နိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့သည်ကို အကြောင်းပြု၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပြီးနောက် များမကြာမီတွင် ဆူပူဆန္ဒပြမှု၊ အကြမ်းဖက် ဆန္ဒပြမှု၊ ထိုမှအကြမ်းဖက်တိုက်ခိုက်မှုများ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာသည်။ ထိုသို့ဖြစ်ပေါ်ရာတွင် ပြည်သူလူထုအတွင်း၌ နိုင်ငံရေးအရ မတူကွဲပြားမှုနှစ်ဖက်နှင့် အေးချမ်းစွာနေထိုင်လိုကြသူများနှင့် အခွင့်အဖျက်သမားများဟူ၍ အုပ်စုကွဲများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းတို့တွင် အေးချမ်းစွာနေထိုင်လိုကြသော ပြည်သူများမှာ အများစုဖြစ်သည်။
ထိုကွဲပြားခြားနားသောအုပ်စုများတွင် နိုင်ငံရေးကိုအကြောင်းပြု၍ အစွန်း ရောက်နိုင်ငံရေးသမားများ၊ အဖျက်သမားများပေါ်ပေါက်လာသည်။ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်ကြသော ပြည်သူလူထုတို့ကို အကြောက်တရား များ လွှမ်းမိုးလာစေရန်နှင့် မိမိတို့ဝါဒလုပ်ရပ်များနှင့်မတူသူများအား ရန်သူဟူ၍ သတ်မှတ်ပြီး အစွန်းရောက်လက်နက်ကိုင်အကြမ်းဖက်သမားများက သေနတ်၊ ဗုံး၊ တုတ်၊ ဓားလက်နက်များအသုံးပြုကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ် နေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ထို့အပြင် အကြမ်းဖက်သမား အုပ်စုများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ဆူပူအကြမ်းဖက်သမားများနှင့် အစွန်းရောက်ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံအားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း နှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို အဆက်မပြတ်လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး အကြမ်းဖက်အဖျက်သမား များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မတ်လ ၅ ရက်နေ့မှစ၍ ဇွန်လ ၂၄ ရက်နေ့ အတွင်း နိုင်ငံအတွင်းရှိ မြို့နယ်အချို့မှ အသိအမြင်လွဲမှားပြီး စိတ်ခံစားချက်ပြင်းပြ သူများ၊ နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းခံရသူအချို့သည် နယ်စပ်ဒေသမှ လက်နက် ကိုင်အဖွဲ့အချို့ထံသို့ သွားရောက်ကာ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ပြီး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကာ ဗုံးဖောက်ခွဲဖျက်ဆီးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ ယင်းတို့အနက် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ပြီး ပြန်လည်ဝင်ရောက်လာသူအဖွဲ့များ အား လုံခြုံရေးတပ်ဖွဲ့များက လက်ဦးမှုယူ၍ ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ ထိုသို့ ဖမ်းဆီးရမှုများတွင် အကြမ်းဖက်ဖျက်ဆီးသူများ သယ်ဆောင်လာသည့် လက်နက် ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများအား အဆိုပါကာလအတွင်း အမြောက်အမြား ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများနှင့်အဆောက်အအုံများအား ဖျက်ဆီးမှုမရှိစေရေးအတွက် အကြမ်းဖက် အဖျက်သမားများအား စွန့်စွန့်စားစား ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိသောကြောင့် အများပြည်သူများ ထိခိုက်ပျက်စီးစေမည့် ကြံစည်လုပ်ဆောင်မှုများကို အချိန်မီ တားဆီးနိုင်ခဲ့ပေသည်။
ပြည်သူများနှင့်မြို့ရွာများ ထိခိုက်နစ်နာစေမည့်ဖြစ်စဉ်များကို NLD ပါတီမှ အမာခံများ၊ အစွန်းရောက်များ၊ အစွန်းရောက်ဝန်းရံသူများဖြင့် ပါဝင်ဖွဲ့စည်းထား သည့် CRPH အဖွဲ့၊ NUG အဖွဲ့နှင့် ၎င်းတို့လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် KNU နယ်မြေအတွင်း ဖောက်ခွဲရေးသင်တန်းများဖွင့်လှစ်နေသော အမာခံနှင့် ပါဝင်ဆက်နွှယ်နေသူများကို ဖော်ထုတ်ရရှိခဲ့သည်။ ဖော်ပြပါအဖျက်လုပ်ရပ်ဖြစ်စဉ်များတွင် အဓိကအဖျက်သမား အမာခံများနှင့် အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်ပတ်သက်သူ တရားခံ ၁၇၃ ဦးကို လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ်သေနတ် ၃၇ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ အာပီဂျီဒုံးသီး ၁၄ လုံး၊ ရှေ့ထွက် မိုင်းတစ်လုံး၊ ကျည်အိမ် ၂၆၉ ခု၊ ကျည်မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်ရာ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ များ ဘေးအန္တရာယ်ကင်းဝေးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမနား စွန့်စွန့်စားစားဖြင့် အကြမ်းဖက်အဖျက်သမားများအန္တရာယ်မှ ကင်းဝေးအောင် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိရာ မြို့ရွာများ အေးချမ်းသာယာပြီး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စိတ်ချလက်ချ သွားလာလုပ်ကိုင်နေထိုင်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်၌ မသင်္ကာဖွယ်ရာ အဖျက်လုပ်ရပ်များ တွေ့ရှိပါက မြို့ရွာများရှိ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေး တပ်ဖွဲ့များအား သတင်းပေးပို့ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Remark Type