
မောင်မောင်စွယ်စုံထွန်း
အများပြည်သူနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားလုံလုံလောက်လောက် သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် နိုင်ငံတော်အနေဖြင့်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် အမြင့်ဆုံးပျမ်းမျှ ဓာတ်အား လိုအပ်ချက်သည် ၅၈၀၀ မဂ္ဂါဝပ်ခန့်ရှိခဲ့ရာ လက်ရှိ အချိန်တွင် ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု များမှာ ဓာတ်ငွေ့စျေးနှုန်း လေးဆခန့် မြင့်တက်လာ ခြင်းကြောင့် ရပ်တန့်ထားရခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ပို့လွှတ်ပေး နေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များမှာ အကြမ်းဖက် သူများ၏ အကြိမ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်း ကြောင့် ဓာတ်အားလျော့နည်းနေခြင်းများ စသည့် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိဓာတ်အားစနစ် အတွင်းသို့ ပျမ်းမျှအားဖြင့် ၂၀၀၀ မဂ္ဂါဝပ်ကျော်ကျော် ပတ်ဝန်းကျင်သာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်လျက် ရှိသည်။
ထို့ပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အချို့တွင် ဓာတ်အားပေးစက်များ နှစ်စဉ်ထိန်းသိမ်း ပြုပြင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ယခုပွင့်လင်း ရာသီကာလ၌ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများအတွက် ရေဝင်ရောက်မှု နည်းလာပြီး နွေရာသီကာလ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် ရေလှောင်ကန်/ဆည်များ၌ ရှိသည့် ရေများ အားလုံးကို ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ခြင်းမရှိဘဲ လိုအပ်သည့် ခွဲတမ်းအရ ရေပြန်ရချိန်အထိ ထိန်းသိမ်းပြီး လျှော့ချမောင်းနှင် နေရခြင်းတို့ကြောင့် စုစုပေါင်း ထုတ်လုပ်နိုင်မှုမှာ သုံးစွဲမှုထက်များစွာ လျော့နည်းလျက်ရှိပါသည်။
ပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးနေ
ဖျက်ဆီးခံရသည့် တာဝါတိုင်များကို အမြန်ဆုံး ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိသော်လည်း ဝန်ထမ်းများ၏ အသက်အန္တရာယ်ပြုခံရခြင်း၊ ပြုပြင် ပြီး အချိန်အနည်းငယ်အတွင်း ပြန်လည်ဖျက်ဆီး ခံရခြင်း စသည်တို့ကြောင့်လည်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန် အခက်အခဲများစွာ ကြုံတွေ့နေ ရပါသည်။ ဓာတ်အားရရှိမှု လျော့နည်းနေရသည့် ပမာဏနှင့်အညီ ဓာတ်အားစနစ် တည်ငြိမ်မှုကို ထိန်းညှိရန် ဆောင်ရွက်ရသည့်အတွက် အများဆုံး ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက် အရေးပေါ် ဝန်အားလျှော့ချ၍ ဓာတ်အားစနစ် ထိန်းညှိခြင်းကို မဖြစ်မနေ ဆောင်ရွက်ရလျက်ရှိ သဖြင့် အချို့နေရာများတွင် အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိနေခြင်း ဖြစ်ပါ သည်။ လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ဝန်အား လျှော့ချနေရသည့်အခါတွင် ပုံမှန်လျှပ်စစ်ရရှိနေချိန် ထက်ပိုမို၍ ပင်ပန်းကြီးစွာ သတိကြီးစွာဖြင့် ဆောင်ရွက်နေရသဖြင့် ဝန်အားလျှော့ချရမှုများကို လုံးဝဆောင်ရွက်လိုခြင်းမရှိကြသော်လည်း ပြည်သူ တို့၏ အကျိုးအတွက် မလုပ်ချင်ဘဲနှင့် ဆောင်ရွက် ပေးနေရခြင်း ဖြစ်ပါသည်။
လျှပ်စစ်မီးသုံးစွဲသည့် မိဘပြည်သူများအား လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ ချွေတာသုံးစွဲ နိုင်ရေးနှင့် လျှပ်စစ်မီးချွေတာခြင်းအားဖြင့် ယခုကဲ့သို့ ဓာတ်အားမလုံလောက်ချိန်တွင် အခြားအရေးကြီး လိုအပ်သည့် ဆေးရုံ၊ စာသင်ကျောင်းများကို ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်သည့် အကျိုးကျေးဇူး များ ရရှိနိုင်ခြင်းကို ပြည်သူလူထုမှလက်ခံပြီး နားလည်သဘောပေါက် သိရှိရန်နှင့် နံနက်အလင်း ရောင်ရသည့်အချိန်တွင် လမ်းမီး၊ အဆောက်အအုံ၊ အိမ်၏လုံခြုံရေး မီးများနှင့် အခြားမလိုအပ်သည့် မီးများ ပိတ်ထားရေးနှင့် လိုအပ်သလောက်သာ လျှပ်စစ်မီးကို ချွေတာသုံးစွဲနိုင်ရေးအတွက် ယခုလို ကာလမျိုးတွင် အထူးလိုအပ်လျက်ရှိပါသည်။
နိုင်ငံ့ဝန်ထမ်းများ စံနမူနာပြလုပ်ဆောင်သင့်
လျှပ်စစ်ဓာတ်အားကို ပြည်သူတို့ ခြိုးခြံချွေတာ မှသာ အနာဂတ်မျိုးဆက်သစ်တို့အတွက် သာယာ လှပသောဘဝများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲကြရန် အထူး လိုအပ်လှပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူအားလုံး စံနမူနာပြဖြစ်စေရန် အောက်ပါ အတိုင်း ဆောင်ရွက်သွားကြရန်လည်း လိုအပ် ပါသည်-
(၁) ရုံးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သော Printer, Copier, Fax, Computer နှင့် Air Conditioner များကို လိုအပ်မှသာ ဖွင့်ရန်နှင့် မလိုအပ်ဘဲ ဖွင့်ထားခြင်း မပြု ရန်၊ ရုံးများတွင် ရုံးလုပ်ငန်းသုံးပစ္စည်းများ ဖြစ်သော မီးပလပ်များတွင် ဖုန်းအား သွင်းကြိုးများကို အားသွင်းထားခြင်းမရှိဘဲ ခလုတ်ဖွင့်ထားခြင်း မပြုရန်နှင့် အားပြည့် ပါက အချိန်မီဖြုတ်သိမ်းရန်၊ ဝန်ထမ်း အိမ်ရာများတွင် နေအိမ်/ တိုက်ခန်းများရှိ ဝရန်တာမီး၊ လှေကားမီး၊ လုံခြုံရေးမီးများ ကို မှောင်မှဖွင့်ရန်နှင့် မလင်းခင် မီးပိတ် ရန် ဖြစ်ပါသည်။
(၂) ဝန်ကြီးဌာနအသီးသီးရှိ ရုံးခန်းအများစုတွင် လိုက်ကာများတပ်ဆင်ပြီး မီးချောင်းများ ဖွင့်၍ အလုပ်လုပ်နေခြင်းအစား လိုက်ကာ များဖွင့် မီးချောင်းများပိတ်ပြီး လုပ်ငန်း များ ဆောင်ရွက်ခြင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ လမ်းများတွင် အလင်းရောင်ရရှိစေရန် လျှပ်စစ်လမ်းမီးအမျိုးမျိုးတို့ နေရာတွင် ဆိုလာစွမ်းအင်သုံး လမ်းမီးများ ပြောင်းလဲ တပ်ဆင်ခြင်းနှင့် အများနှင့်သက်ဆိုင်သော ရုံး၊ ကျောင်း၊ ဌာနဆိုင်ရာများတွင် အသုံး ပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းအားလုံး ကို လဲလှယ်ရမည့်အချိန်တွင် Energy Saving ပစ္စည်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုရန် ဖြစ်ပါသည်။
