
မောင်အောင်
“ဒါနဲ့ နေစမ်းပါဦး။ ဟိုတစ်နေ့က တီဗွီထဲ တွေ့လိုက်ပါတယ် ဆောင်းဒါးရက်ကန်း ကျောင်းဆိုတာ။ ဆောင်းဒါးဆိုတာ ဘာအဓိပ္ပာယ်လဲကွ၊ ဆောင်ဒါးပဲ ကြားဖူးပါတယ်။ ဆောင်းဒါးဆိုတော့ ဆောင်းတွင်းမှာ ဒါးတွေထုတ်လို့ ဆောင်းဒါးလို့ ခေါ်တာလား။”
အမေ့ရွာသို့ရောက်နေခိုက် ကျွန်တော် ၏ အစ်ကိုကြီးက မေးလိုက်ခြင်းဖြစ်သည်။ အစ်ကိုကြီးက အသက်ရှစ်ဆယ်ကျော်။ ၁ဝ တန်းအထိ ကျောင်းနေခဲ့သူဖြစ်၍ ဗဟုသုတရှိသည်။ သတင်းစာဖတ်သည်။ တီဗွီကြည့်သည်။ လူပျိုလူလွတ်ဖြစ်၍ တီဗွီကို သတင်းရော၊ ဇာတ်လမ်းတွေပါ မကျန် ကြည့်တတ်သူဖြစ်၍ နှံ့စပ်သည်။ သို့ဖြစ်၍လည်း ပြီးခဲ့သည့်အပတ်ထဲက တီဗွီတွင် လွှင့်ထုတ်သွားခဲ့သည့် ဆောင်းဒါးရက်ကန်းသင်တန်းကျောင်းနှင့် ပတ်သက်၍ သူ့စိတ်ထဲမရှင်းသည်ကို ကျွန်တော့်ကို မေးလာခြင်းဖြစ်ပါသည်။
“ဒီလိုအစ်ကိုရေ အဲဒီ ဆောင်းဒါး ရက်ကန်းသင်တန်းကျောင်းက အမရပူရ မှာရှိတာ။ မန္တလေး၊ စစ်ကိုင်းသွားတဲ့ ကားလမ်းပေါ်မှာရှိတာ၊ အမရပူရက တော့ အစ်ကိုသိပါတယ်၊ ရက်ကန်း လုပ်ငန်းနဲ့ နာမည်ကြီးတဲ့မြို့လေ။”
“ရက်ကန်းနဲ့တင် နာမည်ကြီးတာ မဟုတ်ဘူးကွ။ အရှင်ဇနကာဘိဝံသရဲ့ ဘုန်းကြီးကျောင်းလည်းရှိလို့ နာမည် ကြီးတာ။ တောင်မြို့လို့လည်း ခေါ်တယ် လေကွာ။”
“ဟုတ်ကဲ့၊ အဲဒီအမရပူရမှာ ဟိုးအရင် ကတည်းက မြန်မာ့ရိုးရာလက်ရက်ကန်း စက်တွေရှိခဲ့တယ်။ လက်ရက်ကန်းက တော့ အစ်ကိုလည်းသိတဲ့အတိုင်း လွန်းပြေးအောင် ရက်ကန်းရက်တဲ့ လူက ဟိုဘက်ဒီဘက်လက်နဲ့ ပစ်ပေးရတယ်။ ခြေထောက်နဲ့လည်း ဘယ်ညာတစ်လှည့် စီ နင်းပြီး ရက်ကန်းခတ်ရတယ်။”
ကျွန်တော်က အစ်ကို့ကို လက်ရက်ကန်းအကြောင်း ရှင်းပြ ဖြစ်သည်။
“ဒို့ ရှေးမြန်မာလက်ရက်ကန်း အကြောင်း ငါသိပါတယ်ကွာ။ အဲ ဒါပေ မယ့် မင်းပြောတော့မှ မျက်စိထဲပေါ်လာ တယ်။ အဲဒါနဲ့ ဆောင်းဒါးနဲ့ ဘာဆိုင် လို့လဲ။”
“ဆိုင်တယ် အစ်ကိုရဲ့။ အဲဒီ ၁၉၁၄ ခုနှစ်လောက်တုန်းက အထက်မြန်မာပြည် တရားရေးမင်းကြီးက မစ္စတာအယ်လ် အိပ်ချ်ဆောင်းဒါး (Mr. LH. Saunders)တဲ့။ အဲဒီမစ္စတာဆောင်းဒါးက အင်္ဂလန် က ပြန်လာတော့ လွန်းပျံလက်ခတ်ကို ယူလာပြီး မြန်မာ့ရိုးရာလက်ရက်ကန်း စင်ပေါ်တင်ပြီး အမရပူရနယ်မှာရှိကြတဲ့ ရက်ကန်းခတ်တဲ့ လုပ်ငန်းရှင်တွေကို ရက်ခတ်ပြသပေးခဲ့တယ်။ အဲဒီ လွန်းပျံ လက်ခတ်နဲ့ရက်တော့ လွန်းကိုလက်နဲ့ မထိုးရတော့ဘဲ သူ့အလိုအလျောက် သွားတာကြောင့် အနံကြီးကြီးလည်း ရက်နိုင်တယ်။ လက်နဲ့ ဟိုဘက်ကနေ ဒီဘက် ဒီဘက်ကနေ ဟိုဘက် ပြန်ပစ်နေ ရတာကြာပြီး၊ သူ့အလိုအလျောက်သွား တော့ ပိုပြီးမြန်လာတယ်။ အဲဒါကြောင့် ရက်ကန်းသမားတွေက ကြိုက်ကြတယ်။ သူတို့က သင်တန်းဖွင့်ပြီး သင်ပေးဖို့ တောင်းဆိုတာကြောင့် ရက်ကန်း သင်တန်း စပြီးပေါ်လာတာ။”
