‘‘ မြန်မာဘယ်ကစ ’’ ဟူသည့် ခေတ်ဦးမြန်မာ့သမိုင်းနှင့် စပ်လျဉ်း၍ ငြင်းချက်နှစ်ခုရှိသည်။ တစ်ခုက မြန်မာတို့သည် မြန်မာ့မြေပေါ်တွင်ပင် ပေါက်ဖွားရှင်သန်လာကြကာ အဆင့်ဆင့် တိုးတက်ထွန်းကားလာခြင်းဖြစ်သည်ဟူ၍ ဖြစ်ပြီး နောက်တစ်ခု ကမူ မြန်မာတို့သည် အခြားဒေသမှ အချိန်တိုတိုအတွင်း ဒုန်းစိုင်း ဝင်ရောက်လာကြသူများဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်ခြင်း ကြောင့် မြန်မာ့သမိုင်းကို ခေတ်အမြင်ဖြင့် လေ့လာမည်ဆိုပါက ပုဂံခေတ် အနော်ရထာမင်းမတိုင်မီ မြန်မာ့သမိုင်းသည် ငြင်းချက်များ၊ ကွက်လပ်များ၊ အနုမာန မှန်းဆဖြည့်စွက်ချက် များဖြင့် ပြည့်နှက်နေသည်။
မြန်မာတို့ကို မြန်မာ့သမိုင်းဘာသာရပ် စနစ်တကျ လေ့လာ တတ်စေရန် သင်ကြားပေးခဲ့သည်မှာ ကိုလိုနီခေတ်တွင်ဖြစ်ပြီး ဆရာများမှာ အင်ပါယာအရှင်သခင်နိုင်ငံမှလာသည့် ပညာရှင် များဖြစ်ကြသည်။ ၎င်းပညာရှင်တို့၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင် တတ်ပွန်မှုနှင့် အရည်အသွေးတို့အပေါ် အပြစ်ဆိုဖွယ်မရှိသည့်တိုင် မြန်မာ့သမိုင်းနှင့်စပ်လျဉ်းသည့် ၎င်းတို့၏ အမြင်များ၊ အကဲဖြတ် ချက်များ၊ မှန်းဆချက်များနှင့် မြန်မာ့သမိုင်းစဉ်အပေါ် ထားရှိ သည့် ၎င်းတို့၏ စေတနာနှင့်စပ်လျဉ်း၍မူ မေးခွန်းထုတ်ဖွယ်တို့ ရှိနေသည်။ ၎င်းဆရာတို့က သင်ကြားမွေးထုတ်ပေးလိုက်သည့် မြန်မာ့သမိုင်းပညာရှင်များထဲမှ ဆရာကို ဝေဖန်သူ၊ စောဒကတက် သူတို့ ထွက်ပေါ်လာသလို ဆရာ့အမြင်ကို ဆက်ခံသူလည်း အများအပြားရှိခဲ့ရာ ယနေ့တိုင် ၎င်းဆရာတို့၏ ဩဇာ သက်ရောက်မှုတို့ ရှိနေဆဲဖြစ်သည်ကို မြင်တွေ့နိုင်သည်။
ယခုအခါ မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်ကို နိုင်ငံတော်အဆင့် ရေးသားပြုစုလျက်ရှိရာ လူသားအဦးအစ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သမိုင်းမတိုင်မီကာလ၊ သမိုင်းတင် ခေတ်ဦးပိုင်း ပျူခေတ်ကာလတို့နှင့်ပတ်သက်၍ မူကြမ်းများ ရေးသားခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ပြည်တွင်း ပြည်ပ ပညာရှင်များ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများကြောင့် ပျူခေတ်ကာလ သမိုင်းစဉ်သည် ပိုမို၍ ရုပ်လုံးပေါ် ပြည့်စုံလာပြီဖြစ်သည်ဟုလည်း သိရသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို စည်းလုံး ညီညွတ်သည့်အားဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်နေကြ ခြင်းဖြစ်သည်။ ‘‘မြန်မာ’’ ဟူသည့် ဝေါဟာရကို ဖွင့်ဆိုရာတွင် လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံအတွင်း စုပေါင်းနေထိုင်ကြ သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့ အပါအဝင်ဖြစ်ရာ မြန်မာ့သမိုင်းသည် တိုင်းရင်းသားအားလုံး၏ သမိုင်းပင်ဖြစ်သည်။ သမိုင်းသည် အတိတ်က ဖြစ်ပျက်ခဲ့သမျှ လူတို့၏ အတွေ့အကြုံများကို မှတ်တမ်းတင် (Record) လုပ်ခြင်း၊ အနက်ကောက်ခြင်း (Interpretation) ၊ ရှေ့ဖြစ်လာနိုင်သည်ကို ကြိုတင်မှန်းဆခြင်း (Projection) တို့ ပါဝင်သည်။ ‘‘သမိုင်းကို ကောင်းကောင်း လေ့လာရင် အမှားကို ရှောင်တတ်မယ်၊ အမှန်ကို တွေ့တတ်တယ်၊ နောက်တစ်မျိုးပြောရင် သမိုင်းကိုကြည့်ပြီး အောင်မြင်တာထက်ပိုပြီး အောင်မြင်အောင် လုပ်နိုင်သလို အရင်က ရှက်စရာကောင်းလောက်အောင် မှားတာမျိုး ထပ်ပြီး မမှားအောင် နေတတ်၊ စားတတ်၊ လုပ်တတ်တယ်’’ ဟူ၍ မြန်မာ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ဆိုခဲ့သည်။
တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာသည့်အခါ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အတိတ် ကာလက ဂုဏ်ယူဖွယ်၊ ဝင့်ကြွားဖွယ်၊ ဆင်ခြင်ဖွယ်၊ သင်ခန်းစာ ယူဖွယ်တို့ကို ပိုမိုသိရှိနားလည်နိုင်ကြပြီး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် ကြီးစွာသော အထောက်အပံ့ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။