ယူနစ်သုံးစွဲမှုထက်ဝက်ကျော် သက်သာနိုင်
နိုင်ငံတော်တွင် ယခုအခါ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၉ သန်းခန့်ရှိသည့်အနက် လက်ရှိအချိန် တွင် အိမ်ထောင်စုပေါင်း ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲ လျက်ရှိပြီးဖြစ်ပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ မီးရရှိသုံးစွဲနေသော အိမ်ထောင်စုများမှ ၂ ဒသမ ၂ သန်းခန့်ကျော်သော ပမာဏသည် လိုအပ်သော ဓာတ်အားသုံးစွဲမှုကိုသာ ချွေတာသုံးစွဲမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ၂၀ ဝပ်ခန့် ချွေတာနိုင်လျှင် ဓာတ်အားပမာဏ ၄၄ မဂ္ဂါဝပ် ချွေတာနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော် ဓာတ်အားစနစ်မှ ကျန်မီးမရရှိသေးသည့် အိမ်ထောင်စုများသို့ ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေး နိုင်မည် ဖြစ်ပါသည်။
အိမ်တစ်အိမ်လျှင် မလိုအပ်သောနေရာရှိ ၄၀ ဝပ် လေးပေ မီးချောင်းတစ်ချောင်းကို တစ်ရက် ပိတ်ထားခြင်းဖြင့် ၂၄ နာရီ x ၄၀ ဝပ် = ၉၆၀ ဝပ်၊ ၁ ကီလိုဝပ် နာရီ = ၁ ယူနစ် သက်သာမည်ဖြစ်ပြီး အလင်းအားတူပြီး ဓာတ်အားသုံးစွဲမှု ဝန်အား ထက်ဝက်ကျော် သက်သာသည့် LED မီးသီး၊ မီးလုံးများကို အစားထိုးအသုံးပြုခြင်းဖြင့် ယူနစ် သုံးစွဲမှုမှာ ထက်ဝက်ကျော်အထိ သက်သာသွားနိုင် ပါမည်။
လေအေးပေးစက်ဖွင့်ခြင်းကို တစ်ရက်လျှင် ၁၀ နာရီခန့် အသုံးပြုနေရာမှ ညအိပ်ချိန် မတိုင်မီ သုံးနာရီခန့်လျှော့၍ သုံးစွဲနိုင်မည်ဆိုပါက မြင်း ကောင်ရေ တစ်ကောင်အားရှိ လေအေးပေးစက် တစ်လုံးလျှင် တစ်နာရီ ၇၀၀ ဝပ်ခန့် သုံးစွဲသဖြင့် ၇ နာရီအတွက် ၄၉၀၀ ဝပ်၊ ၅ ကီလိုဝပ်နာရီ = ၅ ယူနစ်သာ ဓာတ်အားသုံးစွဲပြီး ၂ ယူနစ်ခန့် နေ့စဉ်သက်သာသွားမည်ဖြစ်ပါသည်။ ယူနစ်သုံးစွဲမှု သက်သာလာသည်နှင့်အမျှ ဓာတ်အားခလည်း သက်သာလာမည်ဖြစ်ပါသည်။ ဝပ်ဆိုသည်မှာ အားပမာဏဖြစ်ပြီး Power ကို ကိုယ်စားပြုသည်၊ စွမ်းအင်အနေဖြင့်ဆိုလျှင် အသုံးပြုချိန်နာရီဖြင့် မြှောက်ရသည်။ လျှပ်စစ်ကုန်ကျစရိတ်များကို တွက်ချက်တောင်းခံရာတွင် အဆိုပါ ၁ ကီလိုဝပ် နာရီကို ၁ ယူနစ်ဟု တွက်ချက်တောင်းခံခြင်း ဖြစ်သည်။ ၁၀၀၀ ဝပ်ကို ၁ ကီလိုဝပ်ဖြစ်ပြီး ၁၀၀၀ ကီလိုဝပ်ကို ၁ မဂ္ဂါဝပ်ဟု ခေါ်သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် Global Petro Price မှ နောက်ဆုံးကောက်ယူထားသော စစ်တမ်း အရ ကမ္ဘာ့နိုင်ငံအချို့၏ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်းများနည်းအလိုက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