“ကဲ အဲဒီတော့ မင်းပြောတဲ့ မစ္စတာ ဆောင်းဒါးက စပြီးကျောင်းတည်ထောင် ပေးခဲ့လို့ ဆောင်းဒါးသင်တန်းကျောင်းလို့ ခေါ်တာပေါ့ကွာ။ ဟုတ်လား။”
ကျွန်တော်က စကားအရှည်ကြီး ပြောလိုက်သဖြင့် အစ်ကိုက ကြားဖြတ်ပြီး အဆုံးသတ်ပေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တာပေါ့ အစ်ကိုရ။ ဒီလိုခေါ်ရုံ တင်မကဘူး ရက်ကန်းလောကမှာ “လွန်းပျံအစ ဆောင်းဒါးက” လို့တောင် ဆိုရိုးစကားလေး ရက်ကန်းလောကမှာ ပေါ်ခဲ့တာပေါ့။”
“အေး ထားပါတော့၊ ဒို့မြန်မာ့ရိုးရာ လက်ရက်ကန်းတုန်းက အနံ ဘယ်လောက် ရက်လို့ရသလဲ။”
“ဟုတ်တယ်အစ်ကို၊ ကျွန်တော်တို့ လွန်းပျံခတ်မသုံးခင်က အထည်သားကို အနံ ၂၄ လက်မပဲ ရက်နိုင်တယ်။ အစ်ကို လည်း မီပါတယ်။ ကျွန်တော်တို့ ငယ်ငယ် တုန်းကတောင် နှစ်နံစပ်လုံချည်တွေ ဝတ်ခဲ့ရတယ်။ အဲဒီလက်ရက်ကန်းက အနံသေးဖြစ်တော့ အချိန်လည်း ကြာတယ်။ ရက်ရတာလူလည်းပင်ပန်း တာပေါ့။” အခုလွန်းပျံလက်ခတ်နဲ့ကျ တော့ အနံက ၄၅ လက်မအထိ ရက်နိုင် တယ်။ လူလည်းမပင်ပန်း၊ မြန်လည်း ပိုပြီးမြန်တာကြောင့် လူတွေက ပိုပြီး ကြိုက်ကြတယ်။”
“အေး ဟုတ်ပါပြီ၊ အခုနောက်ပိုင်း ရော အရင်တုန်းကလို ရက်ကန်းစင်တွေ လား”
“မဟုတ်တော့ဘူးအစ်ကို၊ ကျွန်တော် တို့ နိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၂-၅၃ ခုနှစ်မှာ ဂျပန်နိုင်ငံလုပ် ဟာရာဒါ (HARADA)၊ ဟီရာနို (HIRANO)နဲ့ စူဇူကီး(SUZUKI) ဆိုတဲ့ စက်ရက်ကန်းစင် တွေရောက်လာပြီး လက်ရက်ကန်း အဆင့်ကနေ စက်ရက်ကန်းအဆင့်ကို ကျွန်တော်တို့ရောက်ခဲ့တယ်။ လက်မှု လယ်ယာကနေ စက်မှုလယ်ယာကို အခုအချိန်ထိ ပြောင်းနေတုန်းပဲ ရှိသေး ပေမယ့် လက်ရက်ကန်းကနေ စက်ရက်ကန်းအဆင့်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇ဝ) လောက်ကတည်းက ပြောင်းနိုင်ခဲ့တာ။”
ကျွန်တော်က ရက်ကန်းပညာ ပြောင်းလဲတိုးတက်လာပုံကို သာသာ ထိုးထိုး ရှင်းပြလိုက်ခြင်းဖြစ်သည်။
“အေး အေး ကောင်းပါပြီ။ မင်းအဲဒီ ကျောင်းကို ရောက်ဖူးသလား။ အဲဒီ ကျောင်းက အခုလက်ရှိအစိုးရရဲ့ ဘယ်ဌာနအောက်မှာရှိတာလဲ။”
