ပြည်သူကျေးလက် ယူနီဆက်ဖ် ဝမ်းမြောက်ပျော်ရွှင် ဖားကူးတစ်ခွင်

Type
4

 

ဖိုးချို(ရန်ကုန်ကျေးလက်)

တိမ်ညိုများ အုပ်မှိုင်းပြီး အနောက်တောင်ဘက်မှ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများ လက်ကာ မိုးများရွာသွန်းနေသဖြင့် နွေကာလက ပူပြင်းခဲ့သော အပူချိန်မှာ လျော့နည်းသွားပြီး အေးမြသောအထိအတွေ့ကို ခံစားရကာ အရပ်ရှစ်မျက်နှာ၌ စိမ်းစိုလန်းဆန်းလျက်ရှိနေပါသည်။ နွေရာသီကာလပူပြင်းခြောက်သွေ့ပြီး အချို့သော ကျေးလက်ဒေသများတွင် ရေရှားပါးမှုကို ခံစားခဲ့ရပြီး မိုးတွင်းကာလတွင် ရေတွင်း၊ ရေကန်များ၌ ရေများသိုလှောင်နိုင်သောကြောင့် ရေရှားပါးမှုကို အထောက်အကူပြုသော ကာလတစ်ခုဖြစ်ရာ စာရေးသူတာဝန်ထမ်းဆောင်ခဲ့သော “ရွှေကိုမလို ရေကိုလိုသော ကျေးရွာကလေး”အဖြစ် တင်စားခေါ်ဝေါ်ခဲ့သော သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာလေး၏ နွေရာသီရေရှားပါးမှု ဆောင်ရွက်ခဲ့သည်များကို အတွေးပုံရိပ်ဝယ် တရေးရေးမြင်ယောင်လာမိပါသည်။
ဘားကူး(သို့မဟုတ်)ဖားကူး
သန်လျင်မြို့နယ်  ဖားကူးအရှေ့ကျေးရွာသည် ရန်ကုန်မြစ်တစ်ဖက်ကမ်း    ပဲခူးမြစ်နှင့်  ရန်ကုန် မြစ်ဆုံရာ ပဲခူးမြစ်၏ တောင်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့်  ပုဇွန်တောင် မြစ်တို့ဆုံရာ မြစ်ဝမှ သုံးမိုင်အကွာ ရန်ကုန်မြို့နှင့် ခြောက်မိုင် အကွာတွင် တည်ရှိသော ကျေးရွာလေးဖြစ်ပါသည်။ ဖားကူးအရှေ့ကျေးရွာလေးသည်      ယခင်က ဟံသာဝတီခရိုင် မွန်လူမျိုးများ နေထိုင်သည့်အတွက် မွန်ရိုးရာအခေါ်အဝေါ်   ဘားကူးမှ  ယခုဗမာများ နေထိုင်လာသည့်အခါ     အခေါ်အဝေါ်ပြောင်း၍ ဖားကူးကျေးရွာဖြစ်လာရခြင်းဖြစ်ပြီး    အိမ်ခြေ ၁၁၉၆ ၊ အိမ်ထောင်စု ၁၂၁၁ ၊  လူဦးရေ ၄၃၇၄ ဦး ရှိသော   ကျေးရွာဖြစ်ပါသည်။  ယခင်ကမြို့နှင့် အလှမ်းကွာဝေးပြီး   တိုးတက်မှုနှောင့်နှေးခဲ့သော ကျေးရွာဖြစ်ကာ ရန်ကုန်မြို့မှ ကျေးရွာသို့ ကုန်းလမ်း ခရီး မကောင်းမွန်သောကြောင့် ရေကြောင်းခရီး တစ်ခုတည်းဖြင့် သွားလာခဲ့ရသော ကျေးရွာလေး ဖြစ်ပါသည်။
ကျေးရွာဖွံ့ဖြိုးမှုအခြေအနေ
ဖားကူးအရှေ့ကျေးရွာသည် စီးပွားရေးလုပ်ငန်း အနေဖြင့်   စိုက်ပျိုးရေး၊   ပရိဘောဂလုပ်ငန်း၊ ရေလုပ်ငန်း၊   သဲစုပ်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး  ယခုအချိန်တွင်  စီးပွားရေး အသင့်အတင့်ရှိကာ  ဖွံ့ဖြိုးနေသော ကျေးရွာဖြစ်ပါ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်အကောင်အထည်ဖော်မှု
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို  ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်မှ  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အတိုးရငွေကျပ် ၅၄ ဒသမ ၅၆၄ သန်းရရှိခဲ့ပြီး အဆိုပါအတိုးရငွေအနက်မှ ၅၀ ရာခိုင်နှုန်းဖြင့်  ကျေးရွာတွင်းလမ်းလေးလမ်း ကို  ငွေကျပ် ၂၈ ဒသမ ၉၉၉၃ သန်းဖြင့် ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်နိုင်ခဲ့သည့်အပြင်  ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း  ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူ့ထည့်ဝင်ငွေ  ၇ ဒသမ ၆၈ သန်းတို့ ဖြင့်   ကျေးရွာရှိ  ဇောတိကလမ်းအရှည် ပေ ၈၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ဦးစီးဌာန၏ အဓိကလုပ်ငန်းစဉ်
ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏   အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆)ပါ ရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်       တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ    ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊   အခြေခံပညာဦးစီး ဌာန၊  ယူနီဆက်ဖ်တို့နှင့်ပူးပေါင်း၍ ရေးဆွဲထားခဲ့ပြီး ဖြစ်ပါသည်၊၊
ကျေးရွာ၏ ယခင်ရေရှားပါးမှုအခြေအနေ
ဖားကူးကျေးရွာတွင် မြေသားရေကန် စုစုပေါင်း ရှစ်ကန်ရှိသော်လည်း နွေရာသီတွင် မြေသားရေကန် ခြောက်ကန်မှာ   ရေလုံးဝခန်းခြောက်ပြီး  စိမ့်စမ်း အနည်းငယ်ထွက်သော  ရေကန်  နှစ်ကန်ထဲတွင် လက်ယက်တွင်းအဖြစ် တူးဖော်ပြီး ရေရှားပါးသော အခက်အခဲကို  ဖြေရှင်းခဲ့ရပါသည်။ နွေရာသီကာလ ၌ ရေရှားပါးပြီး အခက်အခဲရှိသည့်အပြင် လေးဂါလန် ဆံ့ ရေပုံး ၁၀ ပုံးပါသော ရေစည်လှည်း တစ်လှည်းကို ခရီးနီးလျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် လည်းကောင်း၊ ခရီးဝေးလျှင်   ငွေကျပ် ၁၅၀၀ နှုန်းဖြင့်လည်းကောင်း ဝယ်ယူသုံးစွဲခဲ့ရပါသည်။   ၎င်းအပြင်  ရေထမ်းပိုး တစ်ပိုးလျှင်    ခရီးနီးလျှင်  ငွေကျပ် ၁၀၀  နှုန်းဖြင့် လည်းကောင်း၊ ခရီးဝေးလျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့် လည်းကောင်း ဝယ်ယူသုံးစွဲခဲ့ရပါသည်။
ယခင်ရေပေးရေးလုပ်ငန်း
ဆောင်ရွက်ခဲ့မှုအခြေအနေ
ဖားကူးကျေးရွာ၌   ၂၀၁၀-၂၀၁၁   ဘဏ္ဍာနှစ် တွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ   နှစ်လက်မအကျယ် စက်ရေတွင်းကို   ပထမဆုံး  ဖားကူးအရှေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်   ရဟန်းသံဃာတော် များနှင့် ကျေးရွာသူ ကျေးရွာသားများ သောက်သုံး ရန်  တူးဖော်ပေးခဲ့ပြီး    ၂၀၁၃-၂၀၁၄   ခုနှစ်မှစ၍ ကျေးလက်ဒေသ      ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအရောက်    ကွင်းဆင်း၍   ကျေးရွာသူ ကျေးရွာသားများနှင့်    တွေ့ဆုံကာ  ကျေးရွာ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက် ခဲ့ပါသည်၊၊
၎င်းတို့၏ တင်ပြချက်များအရ ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်   ယူနီဆက်ဖ်၊  လွှတ်တော်ရန်ပုံငွေဖြင့် လေးလက်မအကျယ်   အနက်ပေ   ၆၀၀  ရှိသော စက်ရေတွင်းတစ်တွင်း၊    ရေစက်ရုံ(၁)   တစ်ခု၊ အမြင့်တင်ရေစင်တစ်ခု    ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေပြည်သူထည့်ဝင်ငွေဖြင့်  ဂါလန် ၄၀၀၀ ဆံ့ အုတ်ရေလှောင်ကန်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍  ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင် အိမ်တိုင်ရာရောက်ရေပေးရေးစနစ်  ဆောင်ရွက်ခွင့် ရရှိချိန်တွင်   ပြည်သူ၊   ကျေးလက်၊  ယူနီဆက်ဖ် အစီအစဉ်ဖြင့်  ဆောင်ရွက်ရန်  ညွှန်ကြားခဲ့သည့် အတွက် ကျေးရွာသို့ ချပြရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ပြည်သူ၊ ကျေးလက်၊ ယူနီဆက်ဖ်အစီအစဉ်
