ငွေရောင်အဆင်း ပလိပ်အင်း . . .

Type
5

 

ကိုရွှေမန်း (မန္တလေး)

မြို့ပုဂံ ရွာပလိပ်
ပလိပ်မြို့ (ပလိပ်ရွာ) သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်  စဉ့်ကိုင်မြို့နယ်အတွင်း တည်ရှိ ပြီး မန္တလေးမြို့၏   တောင်ဘက်  ၁၄  မိုင်အကွာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတွင် တည်ရှိပါသည်။
“မြို့ပုဂံ ရွာပလိပ်” ဟူသည့် စာချိုးမှာ   စေတီ ပုထိုးပေါများသည်ကို ညွှန်းဆိုသည့် စာချိုးဖြစ်ပါ သည်။  မြို့များတွင် ပုဂံမြို့သည် ဘုရားပုထိုးစေတီ အများဆုံးဖြစ်ကြောင်း၊ ရွာများတွင် ပလိပ်ရွာသည် ဘုရားပုထိုးစေတီအများဆုံးဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရား ပေါင်း၊ သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း”  စသည့် စာချိုးများကဲ့သို့  “ငြိမ်းချမ်းမြေရွှေပလိပ်” ဟူ၍လည်း ပလိပ်တွင်ရှိသော ဘုရားစေတီ အရေ အတွက်  ၃၂၅ ဆူရှိသည်ကို မှတ်သားကြပါသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၏   မှတ်တမ်းအရ   ပလိပ်ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင်  ဘုရားပုထိုးစေတီပေါင်း  ၃၂၅  ဆူရှိကြောင်းကိုလည်း သိရှိရပါသည်။ အမျိုး အစားအားဖြင့် ဂူဘုရားများ၊ မြေပေါက်စေတီများ၊ အင်္ဂတေဆင်းတုတော်များ ဖြစ်ကြပြီး ခေတ်အားဖြင့် အင်းဝခေတ်၊ အမရပူရခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် ဘုရားစေတီများဖြစ်ပါသည်။
 ပလိပ်ဟူသောဝေါဟာရ
ပလိပ်ဟူသည် ပုဂံခေတ်အနော်ရထာမင်း၏ မိဖုရားတစ်ပါးဖြစ်သော   စောမွန်လှမိဖုရားအား နားတောင်းအဖြစ်    ပေလိပ်ကိုလိပ်၍   ပေလိပ် နားတောင်းဆက်သသည်ကို  အစွဲပြု၍  ပေလိပ်ရွာဟု  အမည်တွင်ခဲ့ပြီး ကာလကြာသောအခါ ပေလိပ်ရွာမှ ပလိပ်ရွာဟု ပြောင်းလဲလာကြောင်း ယုံကြည်ခဲ့ကြ သည်။    နောက်အဆိုတစ်ခုမှာ   မိဖုရားစောမွန်လှ မင်းပြစ်မင်းဒဏ်သင့်၍  ရှမ်းပြည်နယ်သို့ အပြန်ခရီး တွင် ဒုဋ္ဌဝတီမြစ်အတွင်း   ကြီးမားသောငါးကြီးများကို မြင်တွေ့သဖြင့်  (ရှမ်းဘာသာစကားဖြင့်  ပါနော ပါနော)  မြန်မာဘာသာစကားဖြင့်   ငါးကြီးတွေ ငါးကြီးတွေဟု ပြောဆိုသည်ကို အစွဲပြု၍ ထိုနေရာ အား  ဘနောရွာဟုခေါ်ကြောင်း၊ မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် မြစ်ကမ်းစပ်တွင် ငါးလေးများကို မြင်တွေ့သဖြင့်   (ရှမ်းဘာသာစကားဖြင့် - ပါလိစ် ပါလိစ်) မြန်မာဘာသာဖြင့် ငါးလေးတွေ ငါးလေး တွေဟု ပြောဆိုခဲ့သဖြင့်  ပါလိစ်မှ ပလိပ်ဖြစ်လာ ကြောင်း ဆိုသည်။