“ရောက်ဖူးတယ်အစ်ကို၊ ပြီးခဲ့တဲ့ မေလဆန်းက အဲဒီကျောင်းကို ကျွန်တော် ရောက်ခဲ့တယ်။ ကျွန်တော်တို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအောက်မှာရှိတာ။ အဲပြီးခဲ့တဲ့ ဇွန်လမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနထပ်ပြီး ဖွင့်လိုက်တော့ အဲဒီသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက် ပါသွားတယ်။”
“အဲဒီကျောင်းမှာ ရက်ကန်းပဲ သင်တာလား၊ ဒီပြင်ဘာသင်တန်းတွေ ရှိသေးလဲ”
“ရှိသေးတယ်အစ်ကို၊ အဲဒီကျောင်း မှာက ချည်မျှင်နဲ့အထည်အလိပ် အတတ် ပညာဒီပလိုမာ (၁)နှစ်သင်တန်း၊ ချည်မျှင် နဲ့ အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ် သင်တန်း၊ လက်ရက်ကန်း (၆)လ သင်တန်း၊ ရိုးရာလွန်းရာကျ အချိတ် (၆)လ သင်တန်းနဲ့ ရွှေချည်ထိုး၊ ငွေချည် ထိုး(၃)လသင်တန်းတွေလည်း ရှိသေး တယ်။”
“မင်း ဆောင်းဒါးသင်တန်းကျောင်း က ဒီပလိုမာလက်မှတ်တောင် ပေးနိုင် တယ်ဆိုတော့ သင်တန်းကျောင်းအဆင့် ဘယ်ဟုတ်တော့မလဲကွ။”
အစ်ကိုက ဆောင်းဒါးရက်ကန်း သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် သင်တန်းများကို သိလိုက်ရ၍ အတွန့် တက်လိုက်ခြင်းဖြစ်သည်။
“ဟုတ်ပါတယ် အစ်ကို၊ ဆောင်းဒါးရက်ကန်းသင်တန်းကျောင်းရဲ့ နာမည် အပြည့်အစုံက “ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ”ပါ။ လူတွေက အလွယ်ခေါ်နေကြလို့ပါ။”
“ အေး သိပ်တော့ အလွယ်မကြိုက်ကြ နဲ့ ဟေ့။ လှတာမက်ရင် ညစာခက်တတ် တယ်” ဆိုတာကြားဖူးတယ် မဟုတ် လား။ အလွယ်တော့မလိုက်ကြနဲ့။ ဒါနဲ့ မင်းအခုနပြောတဲ့ သင်တန်းတွေက အသက်မွေးဝမ်းကျောင်းသင်တန်းတွေပဲကွ။ ဒီပြင်ရော ဘာသင်တန်းတွေ ဖွင့်သေးလဲ။”
ဆောင်းဒါး သင်တန်းကျောင်းနဲ့ ပတ်သက်ပြီး အစ်ကိုအများကြီး စိတ်ဝင် စားသွားပုံရသည်။
“ဟုတ်တယ် အစ်ကို၊ ဆောင်းဒါး ရက်ကန်းသိပ္ပံမှာ ရက်ကန်းလုပ်ငန်းနဲ့ ဆိုင်တဲ့ စက်ရက်ကန်းမောင်း၊ စက်ပြင် (၂)လသင်တန်း၊ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်(၁)လသင်တန်း၊ လက်ရက်ကန်း ဖဲနှပ်ကောက်(၁)လသင်တန်း၊ အထည် ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ (၂) ပတ် သင်တန်း၊ သဘာဝဆေးဆိုး (၁၀) ရက် သင်တန်း၊ စာစည်းကြိုးရက်လုပ်နည်း (၂)ပတ်သင်တန်းနဲ့ စက်အပ်ချုပ် နည်းပညာ(၁)လ သင်တန်းတွေလည်း ဖွင့်ပါသေးတယ်။”
“အေး ကောင်းတယ်ကွာ။ ဒို့နိုင်ငံက လူငယ်တွေ အထူးသဖြင့် အမျိုးသမီးတွေ အတွက် တကယ့်ကို အကျိုးရှိတဲ့သင်တန်း တွေပဲကွ။ ဒါနဲ့ ဒီအသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးတော့ အဲဒီသင်တန်း တွေတက်ချင်ရင် ကျောင်းလခ ဘယ်လောက်ပေးရသလဲ။ လူတိုင်းရော တက်လို့ရရဲ့လား။ ကျောင်းဖွင့်တာကို ဒို့နယ်က လူတွေက ဘယ်လိုလုပ် သိမလဲ။”
အစ်ကိုက သူ သိချင်သည်များကို အားတက်သရော မေးလာခြင်းဖြစ်သည်။
“အစ်ကို့မေးခွန်းတွေက များလွန်း တော့ ကျွန်တော်တောင် ဘယ်ကစပြီး ဖြေရမယ်မှန်းမသိတော့ဘူး။”
“ဟ မေးရတာပေါ့ကွ။ မင်း ဆောင်းဒါး ကျောင်းက ဒို့ရွာက မိန်းကလေးတွေ အတွက် အရေးကြီးတယ်လေကွာ။ ရက်ကန်းမတက်ရင်တောင် စက်ချုပ်က ပါနေတော့ ဒါတွေက တက်ထားသင့်တယ် လေကွာ။”
“ဟုတ်ကဲ့ ကောင်းပါပြီ။ ကျွန်တော် ဖြေမယ်နော်၊ အဲဒီရက်ကန်းသိပ္ပံ သင်တန်းကျောင်းတက်ရင် သင်တန်း ကြေးတွေ၊ အဆောင်နေခတွေ တစ်ပြားမှ မပေးရတဲ့အပြင် သင်တန်းလာတက်တဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို တစ်လငွေသုံးသောင်း နိုင်ငံတော်က ထောက်ပံ့ပေးပါတယ်။ ဒါက စားသောက် စရိတ်အတွက်ပါ။ နေစရာအဆောင် ပေးပါတယ်။ အဆောင်မှာ ရေမီးအပြည့် အစုံပါ။ ဒါကိုလည်း နိုင်ငံတော်က ထောက်ပံ့ပါတယ်။ ကျောင်းဖွင့်မယ့်ရက် ကိုတော့ သတင်းစာကနေပြီး ကြေညာ ပေးပါတယ်။ တီဗွီတို့၊ ရေဒီယိုတို့မှာလည်း သတင်းအဖြစ် ကြေညာပေးပါတယ်။”
“အေး ကောင်းတယ်ကွာ။ ဒါနဲ့ အဲဒီ လို ရက်ကန်းကျောင်း၊ အသက်မွေးဝမ်း ကျောင်း သင်တန်းကျောင်းတွေက အမရပူရမှာပဲရှိသလား။ ဒီပြင်ဘယ်မှာ ရှိသေးလဲ။”
“ရက်ကန်းသင်တန်းကျောင်းတွေ က ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသ ကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးကလွဲရင် ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ မှာ အားလုံးရှိပါတယ်။ ကချင်ပြည်နယ် မှာဆိုရင် မြစ်ကြီးနားမှာ၊ ကယား ပြည်နယ် လွိုင်ကော်၊ ကရင်ပြည်နယ် ဘားအံ၊ ချင်းပြည်နယ်မှာဆိုရင် မင်းတပ် နဲ့ ဖလမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆိုရင် မုံရွာ၊ ပဲခူးတိုင်းဒေသကြီးမှာ ရွှေတောင်၊ မကွေးတိုင်းဒေသကြီးမှာ ပခုက္ကူ၊ မန္တလေးတိုင်းဒေသကြီးမှာ မိတ္ထီလာနဲ့ အမရပူရ၊ မွန်ပြည်နယ်မှာ မုဒုံ၊ ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ ရှမ်း ပြည်နယ်မှာဆိုရင် တောင်ကြီးနဲ့ ကျောက်မဲမှာရှိပါတယ်။ ဆောင်းဒါး ကျောင်းကတော့ သိပ္ပံအဆင့်ဖြစ်ပြီး ကျန်တာတွေကတော့ သင်တန်းကျောင်း အဆင့်တွေပါ။”
“အေး ကောင်းတယ်ကွာ။ ဒီတစ်ချက် နဲ့ကို ငါတော့ နိုင်ငံတော်ကို အများကြီး ကျေးဇူးတင်သွားပြီကွာ။ ဒို့လူကြီးတွေ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ကိုယ့် နိုင်ငံက ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေအောင်၊ မိသားစုဝင်ငွေရရှိ အောင် ဘက်ပေါင်းစုံက လုပ်ပေးနေတာ။ အဲဒါကိုသိတဲ့လူတွေကတော့ အဲဒီ အကျိုးကို ခံစားနေရတာပေါ့။ ဒါနဲ့ မင်း ဆောင်းဒါးအပြင် ကျန်တဲ့သင်တန်း ကျောင်းတွေရော ရောက်ဖူးသလား။ ဒီကိုဗစ်ကာလကြီးမှာ ကျောင်းတက်တဲ့ လူရော ရှိသလား။”
“ရောက်ဖူးတယ်အစ်ကို။ ပြီးခဲ့တဲ့ မေလထဲကပဲ ပခုက္ကူရက်ကန်းနဲ့ အသက် မွေးပညာ သင်တန်းကျောင်းကို ရောက်ခဲ့ တယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန် မှာ သဘာဝဆေးဆိုးသင်တန်းဖွင့်တာနဲ့ သွားပြီးကြုံတယ်။ အဲဒီမှာ သင်တန်းသူ၊ သင်တန်းသား ၂ဝ တက်ပြီးနေတယ်။”
“အေး နေစမ်းပါဦး။ အဲဒီသဘာဝ ဆေးဆိုးနည်းပညာဆိုတာ ဘာလဲ။” မင်းစောစောက သင်တန်းတွေအကြောင်း ပြောကတည်းက မေးမလို့ စဉ်းစားထား တာ။”
“သဘာဝဆေးဆိုးနည်းသင်တန်းက ကျွန်တော်လည်း အဲဒီမှာတွေ့တော့မှ အတော်လေး စိတ်ဝင်စားသွားတယ်။ ကုက္ကိုရွက်တို့၊ တမာရွက်တို့၊ ဗာဒံရွက်တို့ မဓမခေါက်၊ မန်ကျည်းခေါက်၊ သီးခေါက်၊ ကုက္ကိုခေါက်၊ အဲဒီကျွန်တော်တို့ သဘာဝ အသီးအပင်တွေက အရွက်တွေ၊ အခေါက် တွေကနေ အရောင်တွေဖြစ်နေတာ၊ အဲဒီက အရောင်နဲ့ အထည်ရက်မယ့် ချည်ကို ဆေးဆိုးရတာ။”
“မင်းဟာက ဟုတ်ရော ဟုတ်ရဲ့ လား။ ဆေးကရော ခိုင်ရဲ့လား။”
အစ်ကိုကြီးက မယုံသင်္ကာအသံဖြင့် မေးလာခြင်းဖြစ်သည်။
“ဟုတ်တယ် အစ်ကိုကြီး။ ကျွန်တော် လည်း ပထမတော့ မယုံဘူးလေ။ အဲ ဒါပေ မယ့် အစ်ကိုကြီးလည်း သတိထားမိမယ် လေ။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှာ ရေလုပ်သားတွေက ငါးဖမ်းပိုက်တွေကို မဓမခေါက်နဲ့ ဆေးဆိုးတာပဲ။ ပိုက်တွေ လည်း ပိုပြီးခိုင်တယ်လေ။ ဓာတုဗေဒ ဆိုးဆေးတွေက အရောင်တော့ ကောင်းပါရဲ့၊ ချည်တောင်ဆွေးသေး တယ်။ ကျွန်တော့်တပည့်တစ်ယောက် ကျွန်တော်ပေးတဲ့လုံချည်ကို အမြတ် တနိုးနဲ့ အလှူသွားတဲ့အချိန် ဝတ်သွား လိုက်တာ၊ လူကြားထဲ လုံချည်ကွဲသွားလို့ ပြန်ပြောတော့ ကျွန်တော်က အကြီး အကျယ်ရယ်တော့ ဒီကောင်က ဘာပြော တယ်မှတ်သလဲ။ “အဘကသာ ရယ်နေ၊ ကျွန်တော့်မှာ လူကြားထဲမှာ မျက်နှာ ဘယ်လိုထားရမှန်း မသိဘူး”တဲ့။ ကျွန်တော်ကလည်း သူများပေးထား တာတွေကို ၄-၅-၁ဝ နှစ် သိမ်းထားပြီး ပြန်ပေးတော့ အဲဒီလိုဖြစ်တာ။”