ပြည်သူ၊   ကျေးလက်၊  ယူနီဆက်ဖ်အစီစဉ်ဖြင့်  အိမ်တိုင်ရာရောက်         ရေရရှိရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ရာတွင်   ယူနီဆက်ဖ်မှ   လိုအပ်သည့် ရေပိုက်များ၊ ရေစုပ်ပန့်များ ထောက်ပံ့ခြင်း၊ ကျေးရွာ ပြည်သူများမှ ရေပိုက်လိုင်းများတူးဖော်ခြင်း၊ ပိုက် နှင့် ပိုက်ဆက်ပစ္စည်းများ၊ ရေမီတာများ ထည့်ဝင် ခြင်းနှင့်   လိုအပ်ပါက   ရေစင်များတည်ဆောက် ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ရေပိုက်လိုင်းများသွယ်တန်းနိုင်ရေး ကွင်းဆင်း တိုင်းတာခြင်း၊ လိုအပ်သည့်နည်းပညာများပေးခြင်း နှင့်   လိုအပ်ပါက    စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရသည့် စနစ်ဖြစ်ပြီး ပြည်သူများ ကိုယ်တိုင် လိုအပ်သည့်ငွေကြေးများ ထည့်ဝင်ရခြင်း၊ ကိုယ်တိုင်ကိုယ်ကျ   ဆောင်ရွက်ရခြင်းတို့ကြောင့် မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့   ထိန်းသိမ်းဆောင်ရွက် တတ်လာကာ Ownership စိတ်ဓာတ် ဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ ဆောင်ရွက်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။
အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်း
ကနဦးအနေဖြင့်   ဖားကူးကျေးရွာ  အိမ်တိုင် ရာရောက်   ရေရရှိရေးအတွက်  ရေပိုက်လိုင်းများ တူးဖော်ခြင်း၊ ရေမီတာအလုံး ၁၀၀ နှင့် ဂါလန် ၂၄၀၀ ဆံ့  အမြင့်တင်ရေစင်တစ်ခု  တည်ဆောက်ခြင်း လုပ်ငန်းတို့ကို   ကျေးရွာနေပြည်သူများက  ကျခံ၍ လည်းကောင်း၊ လိုအပ်သည့်နည်းပညာနှင့် ခန့်မှန်း ခြေတွက်ချက်မှုပါအတိုင်း ပိုက်နှင့် ပိုက်ဆက်ပစ္စည်း များကို  ဌာနမှကျခံ၍လည်းကောင်း၊ လိုအပ်သည့် ရေသွယ်ပိုက်များကို            ယူနီဆက်ဖ်ဘက်မှ လည်းကောင်း          စတင်အကောင်အထည်ဖော်     ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍   အိမ်တိုင်ရာရောက်ရေရရှိရေး လုပ်ငန်းကို        ၂၀၂၀-၂၀၂၁     ဘဏ္ဍာနှစ်တွင် လေးလက်မအကျယ် အနက်ပေ ၆၀၀ ရှိ  စက်ရေတွင်း တစ်တွင်း၊ ရေစက်ရုံတစ်ခု၊  ဂါလန်    ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တစ်ခု၊  အိမ်သွယ်ရေတိုင် ၉၀၀ သွယ်တန်းခြင်းတို့ကို        ပြည်သူ၊    ကျေးလက်၊ ယူနီဆက်ဖ်အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး  ၂၀၂၂- ၂၀၂၃   ဘဏ္ဍာနှစ်တွင်  သန့်ရှင်းသောသောက်သုံးရေ ရရှိစေရန်  ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်    ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အထိ  ဆောင်ရွက်ခဲ့ပြီးသော ရေပေးရေး လုပ်ငန်းများအနက်     ကျေးရွာပေါင်း     ၆၄ ရွာ၊ အိမ်တိုင်ရာရောက်   ရေပေးရေးလုပ်ငန်း    ၇၂   ခု ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
အကျိုးကျေးဇူးရရှိမှု
ဖားကူးကျေးရွာ၌ အဆိုပါ အိမ်တိုင်ရာရောက်ရေပေးရေးလုပ်ငန်း အောင်မြင်စွာ အကောင်အထည် ဖော်   လည်ပတ်နိုင်ရန်နှင့်  ရေရှည်တည်တံ့ရေး အတွက်   ပြုပြင်ထိန်းသိမ်းစရိတ်များနှင့် ကုန်ကျ စရိတ်များ ကာမိစေရေးအတွက် ရေမီတာတစ်ယူနစ် (ဂါလန် ၂၂၀)လျှင် ငွေကျပ် ၂၀၀ နှုန်း ကောက်ခံပြီး တစ်လပျမ်းမျှဝင်ငွေကျပ် ၇၅၀၀၀၀ ခန့်ရရှိပါသည်။ အသုံးစရိတ်အနေဖြင့် လျှပ်စစ်မီတာခ၊ စက်သုံးဆီ ကုန်ကျစရိတ်၊   ရေပိုက်နှင့်  စက်ပြင်ဆင်စရိတ်၊ စက်မောင်း လုပ်သားငှားရမ်းခ၊ တစ်လလျှင်စုစုပေါင်း ကုန်ကျငွေကျပ်    ၁၅၀၀၀၀   ခန့်   ကုန်ကျပြီး တစ်လပျမ်းမျှပိုလျှံငွေ  ၅၀၀၀၀၀ ခန့် ရရှိပါသည်။
