများကို လျော့ပါးသက်သာ စေနိုင်မည်ဖြစ်ပါသည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းအပြင် တစ်ဖက်တွင်   ဝါဂွမ်းမှ  အဆင့်မီအထည်အလိပ် လူသုံးကုန်ပစ္စည်းများ    ထုတ်လုပ်နိုင်ရန်အတွက် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များကို စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အထည်ချုပ်လုပ်ငန်း များဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းတို့ကို တစ်ဆက် တစ်စပ်တည်း   ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့်      ယင်းလုပ်ငန်းများကို     ဒေသအလိုက် ထူထောင်နိုင်ရေးနှင့်       ရေရှည်ရှင်သန်နိုင်ရေး၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီ ပေးရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာအောင် ဖိတ်ခေါ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
နိဂုံး
အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို အာရုံစိုက်ပြီး  စိုက်ပျိုးမှုမှသည်  အဆင့်မီအထည် အလိပ်ထုတ်လုပ်ခြင်းအထိ   ဝါတန်ဖိုးကွင်းဆက် တစ်ခုလုံး           တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာ နိုင်ငံ၏ ရပ်တည်ချက်ကို အားကောင်းစေမည်ဖြစ်ပါ သည်။ သွင်းကုန်မှီခိုမှုကို လျှော့ချရန်နှင့် ပြည်တွင်း အထည်အလိပ်လုပ်ငန်း၏    စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်၍ ဝါအထွက်နှုန်းနှင့် အရည် အသွေးမြှင့်တင်ရန်     နိုင်ငံတော်က    အားပေး ဆောင်ရွက်လျက်ရှိပြီး ရေရှည်တည်တံ့သော အလေ့ အကျင့်များနှင့်    နည်းပညာတိုးတက်မှုများကို လက်ခံကျင့်သုံးခြင်းဖြင့်    ဝါဂွမ်းထုတ်လုပ်မှုတွင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါသည်။
ဝါသီးနှံ၏ အရေးပါမှုနှင့် ဝါကဏ္ဍရှိ တိုးတက်မှု များကို ဂုဏ်ပြုရန်၊ ဝါသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို     ပံ့ပိုးပေးသည့်  အရေးကြီးသော ကုန်ပစ္စည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန်၊ စီးပွားရေးတိုးတက်မှုနှင့်    သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲစေရန်၊    ရာသီဥတုပြောင်းလဲမှု၊ စျေးကွက်မတည်ငြိမ်မှုနှင့် အလုပ်သမားပြဿနာ များကို ဖြေရှင်းရန်၊ ရေရှည်တည်တံ့သော ဝါဂွမ်း ထုတ်လုပ်မှု၊ လယ်သမားများ၏ စွမ်းအားမြှင့်တင် ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် ဝါဂွမ်းကဏ္ဍသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေရန် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
အားလုံးအတွက်       ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန်နှင့် ဝါနှင့် ချည်ထည် ကဏ္ဍတွင် ရေရှည်တည်တံ့ပြီး  အားလုံးပါဝင်နိုင်သော တိုးတက်မှုကို ပံ့ပိုးကူညီကြရန် ကမ္ဘာ့ဝါသီးနှံနေ့ကို နိုင်ငံအများအပြားတွင်      ဆောင်ရွက်နေသကဲ့သို့ မြန်မာ့ဝါသီးနှံကဏ္ဍ ဝါစိုက်ပျိုးထုတ်လုပ်သူမှသည် ချည်မျှင်နှင့်       အထည်အလိပ်လုပ်ငန်းများအထိ ဝါသီးနှံတန်ဖိုး    ကွင်းဆက်တစ်လျှောက်   ဖွံ့ဖြိုး တိုးတက်မှုရရှိရန်          နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ   အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက် လျက်ရှိရာတွင် ဝါသီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက် ရှိ ဝါစိုက်ပျိုးတောင်သူများမှသည် အထည်ချုပ် လုပ်သားများအထိ ပါဝင်ပတ်သက်လုပ်ကိုင်နေသူ များအား    ဂုဏ်ပြုသောအားဖြင့်   မြန်မာ့ဝါသီးနှံ နေ့တစ်နေ့အဖြစ်        သတ်မှတ်ဂုဏ်ပြုပေးသင့် ပါကြောင်း တင်ပြအပ်ပါသည်။      ။