ထို့အပြင်   ပလိပ်ဒေသသို့   ရှမ်းပြည်နယ်မှ  ငါးဆားနယ်များ   လာရောက်ဝယ်ယူကြောင်းကို ပါလိစ်သွားမည်ဟု   ရှမ်းဘာသာဖြင့်  ပြောဆိုကြ သဖြင့်  ပါလိစ်မှ ပလိပ်ဖြစ်လာသည်ဟု  ထင်မြင် ယူဆချက်များရှိနေပါသည်။   လက်ရှိအခြေအနေတွင် လည်း     ပလိပ်ဒေသသည်     ဒုဋ္ဌဝတီမြစ်ရေနှင့် ဧရာဝတီမြစ်ရေ    ပေါင်းဆုံရေလွှမ်းလေ့ရှိသည့် ဝါဆိုဝါခေါင်လများတွင် ရေပြင်ချင်းဆက်နေသည့် အင်းရေပြင်များဖြစ်၍ သားငါးပုစွန်ပေါများရာအရပ် ဖြစ်ပါသည်။ သမိုင်းအထောက်အထား မှတ်တမ်း များအရ ပလိပ်သည် ပုဂံခေတ်မှစ၍ တည်ရှိစည်ကား နေပြီဖြစ်ကြောင်း သိရသည်။
အင်းအိုင်၊ ချောင်းမြောင်းများကို စစ်ရေးအမြင် ဖြင့်  အကာအကွယ်ပြု၍   တည်ဆောက်ထားကြ သည့် မင်းနေပြည်များဖြစ်သော အင်းဝမင်းနေပြည်၊ အမရပူရမင်းနေပြည်၊ ရတနာပုံမန္တလေးမင်းနေပြည် များနှင့် ဆက်စပ်နေပြီး ကုန်သွယ်ရေးလမ်းကြောင်း ပေါ်တွင်   ကျရောက်နေသဖြင့်  ပလိပ်ဒေသသည် ရှမ်းပြည်နယ်ထွက်ကုန်များနှင့် မြေပြန့်ထွက်ကုန် များ   အပြန်အလှန်   ရောင်းဝယ်ဖောက်ကားရာ ဒေသဖြစ်သည်ဟုဆိုနိုင်ပါသည်။   ပဒေသရာဇ်ခေတ် မင်းနေပြည်များနှင့် ကိုလိုနီခေတ် မန္တလေးဒေသသို့ ရှမ်းပြည်ဒေသထွက် လက်ဖက်စို၊ လက်ဖက်ခြောက် များ ရောင်းဝယ်ခြင်းလုပ်ငန်းသည် ကြီးမားသည့် လုပ်ငန်းဖြစ်ပြီး ရှမ်းပြည်သို့အပြန်ခရီးတွင် မန္တလေး ဒေသမှ ဆား၊ ငါးခြောက်၊ ဆေး၊ အထည်အလိပ်၊ ဆီ၊   ဆေးဝါးနှင့်   စည်သွတ်ဘူးများ ဝယ်ယူလေ့ ရှိကြောင်း တွေ့ရသည်။
 ရတနာလာဘမုနိဘုရား
ပလိပ်အင်းစောင်း ကုန်းမို့မို့ရှိ ရတနာလာဘမုနိ မြွေဘုရားသည် အထူးထင်ရှားသော ဘုရားတစ်ဆူ ဖြစ်ပါသည်။ လာဘမုနိဘုရားကုန်းကို ရှေးဟောင်း ယဉ်ကျေးမှုဌာနမှ ယဉ်ကျေးမှုဇုန်နယ်မြေ အမှတ်(၂) အဖြစ် သတ်မှတ်ထားပါသည်။ ပုဂံအလောင်းစည်သူ မင်းသည် သက္ကရာဇ် (၄၇၄) ခုနှစ်တွင် ဖောင်စကြာ ရေယာဉ်ဖြင့် ပလိပ်ရွာသို့ရောက်ရှိစဉ်  ဘုရားနှစ်ဆူ တည်ရာတွင်  ရှင်ဘုရင်ကိုယ်တော်တိုင်  ကူညီ၍ ကုသိုလ်ယူပါဝင်ကာ တည်ထားသည်ကို အကြောင်း ပြု၍   ရှင်ဘုရင်ကူတုပ်ဘုရားနှင့်   ရှင်ဘုရင် ကူရ ဘုရားဟူ၍ ဘွဲ့တော်ရှိခဲ့ပြီး နောင်တွင် ရှင်ပင်ဂူတုပ် နှင့်  ရှင်ပင်ဂူလှဘုရားဟု  ပြောင်းလဲသွားကြောင်း အဆိုရှိသည်။
ရှမ်းပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြ သည့် ရှမ်းမောင်နှမ သုံးဦးသည် အလောင်းစည်သူ မင်းထံ     ဝင်ရောက်ခိုလှုံလာပြီး   စေတီတစ်ဆူနှင့် ရုပ်ပွားတော်တစ်ဆူ တည်ထားပူဇော်ခွင့် တောင်းခံ ရရှိခဲ့ရာ အဆိုပါစေတီနှင့်ရုပ်ပွားတော်မှာ ရတနာ လာဘမုနိမြွေဘုရားဖြစ်ကြောင်း မြွေဘုရားသမိုင်း တွင်    ဖော်ပြထားပါသည်။    ရတနာလာဘမုနိ မြွေဘုရားစုတွင် ဘုရားစေတီပေါင်း  ၂၇  ဆူရှိသည် ဟု သိရပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေ(၂)အဖြစ် ပလိပ်အင်းစောင်းကုန်းမို့မို့တွင် ကြည်ညို ဖွယ်  ဖူးတွေ့နိုင်ပါသည်။  ရှင်ပင်ဂူတုပ်ဘုရားတွင် ပုဂံခေတ်လက်ရာအကြွင်းဟန်များ တွေ့နိုင်ပါသေး သည်။
