
ဘားအံ ဩဂုတ် ၂၂
ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာ ၅၁ ရွာသို့ ရန်ပုံငွေကျပ် သန်း ၉၉၀ ကို ဩဂုတ် ၂၂ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ လွှဲပြောင်းပေးအပ်သည်။
ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး လွှဲပြောင်းပေးအပ်ရာတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ဘားအံမြို့နယ်မှ ကျေးရွာလေးရွာနှင့် လှိုင်းဘွဲမြို့နယ် မှ ကျေးရွာနှစ်ရွာ စုစုပေါင်း ကျေးရွာခြောက်ရွာတို့တွင် တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ စီကိုလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(RBF)စီမံကိန်းအတွက် ဘားအံမြို့နယ်မှ ကျေးရွာနှစ်ရွာနှင့် လှိုင်းဘွဲမြို့နယ်မှ ကျေးရွာတစ်ရွာ စုစုပေါင်းကျေးရွာသုံးတို့တွင် တစ်ရွာလျှင် ငွေကျပ် သိန်း ၃၀၀ စီကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း (VDP)စီမံကိန်းအား ဘားအံမြို့နယ်မှ ကျေးရွာ ၂၀၊ လှိုင်းဘွဲမြို့နယ်မှ ကျေးရွာ ၁၉ ရွာနှင့် သံတောင်ကြီးမြို့နယ်မှ ကျေးရွာတစ်ရွာ စုစုပေါင်း ကျေးရွာ ၄၀ တို့တွင် တစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀ စီကိုလည်းကောင်း၊ ခေတ်မီစံပြကျေးရွာ ထူထောင် ခြင်းလုပ်ငန်း(SMART VILLAGE) စီမံကိန်းအား ဘားအံ မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆၀၀ စီကိုလည်းကောင်း စုစုပေါင်းငွေကျပ်သိန်းပေါင်း ၉၉၀၀ ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် စီမံကိန်းကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများကိုယ်စား စီမံကိန်းကော်မတီဝင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာ သော စီမံကိန်းကျေးရွာများမှ ကျေးရွာသူ ကျေးရွာသား များအား အားပေးစကားများ ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မှတ်တမ်း ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)