အဆိုပါ ပိုလျှံငွေများအနက်မှ ကျေးရွာသူ ကျေးရွာ သားများ၏ ဆုံးဖြတ်ချက်ဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးရွာတွင်း ဇောတိကလမ်း အရှည်ပေ   ၁၁၀၀ ၊  အကျယ်   ၁၄  ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၂၀ ၊ စာသင်ကျောင်း လမ်း ကွန်ကရစ်ခင်းခြင်း အရှည်ပေ ၁၂၆၀၊ အကျယ် ၁၀ ပေ၊ အမြင့် ခြောက်လက်မထုခင်းခြင်း ကျေးရွာ ပြည်သူထည့်ဝင်ငွေကျပ်    ၂၅   သိန်း၊  ဖားကူး ချောင်းကူးတံတားအရှည်ပေ ၁၂၀၊ အကျယ် ၁၄ ပေ အတွက်  ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် သိန်း  ၁၁၀ ၊ မီးသင်္ဂြိုဟ်စက်တည်ဆောက်ခြင်းအတွက် ထည့်ဝင်ငွေကျပ်   ၁၀  သိန်း၊    ဖွံ့ဖြိုးရေးလုပ်ငန်း လေးခုအတွက်    စုစုပေါင်းငွေကျပ်   ၁၆၅  သိန်း ထည့်ဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး    လူမှုကူညီရေး အသင်းအဖွဲ့မှ ဆင်းရဲသောကျေးရွာသူ ကျေးရွာသား များ၏ နာရေးကိစ္စရပ်များကို  အခမဲ့ကူညီပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း    လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
၎င်းအပြင်  ရေသန့်စင်စနစ်လုပ်ငန်းမှ  ရဟန်း သံဃာတော်များနှင့် ဝါတွင်းကာလတွင် ဥပုသ်သည် များအတွက် ရေသန့်လှူဒါန်းခြင်းနှင့် ကျေးရွာသူ ကျေးရွာသားများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိပါ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏  ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်  တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်အရ ၂၀၃၀   ပြည့်နှစ်တွင်   ထိရောက်အကျိုးရှိသော တန်းတူညီမျှမှုရှိသော ကုန်ကျစရိတ်ကျခံနိုင်သည့် ရေကောင်းရေသန့်ရရှိရေး       တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများ ကို   ဖော်ထုတ်ချမှတ်   ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများအတွက်   အချိန်ကုန် သက်သာခြင်းနှင့်   လူပင်ပန်းသက်သာ၍  လူနေမှု အဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝပိုမိုတိုးတက်စေရေး အထောက်အကူဖြစ်စေပါသည်။
အချုပ်အားဖြင့်ဆိုရသော် ယခင်က “ရွှေကိုမလို ရေကိုလိုသော ကျေးရွာကလေး”အဖြစ် တင်စား ခေါ်ဝေါ်ခဲ့သည့် ဖားကူးကျေးရွာလေးမှာ ယခုအခါ ပြည်သူ၊   ကျေးလက်၊  ယူနီဆက်ဖ်အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်သွယ်ရေတိုင်စနစ်မှ ကုန်ကျ စရိတ်သက်သာခြင်း၊   အချိန်ကုန်သက်သာခြင်း စသည့် အကျိုးကျေးဇူးများနှင့်အတူ သန့်ရှင်းသော သောက်သုံးရေများ    အိမ်တိုင်ရာရောက်ရရှိနေပြီ ဖြစ်သောကြောင့် ကျေးရွာရှိ ကျေးရွာသူ ကျေးရွာ သားများ၏    ဝမ်းမြောက်ဝမ်းသာ   ပီတိဖြာနေမှု များကို “ပြည်သူကျေးလက်ယူနီဆက်ဖ် ဝမ်းမြောက် ပျော်ရွှင် ဖားကူးတစ်ခွင် ” ဆောင်းပါးဖြင့် ရေးသား ဖော်ပြလိုက်ရပါသည်။       ။