တိုင်းပြည်တိုးတက်ခြင်းအစ သန်းခေါင်စာရင်းက

Type
5

 

ရွှေနန်းမေ

သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ်ချလိုက်ခြင်းဟု ဆိုရပါမည်။ တစ်နည်း အားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် အမျိုးသားအဆင့်စာရင်းအင်းစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် အခြေခံအုတ်မြစ်ချပေးခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတော်၏ မူဝါဒများချမှတ်ခြင်း၊ ရန်ပုံငွေ ခွဲဝေခြင်းနှင့်  တိုင်းဒေသကြီး / ပြည်နယ်အလိုက် အုပ်ချုပ်မှုစနစ်များ   ပုံဖော်ရာတွင်   အဓိကအခန်း ကဏ္ဍမှ    ပါဝင်နေသောကြောင့်   နိုင်ငံတစ်နိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အရေးကြီး သည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံသား တိုင်းက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်း ပါဝင်ရန်  အရေးကြီးလှပါသည်။ ထိုကဲ့သို့ ပူးပေါင်းပါဝင် ကြမှသာလျှင် တိကျမှန်ကန်သော ကိန်းဂဏန်း၊  အချက်အလက်များကိုရရှိပြီး သန်းခေါင်စာရင်းမှ    ကောက်ယူရရှိသော အချက်အလက်များဖြင့် နိုင်ငံ ၏ တည်ဆောက်ရေးစီမံကိန်းနှင့် သုတေသနလုပ်ငန်း များအတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။
သန်းခေါင်စာရင်း
ကုလသမဂ္ဂ၏      အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူဦးရေသန်းခေါင်စာရင်းဆိုသည်မှာ သတ်မှတ်ထား သော    အချိန်ကာလတစ်ခုအတွင်း   နိုင်ငံတစ်ခု (သို့မဟုတ်) သတ်မှတ်ထားသော နယ်နိမိတ်တစ်ခု အတွင်းရှိ  လူအားလုံး၏  လူဦးရေ၊   စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအချက်အလက်များကို    စာရင်း ကောက်ယူခြင်း၊    စုစည်းခြင်း၊    လေ့လာသုံးသပ် အကဲဖြတ်ခြင်း၊       ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ကုလသမဂ္ဂ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူဦးရေနှင့် အိမ်အကြောင်းအရာ       သန်းခေါင်စာရင်းသည် “တစ်ဦးချင်းစီကို ကောက်ယူရမည်၊  နယ်နိမိတ် တစ်ခုအတွင်းရှိ လူအားလုံးကိုကောက်ယူရမည်၊ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း တစ်ပြိုင်တည်းကောက်ယူရမည်” စသည့်အင်္ဂါရပ် များနှင့် ကိုက်ညီရမည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ် လျှင်တစ်ကြိမ်    ကောက်ယူရန်လည်း    အကြံပြု ထားသည်။ သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ ဆိုင်ရာ သတင်းအချက်အလက်များကို စနစ်တကျ ကောက်ယူသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ အများအားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဟု    ခေါ်ဆိုလေ့ရှိပြီး    နိုင်ငံတွင်း နေထိုင်လျက်ရှိသူအားလုံးကို  စာရင်းကောက်ယူ ခြင်းဖြစ်ပါသည်။
သန်းခေါင်စာရင်းကြောင့်ရရှိမည့် အကျိုးကျေးဇူး
သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့်    တိကျ ခိုင်မာသည့်     စာရင်းအင်းစနစ်များရရှိခြင်းဖြင့် မူဝါဒချမှတ်ရာတွင်လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့် ထောင်စုနှစ် ရည်မှန်း ချက်များ    အကောင်အထည်ဖော်ရာတွင်    လည်း ကောင်း၊  ပြည်တွင်းပြည်ပ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ဆန်းစစ်လေ့လာရာတွင် လည်းကောင်း များစွာအကျိုးဖြစ်ထွန်းစေပါသည်။ နိုင်ငံတိုင်းတွင်   သန်းခေါင်စာရင်းသည်  လူဦးရေ ဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကိုရရှိနိုင်သည့် အရေးကြီး သော    အခြေခံအရင်းအမြစ်တစ်ခု    ဖြစ်ပါသည်။ သန်းခေါင်စာရင်း၏       အဓိကအကျိုးကျေးဇူးမှာ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ဖြစ်သည့် ကျေးလက်ဒေသများအထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်ပါသည်။
သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက် များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ကျန်းမာရေး၊ ပညာရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အခြေခံအဆောက်အအုံနှင့်     အခြားလူမှုရေး ဝန်ဆောင်မှုများအတွက် အခြေခံအချက်အလက် များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းအစ
မြန်မာ့သမိုင်းတွင်     သာလွန်မင်းလက်ထက် (မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်)နှင့် ဘိုးတော်ဘုရား လက်ထက် (မြန်မာသက္ကရာဇ် ၁၀၄၅ ခုနှစ်) တွင် သန်းခေါင်စာရင်း       သဘောသက်ရောက်သည့် စစ်တမ်းများ   ကောက်ယူခဲ့ကြောင်း  သိရှိရသည်။ အဆိုပါစာရင်းများတွင် လူဦးရေအကြောင်းအရာ၊ အိမ်ခြေလယ်ယာ၊ မြေသီးနှံအထွက်၊ အခွန်တော်ငွေ စသည့် စာရင်းတို့ကို ကောက်ယူခဲ့သည်။ မြန်မာနိုင်ငံ တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ၏ သမိုင်းကို ပြန်ကြည့်ပါက ပထမဆုံးသန်းခေါင်စာရင်း ကို ဘီစီ ၅၀၀ ခန့်က တကောင်းဘုရင်မင်းဆက် သတိုးသီဟ မဟာဓမ္မရာဇာဘုရင်လက်ထက်တွင် စတင်ကောက်ယူခဲ့ကြောင်း အထောက်အထားများ အရ သိရှိရသည်။
ဗြိတိသျှအုပ်ချုပ်မှုအောက်တွင်    ပထမဆုံး လူဦးရေသန်းခေါင်စာရင်းကို မြန်မာနိုင်ငံအောက် ပိုင်းတွင် အိန္ဒိယသန်းခေါင်စာရင်း၏အစိတ်အပိုင်းတစ်ခုအဖြစ်   ၁၈၇၂ ခုနှစ်က  ကောက်ယူခဲ့သည်။ ထို့နောက်   ၁၈၈၁ ခုနှစ်မှ  စတင်၍   ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်းများ ပုံမှန်ကောက်ယူ ခဲ့သည်။ ၁၈၉၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ သည်     မြန်မာတစ်နိုင်ငံလုံးကို    လွှမ်းခြုံအောင် ကောက်ယူနိုင်ခဲ့ပါသည်။   ဗြိတိသျှတို့   နောက်ဆုံး ကောက်ယူခဲ့သော ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းမှာ စာရင်းပြုစုစဉ်ကာလအတွင်း      ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့၍   သန်းခေါင်စာရင်းဆိုင်ရာ  မှတ်တမ်း မှတ်ရာများ ဆုံးရှုံးပျက်စီးခဲ့သဖြင့် စာရင်းကောက်ယူ ရရှိသော ခရိုင်အလိုက် ကျား၊ မ ရှေ့ပြေးလူဦးရေ စာရင်းကိုသာ ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာနှင့်    ပြည့်စုံသော ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို    ၁၉၇၃   ခုနှစ် ဧပြီလတွင်     ကောက်ယူနိုင်ခဲ့ပြီး    ၁၉၇၃  ခုနှစ် သန်းခေါင်စာရင်းတွင် နိုင်ငံဧရိယာ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်း၊ စုစုပေါင်းလူဦးရေ၏ ၉၇ ဒသမ ၁ ရာခိုင် နှုန်းကို လွှမ်းခြုံနိုင်ခဲ့သော်လည်း မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာများကို ထည့်သွင်းမေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။   ထို့အတူ   ၁၉၈၃ ခုနှစ်တွင် လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ထပ်မံ ကောက်ယူနိုင်ခဲ့ပြီး စုစုပေါင်းလူဦးရေ၏ ၉၆ ဒသမ ၆  ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင်   ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိတော့ဘဲ နှစ်ပေါင်း ၃၀ ကြာ မကောက်ယူနိုင်ခဲ့သော   ပြည်လုံးကျွတ်လူဦးရေ နှင့်    အိမ်အကြောင်းအရာ    သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်  ဧပြီလတွင်   အောင်မြင်စွာ   ကောက်ယူ နိုင်ခဲ့ပါသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော   ကိန်းဂဏန်းအချက် အလက်များကို      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အချက်အလက်များအဖြစ်     အသုံးပြုဆောင်ရွက် လျက်ရှိသည်။  သန်းခေါင်စာရင်းကို  ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူရန် လျာထားခဲ့ရာ ၂၀၂၄ ခုနှစ် တွင်လည်း    သန်းခေါင်စာရင်း     ကောက်ယူခြင်း လုပ်ငန်းကို   အောက်တိုဘာလ ၁ ရက်မှ   စတင်ကာ လုပ်ငန်းအဆင့်(၄)ဆင့်ဖြင့် CAPI စနစ် မိုဘိုင်းဖုန်း/တက်ဘလက်များဖြင့်       ကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
သန်းခေါင်စာရင်း    ကောက်ယူခြင်းမှ  ရရှိသော အချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ်အဆင့် တိုင်းတွင်    ထိရောက်သောဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲခြင်း၊  ရရှိသောအချက်အလက်များအပေါ် အခြေခံ၍     ဆုံးဖြတ်ချက်များ   ချမှတ်ခြင်းဖြစ်ရာ ကျေးလက်ဒေသမှသည် တိုင်းဒေသကြီးအဆင့်အထိ မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် သန်းခေါင် စာရင်းအချက်အလက်များကြောင့် ဖွံ့ဖြိုးမှုလုပ်ငန်း စဉ်များနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ဆောင်မှု မြှင့်တင်ခြင်းလုပ်ငန်းများအတွက်      မှန်ကန် ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည် ဖြစ်သည်။    ထို့ကြောင့်လည်း   သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယခင်က အစိုးရဝန်ထမ်း များသာ    ကောက်ယူခဲ့ရာမှ      နောက်ပိုင်းတွင် အမျိုးသားရေးလှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် ပြည်သူ အားလုံး   ပူးပေါင်းပါဝင်ကောက်ယူသည့်လုပ်ငန်း ဖြစ်လာသည်။
နိုင်ငံတစ်နိုင်ငံတွင်  သန်းခေါင်စာရင်းကောက်ယူ ထားခြင်းမရှိပါက အစိုးရအဆက်ဆက်တွင် အခြေခံ အချက်အလက် အတိအကျမရှိခြင်းကြောင့် မူဝါဒ များ ရေးဆွဲချမှတ်ခြင်း၊ စီမံကိန်းများ အကောင် အထည်ဖော်ခြင်းများတွင် မှန်ကန်ကောင်းမွန်သော ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။  ထို့ပြင် သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက် များသည်   ရွေးကောက်ပွဲအတွက်   လိုအပ်သည့် လက်တွေ့ပြင်ဆင်မှုများနှင့် စီမံရေးရာ ထောက်ပံ့မှု များတွင် အထောက်အကူဖြစ်သကဲ့သို့ မဲစာရင်း မှန်ကန်မှု ရှိ၊ မရှိကို အထောက်အထားအဖြစ် ခိုင်မာ စွာ ပြသနိုင်မည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းသည်   ခရိုင်တစ်ခုချင်းစီတွင် မဲပေးနိုင်ခွင့်ရှိသည့်   အသက်အရွယ်များ၏  အရေ အတွက်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါအရေ အတွက်သည် မဲစာရင်းတွင် ပါဝင်သည့် မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေနှင့် ထပ်တူညီစွာရှိနိုင်မည်မဟုတ် သော်လည်း မဲစာရင်းပါ လူဦးရေအရေအတွက်သည် အမှန်ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆိုသည်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။ ရွေးကောက်ပွဲများတွင် မသမာမှု မဖြစ် အောင် ကာကွယ်နိုင်သည့်အပြင် ဖြစ်ခဲ့ပါကလည်း ခိုင်လုံသည့်အထောက်အထားဖြင့်    ထောက်ပြနိုင် မည်ဖြစ်ပါသည်။  ထို့ပြင်  သန်းခေါင်စာရင်းသည် ရွေးကောက်ပွဲကော်မရှင်များနှင့်   နိုင်ငံရေးပါတီ များအတွက်   ခရိုင်အလိုက်   မဲပေးခွင့်အသက် အရွယ်ရှိ လူဦးရေစာရင်းကို ခန့်မှန်းရရှိနိုင်မည်ဖြစ် ပါသည်။    သို့မှသာ   မဲဆန္ဒနယ်တစ်ခုချင်းစီတွင်   လိုအပ်သည့်   မဲရုံအရေအတွက်၊   မဲလာပေးသည့် နေ့တွင်  လာရောက်မည့်လူဦးရေအတွက်  လိုအပ် သည့်  အဆောက်အအုံနေရာများ  စီမံဆောင်ရွက် ရာတွင်       များစွာအထောက်အကူပြုနိုင်မည်ဖြစ် ပါသည်။
လူဦးရေအသွင်ပြောင်းလဲမှု
သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံတွင်း ရှိ လူဦးရေ၏ အသွင်ပြောင်းလဲမှုကို သိရှိလာနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အရေးကြီးသောလူဦးရေ အသွင်ပြောင်းလဲမှုပုံစံများ ရှိနေကြောင်းကို ယခင် ကောက်ယူခဲ့သည့်     သန်းခေါင်စာရင်းများအရ သိရှိရပါသည်။ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်း    အချက်အလက်များအရ     မြန်မာနိုင်ငံ၏ လူဦးရေသည်  လူငယ်များစွာ   ပါဝင်သည့်အတွက် လူဦးရေသည် ပိရမစ်ပုံစံအောက်ခြေကားသည့် ပုံစံ အဖြစ် တွေ့ရှိရပြီး ၂ဝ၁၄ ခုနှစ် လူဦးရေပိရမစ်သည် အိုးပုံစံဖြစ်သဖြင့် နှစ် ၄ဝ ကာလအတွင်း မြန်မာနိုင်ငံ ၏ လူဦးရေ ဖွဲ့စည်းမှုပုံစံ သိသာစွာပြောင်းလဲခဲ့သည် ကို သန်းခေါင်စာရင်းအချက်အလက်များအရ သိရှိခဲ့ ရပါသည်။     လူဦးရေပိရမစ်အရ     မြန်မာနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေခြင်း၊ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား    လူဦးရေများပြားနေခြင်း ကြောင့် လူဦးရေဆုလာဘ်ကို ရရှိနေကြောင်း သိရှိရ ပါသည်။ အလုပ်လုပ်နိုင်သောဦးရေ များပြားနေခြင်း သည်    နိုင်ငံအတွက်    အလားအလာကောင်းများ ဖြစ်ပေါ်နေသည်ဟု   ဆိုရမည်ဖြစ်ပြီး  ယင်းအကျိုး ကျေးဇူးမှာ နောင်နှစ်ပေါင်း ၂ဝ ခန့်အထိ ဆက်လက် အကျိုးခံစားရမည်ဟု      လေ့လာသိရှိရပါသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့်     ရရှိသော အချက်အလက်များကြောင့် နိုင်ငံတွင်း သက်ကြီး  ရွယ်အိုများပြားလာပြီး    သက်ကြီးရွယ်အို    စောင့် ရှောက်မှုလုပ်ငန်းများကို အလေးထားလုပ်ဆောင် ခြင်း၊ အလုပ်လုပ်နိုင်သည့်လူငယ်များ တိုးပွားစေရန် မွေးဖွားမှုနှုန်း မြင့်တက်အောင် ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတော်မှ   မူဝါဒများ၊    စီမံကိန်းများဖြင့်    ချမှတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှု
သန်းခေါင်စာရင်းကောက်ယူခြင်းသည် အမျိုး သားရေး    လှုပ်ရှားမှုကြီးဖြစ်သဖြင့်     နိုင်ငံတော် အတွင်း   မှီတင်းနေထိုင်ကြသော  ပြည်သူအားလုံး  
ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ    မှန်ကန်သည့် အချက်အလက်များရရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် မိမိတို့ဆီသို့ စာရင်းကောက်များ မေးမြန်းသည့် မေးခွန်းများကို မှန်မှန်ကန်ကန်   ဖြေဆိုပေးရန်  လိုအပ်ပါသည်။ လူတစ်ယောက်သည် သန်းခေါင်စာရင်း ကောက်ယူ သည့်    ညသန်းခေါင်တွင်   ရှိနေသည့်နေရာတွင် စာရင်းဝင်မည်ဖြစ်သဖြင့်     သန်းခေါင်စာရင်း ကောက်ယူချိန်တွင်   မိမိသည်   ဇာတိ/နေထိုင်ရာ မြို့ရွာတွင်မရှိဘဲ အခြားမြို့ရွာသို့ ရောက်ရှိနေပါက ရောက်ရှိနေသည့်မြို့ရွာတွင် လာရောက်ကောက်ယူ သည့်    စာရင်းကောက်၏မေးမြန်းမှုကို     ဖြေဆို ပေးရမည်ဖြစ်ပါသည်။     မိမိဇာတိ / နေထိုင်ရာ အရပ်ရှိ    မိသားစုများကလည်း   သန်းခေါင်စာရင်း လာရောက်ကောက်ယူချိန်တွင် နေအိမ်တွင်မရှိသည့် အိမ်သားများအတွက်   ဖြေဆိုပေးရန်   မလိုအပ်ဘဲ  နေအိမ်တွင်  ရှိနေသည့်လူများ၏   အချက်အလက် များကိုသာ      မှန်ကန်စွာ    ဖြေဆိုပေးရမည်ဖြစ် ပါသည်။
သန်းခေါင်စာရင်းကောက်ယူချိန်တွင်   စာရင်း ကောက်များသည် မေးခွန်း ၄၀ ခန့်ကို မေးမြန်းလေ့ ရှိပါသည်။ ထိုသို့မေးမြန်းရာတွင် တစ်ဦးချင်းစီ၏ ဖြေဆိုမှုများအပေါ် မူတည်၍ ထပ်ဆင့်မေးခွန်းများ မေးမြန်းခြင်းကို ဆောင်ရွက်ရသဖြင့် တချို့သူများ မှာ    မေးခွန်းအားလုံးနီးပါး    ဖြေဆိုရသော်လည်း တချို့သူများမှာမူ   မေးခွန်းလျော့နည်းသွားတတ် သဖြင့်  မေးခွန်းအနည်း/အများ ကွာခြားတတ်သည် ကို ပြည်သူများသိရှိနားလည်ရန် လိုအပ်မည်ဖြစ် ပါသည်။  ထို့ပြင်  မသန်စွမ်းသူများရှိပါကလည်း မှန်ကန်သည့်အချက်အလက်များကို ဖြေဆိုပေးရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ မသန်စွမ်းသူများ အတွက် ကူညီစောင့်ရှောက်နိုင်မည့် လူမှုရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ထို့အတူ သေဆုံးသူများရှိ/မရှိ မေးမြန်း ရခြင်းသည် အိမ်ထောင်စုတစ်ခုချင်း၏ သေဆုံးမှုကို သိခြင်းဖြင့်   ဒေသအသီးသီးနှင့်   တစ်နိုင်ငံလုံးတွင် သေဆုံးမှုနှုန်းမည်မျှရှိသည်ကို သိရှိပြီး မွေးဖွားမှုနှုန်း နှင့် သေဆုံးမှုနှုန်းကို နှိုင်းယှဉ်တွက်ချက်ကာ လူဦးရေ ပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုကို သိရှိနိုင်မည် ဖြစ်ပါသည်။
အနှစ်သာရအားဖြင့် လူဦးရေနှင့်အိမ်အကြောင်း အရာ  သန်းခေါင်စာရင်းသည်   အမျိုးသားအဆင့် စာရင်းအင်းစနစ်တစ်ခု       ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါသည်။ သန်းခေါင် စာရင်းသည် ပြောင်းလဲလာသော လူဦးရေနှင့်အချက် အလက်များ ရရှိမှုအပေါ်မူတည်၍ အစိုးရမှ မတူ ကွဲပြားသောလူဦးရေ၏ သီးခြားလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့်အပြင် လိုအပ်ချက် များနှင့်ကိုက်ညီသည့် စီမံကိန်းများကို ကျေးလက် ဒေသမှသည်   မြို့နယ်၊  ပြည်နယ်/တိုင်းဒေသကြီး အထိ အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းစဉ်တွင်      ပြည်သူတစ်ဦးချင်းစီ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုသည်  မိမိတို့နိုင်ငံ၏ စစ်မှန်သော လူဦးရေနှင့်အိမ်အကြောင်းအရာများ ကိုရရှိပြီး ယုံကြည်စိတ်ချရသောအချက်အလက်များ ကိုဖန်တီးရန်   အထောက်အကူဖြစ်စေပါသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းတွင် ပြည်သူများ ၏      ပူးပေါင်းပါဝင်မှုသည်     ပြည်သူတစ်ဦး၏ အမျိုးသားရေးတာဝန်အဖြစ်သာမက      နိုင်ငံ၏ အနာဂတ်ကိုပုံဖော်မည့် အခြေခံအုတ်မြစ်ဖြစ်သဖြင့် “ပြည်သူအားလုံးပါဝင်လို့       သန်းခေါင်စာရင်း ကောက်ကြပါစို့”ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။         ။