
ကန့်ဘလူ ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ဧက ၁၀၇၁၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးစပါးများကို ဇူလိုင်လဆန်းက စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ် သူ တောင်သူလယ်သမားများ လူနေမှုအဆင့် အတန်း မြင့်မားလာစေရန်၊ ရာသီဥတုရေမြေ ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုး များ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့ စိုက်ပျိုးသွားရန်၊ ဆန်စပါး ထုတ်လုပ်မှုတိုးတက် ရေးအတွက် တစ်ဧကအထွက်နှုန်း တိုးတက် ရေး၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲ ရေး ရည်မှန်းချက်ထား၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများသည် ဆည်ရေသောက်ဧရိယာ နှင့် မိုးကောင်းသောက်ဧရိယာများတွင် ရေရရှိ ရေး နည်းလမ်းခြောက်သွယ်ဖြင့် မိုးစပါးများကို ကြဲခင်းစိုက် (အစို/အခြောက်)၊ တိုက်ရိုက်စိုက် (အစို/အခြောက်)၊ လုပ်သားရှားပါးမှုအခက်အခဲ များ ဖြေရှင်းနိုင်စေရန် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် ကွင်းသရုပ်ပြပွဲများ၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ် သက်သာစေရန်နှင့် စိုက်ပျိုးရေးနည်းစနစ် များကို စိုက်ပျိုးရေးကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ကန့်ဘလူမြို့နယ်၌ မိုးစပါးလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံ တောင်သူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန စသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါးမျိုးများအဖြစ် ဆင်းသုခ၊ ဧရာမင်း၊ ပေါ်ဆန်း၊ ရွှေသွယ်ရင်နှင့် မနောသုခ စသည့်စပါးမျိုးများကို စိုက်ပျိုးကြ ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)