စဉ် နိုင်ငံအမည် တစ်ယူနစ်
ပျမ်းမျှစျေးနှုန်း
(အမေရိကန်
ဒေါ်လာ) မှတ်ချက်
၁ အင်္ဂလန် ၀.၄၃၇
၂ စင်ကာပူ ၀.၂၂၀
၃ ဖိလစ်ပိုင် ၀.၁၉၅
၄ အမေရိကန် ၀.၁၇၂
၅ သီရိလင်္ကာ ၀.၁၅၁
၆ အင်ဒိုနီးရှား ၀.၀၈၉
၇ အိန္ဒိယ ၀.၀၇၈
၈ ဗီယက်နမ် ၀.၀၇၆
၉ တရုတ် ၀.၀၇၅
၁၀ မလေးရှား ၀.၀၄၆
၁၁ မြန်မာ ၀.၀၃၄ ပျမ်းမျှ
နှုန်းဖြင့် တွက်ချက် ထားခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါနှိုင်းယှဉ်ချက်အရ မြန်မာနိုင်ငံ သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဓာတ်အားခ အသက်သာဆုံး တိုင်းပြည်ထဲတွင် ပါဝင်နေ၍ ဓာတ်အားခကို ဈေးပေါပေါရသည်ဆိုပြီး ချွေတာ သုံးစွဲမှု ပြုလိုစိတ်မရှိကြသည်ကို တွေ့ရှိနေရ သည်။ မြန်မာနိုင်ငံတွင် ဓာတ်အားခသက်သာမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနည်းလမ်းများကို
ဆန္ဒပြဆန့်ကျင်နေကြပြီး ဓာတ်အားခတက်ခြင်း ကိုလည်း လုံးဝလက်သင့်မခံလိုကြသဖြင့် ယခုအချိန် ကာလအထိ နိုင်ငံတော်က နည်းမျိုးစုံနှင့် အခက်အခဲ များစွာကြားမှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေး နေပြီး ပြည်သူ့အကျိုးကို အလေးထားကာ အရှုံးခံ၍ ဓာတ်အားဖြန့်ဖြူးပေးနေရသည်ကို သတိပြုသင့်ပါ သည်။ ဓာတ်အားခနှုန်းထား ကြီးမြင့်မှုကြောင့် ပြည်ပနိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲနေကြသကဲ့သို့ မြန်မာပြည်သူတို့အနေဖြင့် လည်း အတုယူချွေတာသုံးစွဲကြရန်နှင့် ထိုက်သင့် သည့် ဓာတ်အားခကို တိုးမြှင့်ပေးဆောင်သင့်ကြ ပြီး မှန်မှန်ကန်ကန်ပေးဆောင်ကြရန် လိုအပ် ပါသည်။
ချွေတာသုံးစွဲကြစေလို
လျှပ်စစ်ဓာတ်အားကို အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ချွေတာသုံးစွဲသွားကြရန် ဖြစ်ပါ၍ ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ရန် အထူးလိုအပ်နေပါသည်-
(၁) လေနှင့်အလင်းရောင်ဝင်နိုင်သော ပြတင်း တံခါးများကို ဖွင့်လှစ်၍ လေအေးပေး စက်နှင့် လျှပ်စစ်ပန်ကာများ၊ လျှပ်စစ် မီးသီး၊ မီးချောင်းများကို သုံးစွဲမှုလျှော့ချ ရန် ဖြစ်ပါသည်။
(၂) လျှပ်စစ်ဓာတ်အားအသုံးပြု၍ သုံးစွဲရသည့် သုံးရေများကို အလေအလွင့်မရှိ ချွေတာ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ် ပါသည်။
(၃) အများသုံးမီးများ၊ လမ်းမီးများအနက် လိုအပ်သည့် မီးများကိုသာ ထွန်းညှိပြီး နေ့စဉ် ည ၇ နာရီမတိုင်မီ မဖွင့်ရန်နှင့် နံနက် ၅ နာရီတွင် ပြန်ပိတ်ရန်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသက်သာသည့် Energy Saving LED လျှပ်စစ်မီးသီး၊ မီးချောင်းများဖြင့် လဲလှယ်သုံးစွဲရန် ဖြစ်ပါသည်။
