
ကိုရွှေမန်း (မန္တလေး)
(ယမန်နေ့မှ အဆက်)
ပလိပ်အင်းအတွင်း တိုင်းရင်းငါးမျိုးစိတ်များ အနေဖြင့် ငါးပြက်၊ ငါးခုံးမတုတ်၊ ငါးစင်ရိုင်း၊ ငါးခုံးမ ဘူးစေ့၊ ငါးမြွေနီ၊ ငါးမြွေနဂါး၊ ငါးစင်စပ်၊ ငါးဖန်းမ၊ ပုစွန်စိတ်မျိုးစိတ်များ၊ မွေးမြူရေးငါးများအနေဖြင့် ငါးအုံတုံ၊ ငါးမြစ်ချင်း၊ မြက်စားငါးကြင်း၊ ထိုင်းငါးခုံးမ ကြီး၊ ရွှေဝါငါးကြင်းတို့ကို ထည့်သွင်းမွေးမြူ အောင်မြင်ကြောင်း တွေ့ရသည်။
အင်းအတွင်းပေါက်ရောက်သည့် အပင်အမျိုး အစားများမှာ ကြာလင်ပန်းများ ပေါများစွာ ပေါက်ရောက်ပြီး ရေမှော်၊ ကနဖော့၊ ဟင်းချန်၊ ရေကန်စွန်းတို့ဖြစ်သည်။
ရေနေကျေးငှက်မျိုးစိတ်များတွင် ဌာနေ ငှက်မျိုးစိတ်ဖြစ်သော ရောင်စုံစနိုက်ငှက်များနှင့် ရေကြက်မျိုးစိတ်များ ဥဥသားပေါက်ရာ အင်း တစ်အင်းဖြစ်ပါသည်။ ရေနေငှက် ၃၇ မျိုး၊ အခြား ငှက် ခုနစ်မျိုး ကျက်စားနေထိုင်ကြောင်း သိရသည်။ ရေနေငှက် ၃၇ မျိုးတွင် စစ်စလီခေါ် ရေဝမ်းဘဲ၊ မောက်တင်၊ ကလကတ်၊ တောငန်း၊ ဟင်္သာ၊ တောဝမ်း ဘဲ၊ ဘဲရစ်၊ ဘဲအ၊ ရှိုဗယ်လာဘဲ၊ ဘဲခေါင်းစိမ်း၊ တစီးမှုတ်၊ ခရုတုတ်၊ ခရုစုတ်၊ ခရုစုတ်ခေါင်းမည်း၊ ဥပန်း၊ တင်ကျီး၊ ငဟစ်မွဲ၊ ငဟစ်၊ ဗျိုင်း၊ ဗျိုင်းအောက် တို့ရှိကြောင်း မှတ်တမ်းများအရ သိရှိရသည်။
ဌာနေဗျိုင်းအမျိုးမျိုး၊ တင်ကြီးငှက်နှင့် စစ်စလီ ခေါ် ရေဝမ်းဘဲများကိုလည်း ရာသီမရွေး တွေ့ရှိရ မည်ဖြစ်ပါသည်။ ဤသို့ နေထိုင်ကျက်စားနိုင်ခြင်းမှာ ပလိပ်အင်းသည် ရေနေငှက်များ အသက်ရှင်သန်နိုင် ရေးအတွက် လိုအပ်သော အစားအစာအမျိုးမျိုး ပေါများစွာ တည်ရှိနေခြင်းကြောင့်ဖြစ်ပါသည်။
ပလိပ်အင်းသည် ရာသီအလိုက် ပြောင်းရွှေ့ သည့် ငှက်များအတွက် စားကျက်ကောင်းတစ်ခု ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်း ဆောင်းခိုငှက်များ ပျံသန်းသည့် လမ်းကြောင်း ကိုးကြောင်းရှိရာ မြန်မာ နိုင်ငံသို့ Central Asian Flyway - CAF နှင့် East Asian Australasian Flyway –EAAF လမ်းကြောင်း နှစ်သွယ်ဖြင့် ရောက်ရှိကျက်စားကြောင်း သိရပါသည်။
ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသည့် ငှက်များသည် ဆောင်းရာသီအေးခဲသည့် ကမ္ဘာ့ မြောက်ပိုင်းဒေသများတွင် မေလမှ ဩဂုတ်လအထိ ဥဥသားပေါက်ခြင်း၊ ပူနွေးသော ကမ္ဘာ့တောင်ပိုင်း ဒေသ ရေတိမ်ဒေသများတွင် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ ကျက်စားခြင်း၊ မူလသားပေါက် ရာ မြောက်ပိုင်းဒေသသို့ မတ်လမှ မေလအတွင်း ပျံသန်းခြင်းတို့ကို ပြုလုပ်၍ ရှင်သန်နေထိုင်ကြရ ပါသည်။
ပလိပ်အင်းအတွင်းမှ တောငန်းအုပ်စု
