လူမှုစီးပွားတိုးတက်စေမည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ

Type
3

 

စိုးထွန်းနိုင် (ပန်းတနော် )

နိုင်ငံတော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အအုံများတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက် အကူဖြစ်စေသည့်လမ်းများ ဖောက်လုပ်ပေးနိုင်ခြင်းသည် အရေးကြီးပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ များ မြင့်မားစေရန် အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အလေးထားစဉ်းစားသည့် ကဏ္ဍတစ်ရပ် လည်းဖြစ်သည်။ ထို့အတူ ဒေသခံပြည်သူများ၏ လိုလားချက်လည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်းတွင် မြို့ပြ၌ နေထိုင်သူ ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျေးလက်ဒေသ များတွင် နေထိုင်သူဦးရေမှာ ၇၀ ရာခိုင်နှုန်းအထိ ရှိပါသည်။  ထိုသို့  လူနေများပြားသည့်  ကျေးလက် ဒေသများတွင်   ရုပ်ပိုင်းဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စီမံကိန်း များ ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။  ထိုသို့ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး အခြေခံအဆောက်အအုံများ     လိုအပ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံ များ    ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း   မရှိမဖြစ် အချက်တစ်ချက်ဖြစ်ပါသည်။
ကျေးလက်ဒေသများတွင်     တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာရန်နှင့် ကုန်စည်စီးဆင်း ရန်အတွက်     ကျေးလက်လမ်းများကို   အဓိက အားထား၍ အသုံးပြုလျက်ရှိပါသည်။ ကျေးလက် လမ်းများသည် ရှေးယခင်ကတည်းက နိုင်ငံအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိခဲ့ပြီး ကျေးလက် လမ်းနှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်ပေါင်း  ၁၄၀  ခန့်မှ စတင်ကာ မြူနီစပယ်အဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် စတင်သန္ဓေတည်ခဲ့သည်။ ထိုမှတစ်ဆင့် ကျေးလက် လမ်းနှင့်ပတ်သက်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်း များကို   အဆင့်ဆင့်ဖွဲ့စည်းခဲ့ကာ    ကျေးလက် လမ်းများ     ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အစိုးရ အဆက်ဆက်က  အစဉ်တစိုက်  ဆောင်ရွက်လာခဲ့ ပါသည်။
ကျေးလက်လမ်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာ ခြင်းဖြင့် ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိ လာစေပါသည်။ ထို့အတူ ကျေးလက်နေပြည်သူများ ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စအဝဝ အတွက်လည်း  လျင်မြန်လွယ်ကူစွာ ဆက်သွယ် သွားလာဆောင်ရွက်နိုင်ပေသည်။    ထို့ကြောင့် ကျေးလက်လမ်းများ   ဖွံ့ဖြိုးတိုးတက်ပြီး  ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ မည်ဖြစ်ပါသည်။
ကျေးလက်လမ်းအမျိုးအစားများ
ကျေးလက်လမ်းများကို အမျိုးအစား သုံးမျိုး ခွဲခြားနိုင်ပြီး     အဆင့်(က)   အမျိုးအစားလမ်း များသည်      များပြားသော     လူဦးရေအတွက် ဝန်ဆောင်မှုပေးရခြင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သောချိတ်ဆက်မှုကို ပံ့ပိုးခြင်း၊ ကျေးရွာအုပ်စုများအတွင်းတွင်     ပံ့ပိုးထားသော ဝန်ဆောင်မှုနှင့် အဆောက်အအုံများအတွက် အရေး ပါသောကြောင့် အဆင့်(က) အမျိုးအစား ကျေးလက် လမ်းများအတွက် မြင့်မားသည့်စံနှုန်းနှင့် သတ်မှတ် ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆင့် (ခ) အမျိုးအစားတွင်မူ ကျေးရွာများကို ချိတ်ဆက် ပေးထားပြီး လူဦးရေ  ၁၀၀၀  အောက်ကို ဝန်ဆောင် မှုပေးနေသည့်    ကျေးလက်လမ်းများ    ပါဝင်ပါ သည်။
ပိုမိုသေးငယ်သည့်ရွာများ၊ လူဦးရေပိုနည်းသည့် ရွာများကို ဝန်ဆောင်မှုပေးပြီး အဆင့်(က) အမျိုး အစားထက်စံနှုန်းနှင့်   သတ်မှတ်ချက်ပိုနိမ့်သော် လည်း ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် ဖောက်လုပ်အဆင့်မြှင့်တင်သွားမည်ဖြစ်ပါသည်။ အဆင့်(ဂ)   အမျိုးအစားလမ်းများတွင်  အဓိက ကျေးရွာချင်းဆက်လမ်းများအဖြစ် သတ်မှတ်ထား ခြင်းမရှိဘဲ ကျေးရွာတစ်ခုအတွက် အဓိကချိတ်ဆက် မှုအဖြစ် ဝန်ဆောင်မှုမပေးသော အခြားကျေးလက် လမ်းများအားလုံးပါဝင်ပြီး     အဆိုပါလမ်းများကို ရာသီမရွေးသွားလာနိုင်သော      လမ်းများအဖြစ် မြှင့်တင်မှုစာရင်းတွင် ဦးစားပေးအဆင့်၌ မပါဝင်ပါ။
မဟာဗျူဟာရေးဆွဲဆောင်ရွက်
မြန်မာနိုင်ငံ၏    ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများရရှိလာစေ ရန် အတွက် ကျေးလက်ဒေသရှိ လမ်းများကို အဆင့် မြှင့်တင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ရာသီမရွေးသွားလာနိုင်ခြင်းမရှိသည့် ကျေးလက် လမ်းများကို    အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးဝန်ဆောင် မှုများ၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့် အလမ်း များ၊ ဝန်ဆောင်မှုများနှင့် အခြားကန့်သတ်မှုများ အပေါ်    အကျိုးသက်ရောက်မှုရှိစေရန်အတွက် မဟာဗျူဟာ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာအရ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု  ဦးတည်ချက်ဖြစ်သည့်   မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာများကို  ရာသီမရွေး ဆက်သွယ် သွားလာနိုင်မှုပံ့ပိုးပေးရန် ရည်မှန်းထားရှိပြီး နိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မှတ်ပုံတင်ထားသော  ကျေးလက်နေလူဦးရေ ၉၀ ရာခိုင်နှုန်း၏   လမ်းပန်းဆက်သွယ်ရေးအတွက် ကျေးရွာများ၏ ၈၀  ရာခိုင်နှုန်းကို   ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ် ၂၀၃၀ ပြည့်နှစ် အထိ   စုစုပေါင်း   ၁၅  နှစ်အတွင်း ဆောင်ရွက်ရန် မျှော်မှန်းရေးဆွဲခဲ့ပါသည်။
ပြန်လည်သုံးသပ်ပြင်ဆင်
ယခုအခါတွင်   မဟာဗျူဟာ၏     မူလစံနှုန်း သတ်မှတ်ချက်များကို  ပြောင်းလဲရန်  လိုအပ်ခြင်း၊ မြေပြင်နှင့် ကိုက်ညီသည့် ရည်မှန်းချက်များဖြစ်စေရန်လိုအပ်ခြင်းတို့ကြောင့်   ရာသီမရွေးသွားလာ နိုင်သော ကျေးလက်လမ်းများအဖြစ် ဆောင်ရွက် ပေးနိုင်မှုအခြေအနေကို  ပြန်လည်သုံးသပ်ဆန်းစစ် ပြီး ခေတ်ကာလအနေအထား၊ မြေပြင်အခြေအနေ၊ ကျေးလက်နေပြည်သူများ၏   လမ်းအသုံးပြုမှုပုံစံ အပြောင်းအလဲများနှင့် လိုက်လျောညီထွေ ဖြစ်စေ ရန်အတွက်   မဟာဗျူဟာကို  ပြင်ဆင်ရေးဆွဲရန် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ     ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
ယခင်က ကျေးလက်လမ်းများ၏ လမ်းမိုင်ခွဲဝေမှု အရ ကျေးလက်လမ်းမိုင်ပေါင်း ၄၃၉၇၇ ဒသမ ၀၄ မိုင်ရှိခဲ့ရာ   ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်  နှစ်ကုန်တွင် ကွန်ကရစ်လမ်း ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိပြီး ၂၁ ဒသမ ၂၃ ရာခိုင်နှုန်းမှာ ရာသီမရွေးသွားလာနိုင် သော အမာခံလမ်းများဖြစ်သည်။ ကျန်လမ်း  ၆၇ ဒသမ ၉၀ ရာခိုင်နှုန်းသည် ခြောက်သွေ့ရာသီတွင် သွားလာနိုင်သည့်  မြေသားလမ်းများဖြစ်ပါသည်။ ၂၀၂၃   ခုနှစ်   စာရင်းများအရ  မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၂၁၇ ရွာရှိပြီး ကျေးလက်လမ်း များကို    ဆက်သွယ်သွားလာ   အသုံးပြုနေသည့် ကျေးရွာပေါင်း   ၄၁၆၂၀   ရှိရာ    ၆၅   ဒသမ  ၈၄ ရာခိုင်နှုန်းရှိပါသည်။ အဆိုပါရွာများတွင် ၄၅ ဒသမ ၃၇  ရာခိုင်နှုန်းသာ  ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများကို အသုံးပြုနိုင်ပြီး ၅၄ ဒသမ ၆၃ ရာခိုင်နှုန်းမှာ ခြောက်သွေ့ရာသီမှ သွားလာနိုင် သော လမ်းများကို  ဆက်သွယ်သွားလာ  အသုံးပြု လျက်ရှိပါသည်။
ကျေးလက်လမ်းများကို  မဟာဗျူဟာရည်မှန်း ချက်ပြည့်မီနိုင်ရန်    ၂၀၂၉-၂၀၃၀    ပြည့်နှစ်တွင် ကျေးလက်လမ်းများ၏  ၈၀ ရာခိုင်နှုန်းဖြစ်သည့် ၃၅၁၈၂ မိုင်မှာ ရာသီမရွေးသွားလာနိုင်သော လမ်းများ ဖြစ်ရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ခြောက်သွေ့ ရာသီမှ   သွားလာအသုံးပြုနိုင်သော ကျေးလက်လမ်း မိုင် ၂၁၀၆၁  မိုင်ကျော်ကို  ရာသီမရွေးသွားလာနိုင် အောင် အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် မဟာဗျူဟာပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။
ဦးစားပေးအဆင့်များ
မဟာဗျူဟာသည်    ၂၀၃၀    ပြည့်နှစ်အမီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကျေးလက်လမ်းအသုံး ပြုသော ကျေးရွာများကို  ရာသီမရွေး အသုံးပြုနိုင် သည့်  လမ်းများအဖြစ်  ချိတ်ဆက်ပေးသွားနိုင်ရန် အတွက်  ရင်းနှီးမြှုပ်နှံမှုများကို  အသုတ်လိုက်ခွဲ၍ နှစ်များစွာ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။  နောက်ဆုံးတွင်  ကျေးရွာအများစု သည်    ရာသီမရွေးအသုံးပြုနိုင်သော   လမ်းပန်း ဆက်သွယ်မှုကို ရရှိမည်ဖြစ်ပါသည်။ သို့သော်အချို့ ရွာများမှာမူ ၂၀၃၀ နောက်ပိုင်းကာလတွင်လည်း လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းကို    ခံစားရဆဲ ဖြစ်နိုင်ပါသည်။
မဟာဗျူဟာကာလအတွင်း ရာသီမရွေးအသုံးပြု နိုင်သော      လမ်းများရရှိမည့်    ကျေးရွာများကို  ရွေးချယ်ရာတွင် ရွာတစ်ခုစီ၏ လူဦးရေပမာဏပေါ် မူတည်၍ ဦးစားပေးဆောင်ရွက်ခြင်းကြောင့်ဖြစ်ပါ သည်။ ဦးစားပေးအဆင့်သတ်မှတ်ရာတွင် ကျေးရွာ တွင် လူဦးရေ  ၁၀၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာအစုအဖွဲ့တွင် လူဦးရေ  ၂၀၀၀  နှင့်အထက်  ဆက်သွယ်သည့် ကျေးလက်လမ်းကို    ပထမဦးစားပေးအနေဖြင့် လည်းကောင်း၊  ကျေးရွာတစ်ရွာတည်း လူဦးရေ  ၅၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာအများစုဖွဲ့၍   လူဦးရေ  ၁၀၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်းများ ကို    ဒုတိယဦးစားပေးအနေဖြင့် လည်းကောင်း၊ ကျေးရွာတစ်ရွာတည်း လူဦးရေ   ၂၅၀  နှင့်အထက် ဆက်သွယ်သည့်    ကျေးလက်လမ်း   သို့မဟုတ်