(၄) တီဗွီနှင့် ရေခဲသေတ္တာကဲ့သို့သော ပစ္စည်း များကို အသုံးမလိုသည့်အချိန်တွင် ပိတ်ထားရန်နှင့် ထမင်းဟင်းချက်ပြုတ် ခြင်းစသည့် လျှပ်စစ်သုံးစွဲမှုများ၌ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသက်သာမည့် ပစ္စည်း များကို အသုံးပြုနိုင်ရေး ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးသွားရန်ဖြစ် ပါသည်။
(၅) စားသောက်ဆိုင်ကြီးများ၊ အရောင်းဆိုင် ကြီးများ စသည်တို့တွင် မလိုအပ်ဘဲ အလှဆင်မီးများ မြောက်မြားစွာထွန်းညှိ ခြင်းကို အတတ်နိုင်ဆုံး လျှော့ချသုံးစွဲ သွားကြရန် ဖြစ်ပါသည်။
ကျွန်တော်သည် ၂၀၂၄ ခုနှစ် ဆန်းပိုင်းတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထပ်မြင့် တိုက်ခန်းများ များပြားလာပြီး ယခုကဲ့သို့ နွေရာသီ တွင် ဆိုးရွားသော အပူဒဏ်ကို ခံစားကြရသဖြင့် မီးမပျက်စေချင်ကြသည်ကို သိရှိပါသော်လည်း ဓာတ်အားစနစ်ကြီး တစ်ခုလုံးအတွင်း ဓာတ်အား ပမာဏ ၂၅၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ဖြန့်ဖြူးပေးနိုင် ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအား ၅၀ ရာခိုင်နှုန်း ခန့်နီးပါး ဖြန့်ဖြူးပေးနေရသည့် အခြေအနေ ဖြစ်ပေါ် နေပြီး အမှန်လိုအပ်သည့် ဓာတ်အားပမာဏထက် များစွာလျှော့နည်းဖြန့်ဖြူးနေရသဖြင့် ဝန်အားကို မဖြစ်မနေလျှော့ချထိန်းညှိနေရခြင်းဖြစ်ပါသည်။
စုပြုံသုံးစွဲခြင်းမပြုရန် မေတ္တာရပ်ခံလို
ရန်ကုန်မြို့တွင် ည ၉ နာရီနောက်ပိုင်း အလှည့် ကျ ဝန်အားလျော့အုပ်စုများ မီးပြန်ပေးသဖြင့် ဝန်အားမနိုင်၍ တစ်နိုင်ငံလုံး ဓာတ်အားမပြတ်တောက် စေရန် ည ၉ နာရီ ပတ်ဝန်းကျင်တွင် မူလမီးရ ထားသည့်အုပ်စုအား ဝန်အားလျော့အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်နေကြရပါသည်။ ဖေဖော်ဝါရီလ လယ်ခန့်အထိ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲနိုင်မှုမျှတခဲ့ သော်လည်း ဧပြီ၊ မေလများတွင် လေအေးပေး စက်များကြောင့် ဝန်အားနှစ်ဆခန့် တက်ကာ မနိုင်မနင်း ဖြစ်ပေါ်လာကြခြင်းဖြစ်ပါသည်။
လျှပ်စစ်ဝန်ထမ်းများအနေဖြင့် မည်သူမျှ ဓာတ်အားကို အကြောင်းမဲ့ပိတ်လိုကြခြင်း မရှိပါ။ မီးပုံမှန်လာနေလျှင် လှည့်ကြည့်စရာသိပ်မလိုသဖြင့် လျှပ်စစ်ဝန်ထမ်းများ ဝမ်းသာကြသည်။ မီးပျက် လျှင် စိတ်အညစ်ရဆုံးမှာ လျှပ်စစ်ဝန်ထမ်းများသာ ဖြစ်သည်။ အလုပ်ရှုပ်သည့်အပြင် အသက်နှင့်ရင်း၍ လိုင်းဖော့ရှာဖွေကြရသည်။ မီးပျက်မှာ အကြောက် ဆုံးနှင့် မပျက်စေချင်ဆုံးက လျှပ်စစ်ဝန်ထမ်းများသာ ဖြစ်သည်။ ဝန်အားမနိုင်၍ လျှော့ချရလျှင်လည်း အချိန်နှင့်အုပ်စုအလိုက် လှည့်နေရ၍ နာရီမလပ် ကြည့်နေရသဖြင့် မအားလပ်ကြပါ။