ပလိပ်အင်း
အင်းအဖြစ်       စတင်သတ်မှတ်သည့်ခုနှစ်ကို အတိအကျမသိရသေးသော်လည်း    အင်းမြေပုံ အထောက်အထားအရ ၁၉၅၉ ခုနှစ်တွင် လေလံ တင်    ရောင်းချနေပြီဖြစ်ကြောင်း     တွေ့ရသည်။ ၁၉၈၉ - ၁၉၉၀ ခုနှစ်တွင်  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနသို့ လေလံအင်း အဖြစ် လွှဲပြောင်းပေးခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ လည်း   လေလံအင်းအဖြစ်   သတ်မှတ်ရောင်းချခဲ့ ကြောင်း မှတ်တမ်းများ တွေ့ရသည်။
 ၁၉၆၃ ခုနှစ်ခန့်ဟု ခန့်မှန်းရသည့် စဉ့်ကိုင်မြို့ ပိုင်၏ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အင်းများ၏ ရာဇဝင် အကျဉ်းချုပ်တွင်  ပလိပ်အင်းသည်  ၇၅၉ ဧက ရှိကြောင်း၊ ပလိပ်နှင့် မြောက်ကိုင်းကျေးရွာကြား တွင်   တည်ရှိပြီး   မြစ်ငယ်မြစ်ရေ တိုးသည့်အခါ အင်းအတွင်းသို့  ရေ  ၁၅  ပေအထိ  သွင်းထား၍ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မလိုအပ်သောရေ များကို ဖွင့်ထုတ်ရသောအင်းဖြစ်ကြောင်း ဖော်ပြ ထားသည်ကို တွေ့ရသည်။
ဌာနဆိုင်ရာ မှတ်တမ်းများအရ ပလိပ်အင်းသည် ကွင်းအမှတ်  ၁၆၊  ၁၇၊ ၁၈ ၊  ၁၉  တွင်  တည်ရှိ သည်။   ပလိပ်ကျေးရွာနှင့် မြောက်ကိုင်းကျေးရွာကြား တွင် တည်ရှိပြီး စိတ္တရရွာ၊ ရွာသစ်ရွာ၊ တံတားဦးရွာ နှင့် ရန်ကုန်-မန္တလေးမီးရထားလမ်းနှင့် ထိစပ်လျက် ရှိပါသည်။ အင်းအတွင်း လုပ်ကိုင်နေသော တောင်သူ များနှင့် ဖွဲ့စည်းထားသောရေကော်မတီနှင့် ရေသွင်း/ရေထုတ် ပြုလုပ်ရသောအင်းဖြစ်ကြောင်း ဖော်ပြ ထားပါသည်။
ပလိပ်အင်းတွင် ထူးခြားသော ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်းကို လက်ထောက်မြို့နယ် အရာရှိ စဉ့်ကိုင်မြို့၏         ကျောက်ဆည်ခရိုင်ဝန်မင်းထံ တင်ပြသည့် အစီရင်ခံစာအရ သိရှိရသည်။ ဖြစ်စဉ် အကျဉ်းမှာ အင်းအတွင်းရှိ ရေကို အထုတ်အသွင်း ပြုခြင်းနှင့် ပတ်သက်၍ အင်းသူကြီးနှင့် လယ်သမား များ စကားများကြသဖြင့် သုံးနှစ်ခန့် လေလံရောင်းချ ခြင်းကို ရပ်ဆိုင်းထားခဲ့ပါသည်။  လေလံရပ်ဆိုင်း ထားသည့် ကာလအတွင်း အနိမ့်ပိုင်းလယ်သမားများ က ရေထုတ်ပစ်ခြင်း၊ အမြင့်ပိုင်းလယ်သမားများ က   ရေပိတ်ထားခြင်းကို   လိုသလိုပြုလုပ်ခဲ့ကြပါ သည်။