ဆောင်းခိုငှက်များ၏ ဘဝရပ်တည်ရှင်သန်နိုင် ရေးမှာ အလွန်ခက်ခဲကြမ်းတမ်းပြီး ဘေးအန္တရာယ် များသော ခရီးရှည်ကြီးများကို ဖြတ်သန်းကျော်လွှား ကြရပါသည်။ ဆောင်းခိုငှက်အမျိုးအစားများတွင် ရှားပါးမျိုးစိတ်ဖြစ်သော ပို့ချပ်ခေါင်းစိမ်းရေဘဲ မျိုးစိတ်နှင့် ရေဘဲအမျိုးမျိုး၊ ရေငုံးအမျိုးမျိုး၊ မြီးညှောင့်ငှက်အမျိုးမျိုးတို့ဖြစ်ပြီး မျိုးစိတ် ၁၈၈ မျိုး ခန့်သည် အောက်တိုဘာလလယ်ခန့်တွင် ရောက်ရှိ ပြီး ဧပြီ၊ မေလများတွင် ၎င်းတို့ ဥဥသားပေါက်ရာ မြောက်ပိုင်းဒေသများသို့ ပျံသန်းကြပါသည်။ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှားနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဆောင်းခိုကျက်စားသည့် ရေငှက်မျိုးစိတ် ၁၈၈ မျိုး ရှိပြီး နှစ်စဉ်ကောင်ရေသန်းချီ၍ မြန်မာ့ရေတိမ်ဒေသ များတွင် ရောက်ရှိဆောင်းခို ကျက်စားလေ့ရှိပါသည်။
ယခုနှစ်သည် ပလိပ်အင်းအတွင်း ရေဝင်ကောင်း သဖြင့် ငါးပုစွန်ပေါများမည်ဖြစ်ကြောင်း ဆိုက်ဘေး ရီးယားဘဲနှင့် ဆောင်းခိုငှက်များရောက်ရှိနိုင်မည် ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း အမရပူရမြို့ရှိ တောင်သမန်အင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အင်းနှင့် စွန်ရဲအင်း၊ တံတားဦးမြို့နယ်ရှိ ပြူကန်အင်းတို့သည် ဌာနေ ရေနေငှက်မျိုးစိတ်များနှင့် ဆောင်းခိုရေနေငှက်မျိုး စိတ်များအတွက် အရေးပါပြီး တန်ဖိုးကြီးသည့် ရေဝပ်ဧရိယာများ ဖြစ်ကြပါသည်။
ပလိပ်အင်းရှိ ငါးဖမ်းကိရိယာများ
ပလိပ်အင်းအတွင်း သတ်မှတ်ငါးဖမ်းကိရိယာ များမှာ မြင်းဝန်းဆည်တစ်ခု၊ အင်းအတွင်းရှိ ငါးဖမ်း ကွက်တွင် ဝမ်းပူပိုက်လက်လံ ၂၅ လံတစ်လက်၊ လက်ပစ်ကွန် အလက် ၂၀ ဖြစ်ကြောင်း တွေ့ရှိရသည်။ ပလိပ်အင်းသည် နှစ်ရှည်အငှားဂရန်ချထားသော (ကြေးတိုင်)အင်းဖြစ်ပါသည်။ သို့ဖြစ်ရာ နှစ်ရှည် အငှားဂရန်(ကြေးတိုင်ချထားခြင်း)အကြောင်းကို တင်ပြလိုပါသည်။
နှစ်ရှည်အငှားဂရန်(ကြေးတိုင်ချထားခြင်း)
အင်းအိုင်ရေချိုငါး ထုတ်လုပ်မှုလုပ်ငန်းများ သည် ဗြိတိသျှခေတ်အင်းအိုင်ဥပဒေများ စတင် သည်မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ သို့ဖြစ်ရာ မူလအင်းပေါင်း ၄၀၀၆ အင်းမှ ၁၉၈၉-၁၉၉၀ ခုနှစ်တွင် အင်းပေါင်း ၃၄၆၇ အင်းသာ ငါးလုပ်ငန်းလုပ်ကိုင်နိုင်တော့ သည်ကို တွေ့ရသည်။ အင်းများလျော့နည်းရခြင်း တွင် စစ်ဘေးစစ်ဒဏ်ဖြစ်ပွားခြင်း၊ ရေလမ်းကြောင်း များ ပြောင်းလဲသွားခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ အညစ်အကြေးများစွန့်ပစ်ခြင်း၊ ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ မြို့ရွာများတိုးချဲ့ခြင်း၊ ဒေသရင်းမဟုတ်သည့် ငါးမျိုးစိတ်များ တိုးပွားလာ ခြင်းတို့ကြောင့် ဖြစ်ပါသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားတည်ဆောက်ရေး လက်ထက်မှစတင်၍ ပျက်စီးတိမ်ကောနေသည့် အင်းများကိုပြုပြင်ရန်၊ အင်းငါးအထွက်တိုးတက် စေရန်၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခ များရရှိစေရန် အင်းလုပ်ငန်းများ လုပ်ပိုင်ခွင့်ချထား ခြင်းစနစ်နှင့် ထုတ်လုပ်မှုစနစ်များကို ပြောင်းလဲ ကျင့်သုံးစေခဲ့ကြောင်း တွေ့ရှိရပါသည်။
ပထမစနစ်မှာ အင်းများကို လုပ်ပိုင်ခွင့်ချထား ရေးစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။ ယခင်ခေတ် စီးပွားရေးမူဝါဒများအရ အင်းများအား အဖွဲ့အစည်းများသို့ ဦးစားပေး ရောင်းချခဲ့ရကြောင်း တွေ့ရပါသည်။ ၁၉၈၈ ခုနှစ် တွင် ကျင်းပပြုလုပ်ခဲ့သည့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီအသီးသီးမှ အင်းလုပ်ငန်းနှင့်ပတ်သက်၍ သုံးသပ်တင်ပြချက် များတွင် ဧရာဝတီတိုင်းပြည်သူ့ကောင်စီ၏ တင်ပြ ချက်များနှင့် ပဲခူးတိုင်းပြည်သူ့ကောင်စီ၏ တင်ပြ ချက်များအရ အင်းပြုပြင်ထိန်းသိမ်းရေးနှင့် ငါးအထွက်နှုန်းတိုးရေးတို့အတွက် အရေးကြီးသော တင်ပြချက်များဖြစ်သဖြင့် အင်းများကို လေလံ ရောင်းချရာတွင် ဦးစားပေးအဆင့်မထားဘဲ ရောင်းချသည့်စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါ သည်။ နိုင်ငံတော်အစိုးရသည် အားနည်းချက်များကို ပြုပြင်ပေးခဲ့ပြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြဋ္ဌာန်း နိုင်ခဲ့ပါသည်။
ဒုတိယပြောင်းလဲခဲ့သည့်စနစ်မှာ နှစ်ရှည်အငှား ဂရန်လုပ်ပိုင်ခွင့်ပြုခြင်းဖြစ်ပါသည်။ ရှေးက တစ်နှစ် သာ လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းသည် တစ်နှစ်အတွင်းရသမျှ ငါးသေးငါးငယ်များမကျန်အောင် ရေပက်၍ ဖမ်းယူ ခြင်းများကြောင့် ငါးမျိုးပြုန်းတီးစေပြီး အင်းသဘာဝ အရည်အသွေးနှင့် ငါးနေငါးထိုင်တောများ၊ ငါး စားကျက်များကို ပျက်စီးစေခဲ့ပါသည်။
နှစ်ရှည်အငှားဂရန် ချထားပေးခြင်းအားဖြင့် လေလံရရှိသူသည် သုံးနှစ်လုပ်ပိုင်ခွင့်ရရှိပြီး အင်းလေလံကြေး၏ ၃၀ ရာခိုင်နှုန်းငွေကြေးဖြင့် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ပေးသည့် အင်းချောင်းများ ရေစီးရေလာကောင်းအောင် ပြင်ဆင်ခြင်းနှင့် အင်းမနှင့် ငါးနေငါးထိုင်တောများ ကို ပြုပြင်ရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်း ဖြင့် သဘာဝအင်းငါးများ အထွက်တိုးစေခဲ့ပါသည်။ အင်းသူကြီးများအနေဖြင့်လည်း နောင်နှစ်အင်းရာသီ အတွက် မျိုးငါးကြီးများချန်ခြင်း၊ အရွယ်သေးသည့် ငါးများကို အင်းအတွင်း ပြန်လွှတ်ခြင်းဖြင့် ရှင်သန် ပေါက်ပွားခွင့်ရရှိစေပြီး ငါးမျိုးသုဉ်းခြင်းကို ကာကွယ် နိုင်ခဲ့ပါသည်။
တတိယစနစ်မှာ နှစ်ရှည်အငှားဂရန်ရရှိသည့် အင်းအတွင်း မွေးမြူရေးငါးများဖြစ်သည့် ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ မြက်စားငါးကြင်း စသည်တို့ကို အင်းအတွင်း ထည့်သွင်းမွေးမြူစေ ခြင်းဖြင့် ငါးထုတ်လုပ်မှုမြင့်မားစေရန် ဆောင်ရွက် စေခဲ့ပါသည်။ ထိုစနစ်ကို ကျင့်သုံးနိုင်စေရန် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သမန်အင်း၊ တက်သေးအင်း၊ စဉ့်ကိုင်မြို့နယ် ရှိ စွန်ရဲအင်း၊ ပလိပ်အင်း၊ အင်းယားအင်းတို့ကို ငါးမျိုးစိုက်ထည့် မွေးမြူသည့်စနစ်ကို လက်တွေ့ ပြသနိုင်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်အောင်မြင်ခဲ့သည့်အတွက် အင်းငါးထုတ်လုပ်မှု တိုးတက်ခဲ့သည်သာမက၊ အင်း တန်ဖိုးအားဖြင့်လည်း အခွန်အခတွင် များစွာ တိုးတက်ရရှိခဲ့ကြောင်း မှတ်တမ်းများတွင် တိတိ ကျကျ ဖော်ပြနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။
ပလိပ်အင်းကို ငွေကျပ် သိန်း ၂၃၀ ဖြင့် ၂၀၂၃ ခုနှစ်မှ တစ်နှစ်လျှင် အင်းခွန်ငွေ တစ်ဆယ်ရာခိုင်နှုန်း တိုး၍ ၂၀၂၆ ခုနှစ်အထိ (ဈေးပြိုင်လေလံစနစ်ဖြင့်) နှစ်ရှည်အငှားဂရန်ချထားသောအင်းဖြစ်ပါသည်။ ဂရန်အင်းတစ်အင်းကို နှစ်ရှည်အငှားဂရန်ချထားပေးမည်ဆိုပါက အောက်ပါအချက်များကို အခြေခံ ၍ စိစစ်ရမည်ဖြစ်ပါသည် -
(က) ဂရန်အင်းကို ပျက်စီးတိမ်ကောခြင်းမှ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ခြင်း၊
( ခ ) လျှောက်ထားသည့်ဂရန်အင်း၏ လွန်ခဲ့ သော ငါးနှစ်က အင်းခွန်နှုန်းထားများ သည် တည်ငြိမ်မှုရှိခြင်း၊
( ဂ ) ငါးထုတ်လုပ်မှု တိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိခြင်း၊
ဖော်ပြပါသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဂရန် အင်းတစ်ခုခုအား နှစ်ရှည်အငှားဂရန်အဖြစ် သတ်မှတ်သင့်ကြောင်း သက်ဆိုင်ရာ မြို့နယ်ဦးစီး ဌာနမှူးက တင်ပြလျှင်ဖြစ်စေ၊ လက်ရှိ အငှားဂရန် ရရှိသူ အင်းသူကြီးက လျှောက်ထားလာလျှင်ဖြစ်စေ နှစ်ရှည်အငှားဂရန်ချထားခြင်းကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ဂရန်အင်းတစ်ခုခုကို နှစ်ရှည်အငှားဂရန် ချထားသည့်အခါ အောက်ပါစည်းကမ်းချက်များကို ပါ သတ်မှတ်ပေးရမည်ဖြစ်ပါသည် -
(က) အငှားဂရန်ချထားသည့်ကာလ၊
( ခ ) ဂရန်အင်းပြုပြင်ရမည့်နည်းစနစ်၊ ပြုပြင် ရမည့်အချိန်၊ ကာလ၊ နေရာနှင့်ငွေပမာဏ၊
( ဂ ) အငှားဂရန်ရရှိသူက နှစ်ရှည်အငှားဂရန် ကာလအတွင်း နှစ်စဉ်တိုးမြှင့်ပေးရမည့်
ဂရန်အင်း တန်ဖိုးငွေရာခိုင်နှုန်း
(ဃ) စည်းကမ်းချက်များ
ပလိပ်အင်းသည် ငါးထုတ်လုပ်မှုမြင့်မားပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင် မြို့နယ် ပလိပ်မြို့တွင်ရှိသော အပူပိုင်းဇုန်ဒေသ (Central Dry zone)အတွင်းရှိ ကုန်းတွင်းအင်း တစ်အင်းဖြစ်သည့်အပြင် ရေတိမ်ဒေသ (Wet Land) တစ်ခုဖြစ်ပါကြောင်း အထက်တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ပုလိပ်အင်းနှင့်အတူ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ တောင်သမန်အင်း၊ စဉ့်ကိုင်မြို့နယ်ရှိ စွန်ရဲအင်း၊ တံတားဦးမြို့နယ်ရှိ ပြူကန်အင်းတို့သည် လည်း ရေတိမ်ဒေသ (Wet Land) များ ဖြစ်ကြပါ သည်။ ရေဝပ်ဒေသများသည် လူသားများအတွက် ဆန်စပါးနှင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ လူသုံး ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေသည်သာမကရေချိုအရင်းအမြစ်အဖြစ် မြေအောက်ရေ ဖြည့်တင်း ပေးခြင်း၊ ရေတွင်ပျော်ဝင်နေသော အညစ်အကြေး များကို သန့်စင်ပေးခြင်း၊ ရေကြီးရေလျှံမှုနှင့် ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိပေးခြင်း၊ မုန်တိုင်းဒဏ် နှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေး ခြင်း၊ အပန်းဖြေအနားယူနိုင်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးများ ထောက်ပံ့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေး အတွက် ရေလမ်းကြောင်းထောက်ပံ့ပေးနိုင်ခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် နေရင်းဒေသများ ဖန်တီးပေးခြင်း၊ ရေနေငှက်မျိုးစိတ်များစွာအတွက် နားခိုရာ ကျက်စားရာနေရာများဖြစ်ခြင်း စသည့် လူ၊ တိရစ္ဆာန်၊ ရေနေငှက်များ၊ စိုက်ပျိုးရေးလုပ်ငန်း များနှင့် သားငါးထုတ်လုပ်ရေးလုပ်ငန်းများအတွက် အထူးအားထားရသော ဂေဟဗေဒစနစ် ကောင်းကြီး တစ်ခုအဖြစ် ရပ်တည်ပေးလျက်ရှိနေပါသည်။
ငွေရောင်အဆင်းပလိပ်အင်း
နံနက်ခင်းနေခြည်ဖြာဆင်းသည်မှစ၍ ညအချိန် လရောင်ဆမ်းချိန်အထိ ပလိပ်အင်းရေပြင်သည် ငွေရောင်အဆင်း ဖြူဝင်းတောက်ပလျက်ရှိနေပါ သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေကြ သည့် ပလိပ်အင်းနှင့် အလားတူရေဝပ်ဒေသများသည် နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝအမွေ အနှစ်များဖြစ်ကြပါသည်။ ရေဝပ်ဒေသများသည် နိုင်ငံ့စီးပွားရေးအခန်းကဏ္ဍတွင် အလွန်အရေး ပါသော သဘာဝအရင်းအမြစ်များ ဖြစ်ပါ ကြောင်း သတိတရဖြစ်ကြပြီး တန်ဖိုးထား နိုင်ကြစေရန် “ငွေရောင်အဆင်း၊ ပလိပ်အင်း” ဟူသောဆောင်းပါးဖြင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ ရေဝပ်ဒေသများအား ဂုဏ်ပြုလျက် ရေးသားတင်ပြ အပ်ပါသည်။ ။
ကျမ်းကိုးစာရင်း
၁။ မြန်မာနိုင်ငံအင်းလုပ်ငန်းများ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (၁၉၉၄ ခုနှစ် ဩဂုတ်လ)
၂။ မြန်မာနိုင်ငံ အင်းအိုင်ရေချိုငါးဖမ်း လုပ်ငန်း၊ ဦးဘသော် တိုင်းဦးစီးဌာနမှူး (ငြိမ်း)၊ငါးလုပ်ငန်းဦးစီးဌာန၊
၃။ မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ (၁၅-၃-၂၀၂၁)
၄။ မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
၅။ ဒေါက်တာသန်းထွန်း၊နယ်လှည့်ရာဇဝင်
၆။ မကြန်၊ သမိုင်းရှာပုံတော်ခရီးနှင့် အခြား စာတမ်းများ
၇။ တိုက်ကြည်(စဉ့်ကိုင်) သမိုင်းဂုဏ်ဟိတ် မြို့ပလိပ်၊
၈။ ဒေါက်တာသိန်းအောင်၊ ဒေါက်တာသီရိ ဒေဝီအောင်၊ ပလိပ်အင်းအတွင်းမှ ဆောင်းခိုငှက်များ စာတမ်း
၉။ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာန၏ စဉ့်ကိုင်မြို့နယ်ရှိ အင်းစာတွဲများ၊
၁၀။ ကွင်းဆင်းမှတ်တမ်း
- Log in to post comments