ကျေးရွာများစုဖွဲ့၍   လူဦးရေ   ၅၀၀   နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်းများကို  တတိယ ဦးစားပေးအနေဖြင့်လည်းကောင်း၊ ကျေးရွာတစ်ရွာ တည်း လူဦးရေ  ၂၅၀ အောက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာအများစုဖွဲ့၍ လူဦးရေ  ၅၀၀ အောက် ဆက်သွယ်သည့် ကျေးလက် လမ်းများကို     စတုတ္ထဦးစားပေးအနေဖြင့်လည်း ကောင်း   ရွေးချယ်၍   ၂၀၃၀  အမီ လမ်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အဆင့်မြှင့်တင်မည့်လမ်းမိုင်များ
ကျေးလက်လမ်းများ မဟာဗျူဟာအရ  ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်လမ်း ၈၀ ရာခိုင်နှုန်းကို  ရာသီမရွေးသွားလာနိုင်သည့်     လမ်းများအဖြစ် အဆင့်မြှင့်တင်ရန်ဖြစ်ရာ   ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၈၂၉/၁ ဒသမ ၂၈၄) မိုင်၊ ကချင် ပြည်နယ်တွင် (၅၅၆/၃ ဒသမ ၄၂၄) မိုင်၊ ကယား ပြည်နယ်တွင် (၄၄/၂ ဒသမ ၁၂၈) မိုင်၊ ကရင်ပြည်နယ် တွင် (၂၂၉/၁ ဒသမ ၉၈၂) မိုင်၊ ချင်းပြည်နယ်တွင် (၁၉၄၅/၅ ဒသမ ၂၃၂) မိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် (၄၁၄၁/၂ ဒသမ ၁၃) မိုင်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၂၈၂/၃ ဒသမ ၉၃၄) မိုင်၊ ပဲခူးတိုင်း ဒေသကြီးတွင် (၁၄၁၁/၃ ဒသမ ၈) မိုင်၊ မကွေးတိုင်း ဒေသကြီးတွင် (၁၄၁၅/၇ ဒသမ ၅၂၂) မိုင်၊ မန္တလေး တိုင်းဒေသကြီးတွင်  (၈၄၉/၄  ဒသမ  ၅၉၄) မိုင်၊ မွန်ပြည်နယ်တွင် (၁၄၈/၅ ဒသမ ၈၅)မိုင်၊ ရခိုင် ပြည်နယ်တွင် (၆၇၇/၃ ဒသမ ၂၃၄) မိုင်၊ ရန်ကုန်တိုင်း ဒေသကြီးတွင်(၄၃၈/၆ ဒသမ ၅၇၄) မိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် (၁၈၀/၁ ဒသမ ၁၂၈) မိုင်၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)တွင် (၂၁၁၄/၁ ဒသမ ၈၈) မိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် (၁၀၁၆/၅ ဒသမ ၃၃) မိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၂၈၅/၄ ဒသမ ၉၁၂) မိုင်တို့ကို အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၉-၂၀၃၀ ဘဏ္ဍာ နှစ်ကုန်တွင်     တိုင်းဒေသကြီး /ပြည်နယ်အချို့၌ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော လမ်းများ အသုံးပြုနိုင်မှုမှာ (၈၀ ရာခိုင်နှုန်း) လွှမ်းခြုံနိုင်သော် လည်း တိုင်းဒေသကြီး/ပြည်နယ်အချို့၌ (ဆိုင်ကယ် လမ်း/မြေသားလမ်း)များ တည်ရှိမှုမတူညီသဖြင့် ၂၀၃၄-၂၀၃၅ ဘဏ္ဍာနှစ်အထိ ဆက်လက်ဆောင် ရွက်မှသာ  (၈၀ ရာခိုင်နှုန်း)ကျော်ကို   သွားလာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း    သုံးသပ်တွေ့ရှိရ ပါသည်။
ဌာန၏     မူဝါဒရည်မှန်းချက်များနှင့်အညီ ကျေးလက်လမ်းတံတားလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်လာရေး အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် နှစ်အလိုက် ပြည်ထောင်စု၊ တိုင်း ဒေသကြီး/ပြည်နယ်ရန်ပုံငွေများ   တိုးမြှင့်ရရှိရန် လိုအပ်ဆဲဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
အကျိုးကျေးဇူးများစွာရရှိ
ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအတွက် အထောက်အကူ ဖြစ်စေပါသည်။ ကျေးလက်လမ်းများက ကျေးရွာ ပြင်ပရှိ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကို ဖန်တီးပေးနိုင်သည့်အပြင် ထုတ်ကုန်ရောင်းချခြင်း၊ ကုန်ကြမ်းရောင်းဝယ်ခြင်း၊ ဈေးကွက်တွင်းအချိန်မီ ရောက်ရှိခြင်း စသည့်အချက်များကို ဖန်တီးပေးနိုင် သဖြင့်   အနာဂတ်ဝင်ငွေရရှိမှု  အခွင့်အလမ်းကို တိုးတက်စေကာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင် ပါသည်။ ကျေးလက်လမ်းများကြောင့် ထုတ်ကုန်များ တိုးတက်များပြားလာခြင်း၊ လိုအပ်သည့် ဗဟုသုတ နှင့် အကြံဉာဏ်များရရှိစေရန် ကူညီထောက်ပံ့ပေး ခြင်းဖြင့် ဝင်ငွေမြင့်မားမှုကို ဦးတည်စေပြီး ငတ်မွတ် ခေါင်းပါးမှုလျှော့ချရေးကိုလည်း အထောက်အကူ ပြုပါသည်။
ကျန်းမာရေးနှင့် ပတ်သက်သည့် အကူအညီများ၊ ဝန်ဆောင်မှုများနှင့် ပညာပေးခြင်းများရရှိနိုင်ရန် ထောက်ပံ့ပေးပြီး   ကျေးလက်ဒေသကျန်းမာရေး အဆင့်အတန်းကိုလည်း   မြှင့်တင်ပေးနိုင်သဖြင့် ကျန်းမာရေးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေပါ သည်။    ပညာသင်ကြားရန်   အခက်အခဲများနှင့် ကုန်ကျစရိတ်များကိုလည်း     လျှော့ချပေးနိုင်ပြီး အတန်းပညာမပြီးဆုံးမီ ကျောင်းထွက်မှုရာခိုင်နှုန်း ကိုလည်း လျော့ကျစေပါသည်။ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်စေပြီး နိုင်ငံအတွင်းရှိ ဝေးလံ ခေါင်သီသောဒေသများနှင့် အခြားဒေသများကြား မညီမျှမှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။
ယခုအခါ       လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရန်      ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံသုံး၍   ဆောင်ရွက်နေသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်၏ စီးပွားရေးဦးတည်ချက်(၂)(ခ)ပါ ဈေးကွက် စီးပွားရေးစနစ်  တည်ငြိမ်အောင်   ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို      ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးဟူသည့် အချက် ကို လက်တွေ့အကောင်အထည်ဖော် ဆောင်နိုင်မှု တစ်စိတ်တစ်ဒေသလည်းဖြစ်ပါသည်။ လမ်း၊ တံတား များ    အဆင့်မြှင့်တင်   တည်ဆောက်ခြင်းသည် ပြည်သူလူထု၏   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သကဲ့သို့    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အခြေခံအဆောက်အအုံများကို ဖြည့်ဆည်း တည်ဆောက်ခြင်းဖြစ်ပါသည်။
အကျိုးရလဒ်အားဖြင့်   ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်သွယ်မှုလွယ်ကူချောမွေ့ကာ ဆင်းရဲ ချမ်းသာကွာဟမှုကျဉ်းမြောင်းစေပြီး တိုင်းရင်းသား ပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီး အတွင်း သွေးရင်းသားရင်းသံယောဇဉ်ကို ပိုမိုခိုင်မြဲ စေကာ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုမြင့်မားစေ မည်ဟု ယုံကြည်ပါသည်။ အချုပ်အားဖြင့်ဆိုရပါလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံ တော်နှင့်     ပြည်သူအပေါ်ထားရှိသည့်   စိတ်ရင်း စေတနာမှန်နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်နေမှုများကြောင့် မိမိတို့နိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ တိုးတက်ကောင်းမွန်လာမည်ဖြစ်သကဲ့သို့ ပြည်သူတို့၏ စားရေရိက္ခာဖူလုံ ပြည့်ဝမှု၊    တိုင်းပြည်သာယာဝပြောမှုတို့နှင့်အတူ တစ်နိုင်ငံလုံး  ဒေသအကြားအလပ်မကျန်   ဖွံ့ဖြိုး တိုးတက်မှု၏ အသီးအပွင့်များကို ခံစားကြရမည် ဖြစ်ပါကြောင်း ယုံကြည်မိပါတော့သည်။    ။