ယခုနှစ်အတွင်း အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံနှင့် အခြားအာဖရိက နိုင်ငံအချို့တွင် Mpox ခေါ် မျောက်ကျောက်ရောဂါ ကူးစက်မှု အရှိန်မြင့်လာခြင်းနှင့် ကွန်ဂိုအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲ အသစ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသည့်အပြင် နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိလာခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့တွင် မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာ ရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
ယင်းသို့ ကြေညာခဲ့ပြီးနောက် ရက်သတ္တတစ်ပတ်ခန့်တွင်ပင် မျောက်ကျောက်သည် မြန်မာ့အိမ်နီးချင်းနိုင်ငံသို့ စတင်ဝင်ရောက် ပြီဖြစ်ကြောင်း အတည်ပြုလိုက်သည့် သတင်းများ ထွက်ပေါ်လာ ခဲ့ပြီဖြစ်သည်။ ထိုင်းတွင် အတည်ပြုလိုက်သည့် Mpox (မျောက်ကျောက်) သည် ရောဂါပိုးမျိုးကွဲအသစ် (Clade 1b) ဖြစ်ပြီး အာရှတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်ဟုလည်း သတင်းတွင် တွေ့ရသည်။ ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာန၏ အဆိုအရ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူမှာ ဩဂုတ် ၁၄ ရက်တွင် အမည်မသိ အာဖရိကနိုင်ငံတစ်နိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် အသက် ၆၆ နှစ်အရွယ် ဥရောပသားတစ်ဦးဖြစ်သည်။ ထိုင်းသို့ရောက်ပြီး နောက်တစ်ရက် မှာပင် ရောဂါလက္ခဏာများ စတင်ပြသလာသဖြင့် ဆေးရုံသို့ အလျင်အမြန်တင်ခဲ့ရာမှ မျောက်ကျောက်ရောဂါပိုး မျိုးကွဲအသစ် Clade 1b ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိအတည် ပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Mpox (မျောက်ကျောက်) ရောဂါကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ တွင် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှု သိသိသာသာကျဆင်းလာခြင်း ကြောင့် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြန်လည်ဖြေလျှော့ပေးခဲ့သည့်တိုင်အောင် မိမိတို့နိုင်ငံ တွင် လက်ရှိအချိန်ထိ တန်းမဖြုတ်ဘဲ ဆက်လက်စောင့်ကြပ် ကြည့်ရှုခဲ့ရာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု မတွေ့ရသေး ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားနိုင်ခြေ သတ်မှတ် ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေးအတွက် အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာ ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည် ဟုလည်း သိရသည်။
မျောက်ကျောက်သည် စိုးရိမ်လွန်စရာမဟုတ်သော်လည်း ပေါ့ဆ၍မရသည့် ကူးစက်ရောဂါဖြစ်သည်။ အာဖရိကတိုက် ပြင်ပသို့ ထွက်လာပြီဖြစ်သည့် မျောက်ကျောက်ရောဂါသည် အာရှတွင် ပထမဆုံးဖြစ်သည့် ကူးစက်မှုအဖြစ် မြန်မာလူမျိုး သန်းနှင့်ချီ၍ ဝင်ထွက်သွားလာနေသည့် ထိုင်းနိုင်ငံသို့ စတင် ရောက်ရှိလာခြင်းဖြစ်ရာ လက်တစ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မည်သည့်ကူးစက်ရောဂါမဆို ကျန်းမာရေးအသိသုတ တို့ ရှိနေကြမည်ဆိုပါက သတိထား၍ ရှောင်ရှားနိုင်ကြမည် ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် ထုတ်ပြန်အသိပေးနှိုးဆော်လျက်ရှိသည့် Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ရေးဆိုင်ရာ ပညာပေးသတင်းအချက်အလက် များ၊ ရောဂါကာကွယ်ရေးနည်းလမ်းများကို အလေးထား မှတ်သားလေ့လာလိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါကူးစက် မည့်အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါမည့်အကြောင်း။ ။