“မင်းလုံချည်ကိစ္စ ခဏထားစမ်းပါ ကွာ၊ သဘာဝဆိုးဆေးအကြောင်း ဆက်ပြီးပြောစမ်းပါဦး။”
ကျွန်တော့်အစ်ကိုကြီး သဘာဝ ဆိုးဆေးကို အတော်စိတ်ဝင်စားသွားပုံ ရသည်။
“အဲဒီ သဘာဝအရွက်တွေ၊ အခေါက် တွေကို ရေနဲ့ပြုတ်ပြီး ကိုယ်လိုချင်တဲ့ အရောင်ကိုဆိုးရုံပဲ။ ဓာတုဆိုးဆေးတွေ က Chemicals (ဓာတုပစ္စည်း) တွေ ဖြစ်လို့ အရေပြားကင်ဆာတို့ ဘာတို့ ဖြစ်စေတယ်။ သဘာဝဆိုးဆေးကတော့ ဘာမှ လူကိုအန္တရာယ်မဖြစ်စေတဲ့အပြင် ဆေးရောင်လည်းခိုင်တာမို့ တကယ် သုံးသင့်တာ။ အဲ ဒါပေမယ့် အရွက်တွေ၊ အခေါက်တွေ ကြိတ်ရတာ၊ ပြုတ်ရတာ ကြောင့် အလုပ်ရှုပ်တယ်ဆိုပြီး လူတွေ မသုံးကြတာ။ တကယ်တော့ သဘာဝက သာ လူတွေအတွက် အကောင်းဆုံးပါ။”
“အေးကွာ မင်းတို့ အသက်မွေးဝမ်း ကျောင်းပညာသင်ကျောင်းက သင်ပေး တာတွေက တယ်ပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။”
ကျွန်တော့် အစ်ကိုကြီး အသေးစား စက်မှုလုပ်ငန်းကို အတော်လေးစိတ်ဝင် စားသွားပုံရသည်။
“ဒါတင် မဟုတ်သေးဘူး အစ်ကိုကြီး ရေ၊ ကျွန်တော်တို့ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဆီးယို၊ ဆီးဖျော်ရည်တို့၊ နနွင်းမှုန့်တို့၊ ငရုတ်သီး မှုန့်တို့ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်သန့် ဆေးရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေး၊ ချေးချွတ်ဆေး၊ မှင်တို့ သုတ်ဆေးလုပ်တဲ့ လုပ်ငန်းတွေလည်း သင်ပေးသေးတယ်။ အခု ကိုဗစ်ဖြစ်နေတဲ့ ကာလကြီးမှာ သူများတွေ အလုပ်မရှိ လို့ ဝင်ငွေမရှိဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရုံးချုပ်ကတောင် လက်သန့်ဆေးရည် ထုတ်ရောင်းပြီး ဝန်ထမ်းတွေကို ဝန်ထမ်းသက်သာ ထောက်ပံ့နိုင်သေးတယ်။”
“အေး အေး ရပါပြီကွာ ဒီလောက်ဆို သဘောပေါက်ပါပြီ။ ကဲ အေးထွန်းတို့၊ မြင့်နိုင်တို့၊ ဘုမတို့ အချိန်ဖြုန်းမနေကြနဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းက သင်တန်းခေါ်ရင် “ဆောင်းဒါးသို့ ကျောင်း သွားဖို့” ပြင်ကြပေတော့။”
အသက်(၈ဝ)ကျော် ကျွန်တော့် အစ်ကိုကြီး၏အသံက အားမာန်အပြည့် ဖြင့် တက်ကြွနေပါသည်။
- Log in to post comments