အင်းအတွင်းရှိ  ငါးများကို  ဖမ်းဆီးခြင်းသည် သီးနှံစိုက်ပျိုးသည်ထက်     ဝင်ငွေပိုမိုရရှိသဖြင့် စိုက်ပျိုးထားသောသီးနှံများကို ဂရုမထားတော့ဘဲ ငါးဖမ်းဆီးခြင်းကိုသာ     ဆောင်ရွက်ကြသဖြင့် အချင်းချင်း မညီမညွတ် ဖြစ်ပွားလာသောကြောင့် တောင်သူများက      အင်းလေလံရောင်းချရန် သဘောတူခဲ့သောဖြစ်စဉ်      ပေါ်ပေါက်ခဲ့ပါသည်။ ရေကော်မတီလူကြီးအချို့သည်   အင်းသူကြီးနှင့် နားလည်မှုယူပြီး ရေတံခါးကို ခြယ်လှယ်ခြင်းကြောင့် လယ်သမားနှင့်   အင်းသူကြီး  အငြင်းပွားမှုဖြစ်ခဲ့ရ ခြင်းဖြစ်ပါသည်။ အစီရင်ခံစာတွင်ပလိပ်အင်းသည်   (၁)   လေလံတင်ရောင်းချမှုကောင်းသည့်    အင်း ဖြစ်ခြင်း၊ (၂) အစိုးရဘဏ္ဍာတော်ငွေရရှိစေရေးတို့အတွက် စည်းကမ်းသတ်မှတ် ရောင်းချသင့်ကြောင်း တင်ပြခြင်းကြောင့် လေလံအင်းဘဝသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။
အင်းခွန်ငွေ၊  မှတ်တမ်းအရ    ၁၉၆၂-၁၉၆၃ ခုနှစ် - ၁၁၀၀ဝိ ကျပ်/၁၉၆၄ခုနှစ်-၁၄၂၀၀ဝိ ကျပ်။ ၁၉၆၅- ၁၉၆၆ ခုနှစ်အထိ လေလံရပ်ဆိုင်းထားခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ပြန်လည်၍ လေလံရောင်းချနိုင် ခဲ့ရာ ရငွေမှာ ၁၂၄၀၀ဝိကျပ်/ဖြစ်ကြောင်း  တွေ့ရ သည်။
ပလိပ်အင်းသည်          ငါးထုတ်လုပ်မှုမြင့်မားပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင် မြို့နယ် ပလိပ်မြို့တွင်ရှိသော အပူပိုင်းဇုန်ဒေသ (Central Dry zone) အတွင်းရှိ ကုန်းတွင်း အင်း တစ်အင်း ဖြစ်သည့်အပြင် ရေတိမ်ဒေသ(Wet Land) တစ်ခုဖြစ်ပါသည်။ ဆောင်းခိုငှက်များ ရာသီအလိုက် ပျော်ပါးလာရောက်လေ့ရှိရာဒေသ၊ သဘာဝအပြင် လူ၊  တိရစ္ဆာန်နှင့်  ရေမြေ အပြန်အလှန် အမှီသဟဲ ပြုရာ     ဂေဟဗေဒစနစ်ကောင်းတစ်ခုဖြစ်သည့် အပြင် ရေချိုအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါသည်။
 ပုလိပ်အင်းသည် မန္တလေးအမရပူရမြို့နယ်ရှိ တောင်သမန်အင်းကဲ့သို့ပင် နွေရာသီအလှ၊ မိုးရာသီ အလှ၊ ဆောင်းရာသီအလှဟူသော အလှသုံးမျိုးနှင့် ပြည့်စုံသည့်   သုံးပန်လှ  အင်းတစ်အင်းလည်းဖြစ် သည်။   မိုးရာသီအလှတွင်   ရန်ကုန် - မန္တလေး ကားလမ်းမနှင့်      ကားလမ်းပေါ်မှ   ရှုခင်းသည် ရေဖွေးဖွေးလှုပ်ရေပြင်ကျယ်ကြီးနှင့် စိမ်းညို့ညို့ တောတန်းနှင့်       စစ်ကိုင်းတောင်ရှုခင်းအလှကို လည်းကောင်း၊    ဆောင်းရာသီအလှတွင်   ဆောင်း သီးနှံစိုက်ခင်းများနှင့်    ဆောင်းခိုရေနေငှက်မျိုးစုံ အလှကို လည်းကောင်း၊ နွေရာသီတွင် ရိတ်သိမ်းဆဲ သီးနှံစိုက်ခင်းများနှင့်   နွေစပါးစိုက်ခင်းအလှများ ကိုလည်းကောင်း ရှုမြင်ခံစားရမည်ဖြစ်သည်။
 (ဆက်လက်ဖော်ပြပါမည်)