ပြည်သူ့အကျိုးအတွက် လျှပ်စစ်ပစ္စည်းကြီးများ ပျက်စီးဆုံးရှုံးစေမည်စိုး၍ ခေတ္တဓာတ်အားပိတ် ဝန်အားလျှော့ နေရခြင်းမျိုးသာရှိပါသည်။ မီးလာ လာခြင်း စုပြုံသုံးခြင်းမျိုးသည်လည်း ဓာတ်အား ပြန်လည်ပြတ်တောက်စေသော အဓိကအကြောင်း အရင်းဖြစ်၍ မီးပျက်လျှင် မီးများပိတ်ထားကြရန်နှင့် မီးလာလာခြင်း စုပြုံသုံးခြင်းများ မပြုလုပ်ကြရန် အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်။
မီးပျက်ခြင်းနှင့် မီးဖြတ်ခြင်း မတူကွဲပြား
သည်နေရာတွင် မီးပျက်ခြင်းနှင့် မီးဖြတ်ခြင်းကို ကွဲပြားစွာသိရှိထားကြရန်လည်း လိုအပ်ပါသည်။ Loadshed ဟုဆိုသော မီးဖြတ်ခြင်းများသည် အထက်ဌာနညွှန်ကြားချက်များနှင့်အညီ တိကျစွာ မှတ်တမ်းတင်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး ဗဟို ထိန်းချုပ်ရေးဌာနက ဝန်အားနိုင်နင်းမှုအခြေအနေ အရအချိန် တိကျစွာ ဝန်အားလျှော့ချထားခြင်း မျိုးသာ ဖြစ်ပါသည်။
ယနေ့ လူပြောများနေသော လာရမည့်အချိန် တွင် မီးမလာခြင်း (ဝါ) မီးပျက်ခြင်းသည် မီးလာလာ ခြင်း စုပြုံသုံးစွဲသဖြင့် ခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူး သော ထရန်စဖော်မာကြီးများရှိ Circuit Breaker များ ပြုတ်ကျခြင်းဖြစ်ပေါ်ပြီး ဓာတ်အားလိုင်း များ Over Load ကြောင့် အပူလွန်ကဲကာ ပြတ်တောက်ခြင်းမျိုး၊ ဓာတ်အားဖြတ်တောက်စဉ် မီးကြိုးဖြတ်ခိုးခြင်းမျိုးစသည့် လိုင်းဖော့ဖြစ်ပွား ခြင်းမျိုးဖြစ်ပွားလာပါက လိုင်းစစ်ပြီး ပြုပြင်ပြီးမှ ပြန်တင်၍ ရပါသည်။
မီးခဏခဏပျက်ခြင်းသည် အဆိုပါအကြောင်း များကြောင့်သာဖြစ်ပြီး လျှပ်စစ်ဝန်ထမ်းများက တမင်မီးဖြုတ်ချနေခြင်း၊ ဖြတ်နေခြင်းလုံးဝ မဟုတ် ပါ။ သို့ဖြစ်ရာ လျှပ်စစ်မီးလာချိန်တွင် စုပြုံမသုံးစွဲဘဲ လိုအပ်သမျှကို စနစ်တကျမျှတစွာအလှည့်ကျသုံးစွဲခြင်းနှင့် မိမိဓာတ်အားလိုင်းကို လုံခြုံအောင် ထိန်းသိမ်းကြခြင်းများသည်သာ မီးခဏခဏ ပျက်ခြင်းအား ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ပြည်သူတစ်ရပ်လုံးအနေဖြင့် လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်မှုများနှင့် စပ်လျဉ်းပြီး “လျှပ်စစ်ဓာတ်အားကို ပြည်ပသို့ရောင်းချနေသည်” “တမင်သက်သက် မီးဖြတ်ထားသည်” စသည်ဖြင့် မမှန်မကန်သော ကောလာဟလစကားများကြား တွင် နစ်မျောနေကြမည့်အစား နိုင်ငံတော်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု မလုံလောက်ဖြစ်နေ သည့်အခြေအနေမှန်ကို သိမြင်နားလည်နိုင်ကြပြီး လျှင် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မထုတ်လုပ်နိုင်သေးသည့် အချိန်ကာလ အခိုက် အတန့်အတွင်း၌ လျှပ်စစ်ဝန်ထမ်းများ၏ အသက်၊ ချွေးနှင့် နည်းပညာများစွာ ရင်းနှီးပေးဆပ်ထားကြ ရသော တန်ဖိုးကြီးမားလှသည့် လျှပ်စစ်ဓာတ်အား ကို အမှန်တကယ်မလိုအပ်လျှင် မသုံးစွဲကြဘဲ ချွေတာ၍ စနစ်တကျသုံးစွဲကြစေလိုပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments