နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၌ မြေအောက်ကေဘယ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်  ဩဂုတ်  ၂၀
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၌   ဩဂုတ် ၁၉ ရက်က    မြေအောက်ကေဘယ်မီးကြိုးများ   ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ဩဂုတ်  ၁၉ ရက် နံနက် ၃ နာရီခွဲခန့်တွင်     တပ်ကုန်း မြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်း အဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာ ကြား   လမ်းလယ်ကျွန်းပေါ်၌   မသင်္ကာဖွယ်ရာ  အမျိုးသားတစ်ဦးကိုတွေ့ရှိစစ်ဆေးရာ   ပုဗ္ဗသီရိမြို့နယ်   ဇလုပ်ကြီးကျေးရွာနေ    ကျော်စိုး (၄၅) နှစ်ဖြစ်ပြီး ၎င်းထံမှ ဖြတ်တောက်ခိုးယူထားသော      မြေအောက် ကေဘယ်မီးကြိုးဖြတ်စခွေ ၁၆ ခွေ၊ ဂေါ်ပြားတစ်လက်၊ ဓားမတစ်ချောင်း၊ မီးကြိုးခွာရာတွင်   အသုံးပြုသော အဝါရောင်လက်ညှစ်ဓား နှစ်ချောင်း၊  ဓားဆံဘူး တစ်ဘူး၊  ဂက်စ်မီးခြစ်တစ်လုံး၊  လွယ်အိတ်တစ်လုံးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ  ကျော်စိုးအား  ဥပဒေ နှင့်အညီ    ထိရောက်စွာ   အရေးယူနိုင်ရေး  အမှုရေးဖွင့်ပြီး  ဆက်စပ် ပြစ်မှုများ  ကျူးလွန်ထားခြင်း  ရှိ/မရှိ    လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်