လမ်းပေါ်မတော်တဆမှုများ ကျဆင်းရေး ယာဉ်/လမ်းစည်းကမ်းများ အလေးထားလိုက်နာ

 

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်  ကင်းရှင်းရေးကောင်စီ  (NRSC)    က    လစဉ်ပြုစုထုတ်ပြန်သည့်    ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းအချက်အလက်များ၊   နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်ကစပြီး  ယာဉ်တိုက်မှု၊  ဒဏ်ရာရ၊  သေဆုံးမှုစာရင်း များ    တောက်လျှောက်လျော့နည်းကျဆင်းလာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သည်။  ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ် တို့တွင် ကိုဗစ် - ၁၉  ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး အတွက်    အသွားအလာများ   ကန့်သတ်ခဲ့ခြင်းက  လမ်းပေါ် မတော်တဆဖြစ်မှုများအပေါ်တွင်ပါ သက်ရောက်ခဲ့ခြင်းဖြစ်သည်။


ကိုဗစ် - ၁၉ ကာလအတွင်း   ပြင်ပထွက်သွားလာမှုများ လျော့နည်းကျဆင်းခဲ့ခြင်းကြောင့် လမ်းပေါ်  မတော်တဆမှုများပါ လျော့နည်းကျဆင်းခဲ့သော်လည်း အသွားအလာများ ပုံမှန်အခြေ အနေနီးပါး ပြန်လည်ရောက်ရှိလာချိန်တွင် အတက်ဘက်သို့ ပြန်လည်ဦးတည်လာသည်ကို သတိပြုရန် NRSC ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ လမ်းပေါ်    မတော်တဆမှုများ     လျော့နည်းကျဆင်းခြင်းသည် ယာဉ်အသုံးပြုသူ၊    လမ်းအသုံးပြုသူများ၏    ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားကောင်းလာခြင်းကြောင့်သာလျှင် ဖြစ်သင့်သည်။  သို့မှသာလျှင် ယာဉ်နှင့်လမ်း အသုံးပြုမှု မည်မျှ မြင့်တက်လာစေကာမူ  ယာဉ်တိုက်မှုနှင့် သေဆုံးဒဏ်ရာရမှုတို့ လိုက်ပါမြင့်တက်မလာဘဲ  လျော့နည်းကျဆင်းမှုဘက်သို့သာ ဦးတည်လာမည်ဖြစ်သည်။


ယာဉ်အန္တရာယ်၊     လမ်းအန္တရာယ်    ကင်းရှင်းရေးအတွက် ဆယ်စုနှစ်အလိုက်   ကမ္ဘာလုံးဆိုင်ရာစီမံချက်ကို     မဏ္ဍိုင်ကြီး (၅) ရပ် ချမှတ်ဖော်ဆောင်လျက်ရှိသည်။ လက်ရှိတွင်  မဏ္ဍိုင်ကြီး (၅) ရပ်အပြင် ဒုတိယဆယ်စုနှစ်တာကာလ ၂၀၂၁-၂၀၃၀အတွက် ကမ္ဘာလုံးဆိုင်ရာ စီမံချက်ကိုရေးဆွဲခဲ့ပြီး ယာဉ်/လမ်းအန္တရာယ် ကြောင့် လူသေဆုံးမှုများကို ၂၀၃၀ ပြည့်နှစ်တွင် အခြေခံနှစ်ဖြစ် သော ၂၀၂၀ ပြည့်နှစ်က သေဆုံးခဲ့မှု၏ ထက်ဝက်သို့လျှော့ချနိုင် ရန်      အကောင်အထည်ဖော်လျက်ရှိသည်။   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး   ပထမဆယ်စုနှစ်တွင် အခြေခံနှစ် ဖြစ်သော ၂၀၁၀ ပြည့်နှစ်အတွင်း  ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံး၊   ဒဏ်ရာရမှု   အရေအတွက်ကို  ၂၀၂၀  ပြည့်နှစ်တွင်  ထက်ဝက်သို့လျှော့ချရေး    ရည်မှန်းချက်အား   မြန်မာအပါအဝင် နိုင်ငံအများစုက    ပြည့်မီအောင်   ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ရာ ဒုတိယဆယ်စုနှစ်တွင်မူ  ပိုမို၍တိုးတက်မှုရရှိအောင် အားထုတ် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။


အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှု ၁၂၉၇၃ မှု၊ သေဆုံးသူ ၄၄၁၀၊ ဒဏ်ရာ ရသူ ၁၈၆၂၀၊ ၂၀၂၁ ခုနှစ်တွင် ယာဉ်တိုက်မှု  ၆၄၂၀၊ သေဆုံးသူ ၃၁၅၈၊ ဒဏ်ရာရသူ ၈၃၁၁၊ ၂၀၂၂  ခုနှစ်တွင်  ယာဉ်တိုက်မှု ၅၆၃၁ မှု၊ သေဆုံးသူ ၂၇၉၅၊ ဒဏ်ရာရသူ ၇၈၅၃ ဟူ၍ ရှိခဲ့ရာ ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေသည် ၂၀၂၀ ပြည့်နှစ်က သေဆုံးသူဦးရေ ၄၄၁၀ ၏ ထက်ဝက်သို့ လျှော့ချနိုင်ရ မည်ဖြစ်ပြီး   အဓိကအကျဆုံးလိုအပ်ချက်မှာ   ပြည်သူအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးပင်ဖြစ်သည်။


မော်တော်ဆိုင်ကယ်စီးသူများ  အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ   စနစ်တကျ    ဝတ်ဆင်အသုံးပြုရေး၊ မော်တော်ယာဉ်မောင်းနှင်နေစဉ်    လက်ကိုင်ဖုန်း   အသုံးပြုမှု ရှောင်ရှားရေး၊ မူးယစ်သောက်စား၍ မော်တော်ယာဉ်မောင်းနှင် မှုမပြုရေး၊ ယာဉ်မောင်းနှင့်လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံ ခါးပတ်ဝတ်ဆင်ရေး၊  မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်အမြန်နှုန်းထက်ပို၍ မောင်းနှင်မှု မပြုရေးတို့ကို အထူး အလေးထားလိုက်နာကြရန် တိုက်တွန်းအပ်ပါကြောင်း။       ။