
အဒစ္စအဘာဘာ ဩဂုတ် ၈
အီသီယိုးပီးယားနိုင်ငံ၌ ကာလဝမ်းရောဂါ ကူးစက် ပျံ့နှံ့မှုကိုထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းလှုပ်ရှားမှု အဖြစ် လူပေါင်း ၁၀ သန်းကျော်ကို ကာကွယ်ဆေး တိုက်ကျွေးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပြောသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ကာလဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ယင်းသို့ဖြစ်ပွားပြီး နှစ်နှစ် အကြာတွင် ယခုလိုနိုင်ငံတစ်ဝန်းကာကွယ်ဆေးပေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဩဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ကာလ ဝမ်းရောဂါတိုက်ဖျက်ရေး အမျိုးသားကာကွယ်ဆေးတိုက်ကျွေးမှုကို အီသီယိုးပီးယားနိုင်ငံ ဒေသကြီး ရှစ်ခုရှိ ခရိုင်ပေါင်း ၈၉ ခုတွင် ပြုလုပ်ခဲ့ပြီး ၉၈ ဒသမ ၄ ရာခိုင်နှုန်း လွှမ်းခြုံနိုင်သည်ဟု ကြေညာချက် တွင် ဖော်ပြခဲ့သည်။ လူပေါင်း ၁၀ ဒသမ ၁၉ သန်းကို ကာကွယ်ဆေးတိုက်ကျွေးနိုင်ခဲ့သည်။
အီသီယိုးပီးယား ပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြုလုပ်သည့် ကာလဝမ်းရောဂါ တိုက်ဖျက် ရေးတွင် ရန်ပုံငွေပြတ်လပ်မှုများကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ရောဂါဖြစ်ပွားမှု ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး၊ ကောင်းမွန် သောရေဖြန့်ဝေပေးရေးစနစ်နှင့် သန့်ရှင်းရေးစနစ် များတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။ ယခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၁၄၃ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ပြောကြားချက်အရ သိရသည်။
ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ကာလ အတွင်း ဝမ်းရောဂါဖြစ်ပွားသူ ၁၉၂၇၁ ဦးရှိသည်ဟု သိရသည်။ ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် မသန့်ရှင်းသောရေကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး ဝမ်းပျက်ခြင်းနှင့် ပြင်းထန်သော ရေဓာတ် ခန်းခြောက်ခြင်းကို ဖြစ်စေသည်။ မကုသဘဲထားပါ က နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။ ဆင်ဟွာ