
မြောင်းမြ ဩဂုတ် ၂၃
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူ များ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည် အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်းတို့ တက်ရောက်အားပေးသည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်မုခ်ဦးကို ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြ ကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့၊ တံခွန်တိုင်ကျေးရွာမှ ကရင် တိုင်းရင်းသားရိုးရာ သံစုံတီးဝိုင်းအဖွဲ့နှင့် အကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယ ပိုင်း အစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေး ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip ကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းသား လူငယ်များအနေဖြင့် ပညာကို ကြိုးစား သင်ယူကြရန် လိုအပ်သကဲ့သို့ မိဘ၊ ဆရာ သမားများကိုလည်း ရိုသေလေးစားတတ် ရန် လိုအပ်ပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်း ဖြင့် အသိပညာမြင့်မားလာစေရန် စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော်များကို နိုင်ငံ တစ်ဝန်းလုံးတွင် စီစဉ်ကျင်းပပေးလျက် ရှိပါကြောင်း။
စာပေလေ့လာဖတ်ရှု
နိုင်ငံတော်အကြီးအကဲက စာမတတ် သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ် ပြီး စာမဖတ်သူမှာ ရပ်နေသည့်လူနှင့် တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာ ဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့် အတွက် ကျောင်းသားလူငယ်များအနေ ဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ် ကို လျှောက်လှမ်းနေကြရမည်ဖြစ် ကြောင်း၊ ကျောင်းသားလူငယ်များသည် နိုင်ငံတော်၏ အနာဂတ်သားကောင်း ရတနာများဖြစ်သည့်အတွက် အရည် အသွေးပြည့်ဝစေရန် ပြုစုပျိုးထောင်ပေး ကြရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများ သည် မိမိတို့အားလုံးကို အသိပညာဗဟု သုတများအား ပေးစွမ်းနိုင်သည့်အတွက် ငယ်စဉ်အချိန်ကပင် ဖတ်ရှုလေ့လာကြရန် လိုအပ်ပါကြောင်း၊ ယခုစာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များမှသည် စာပေ လေ့လာဖတ်ရှုသည့် အလေ့အထကောင်း များ ပေါ်ပေါက်လာအောင် မိမိတို့အားလုံး က ဝိုင်းဝန်းကြိုးပမ်းပေးကြရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြောင်းမြမြို့ပေါ်ရှိ အခြေခံပညာအထက် တန်းကျောင်းနှင့် အလယ်တန်းကျောင်း များအတွက် DTH စလောင်း ငါးစုံ နှင့် DVB T2 Set Top Box ၁၅ လုံး တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသ ကြီး ပညာရေးမှူးက လက်ခံရယူကြ သည်။
ပေးအပ်လှူဒါန်း
ထို့နောက် စာကြည့်တိုက်တစ်တိုက် ဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း ၁၅၀ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ သည်။
အသိပညာမြှင့်တင်ပေး
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းက မြောင်းမြမြို့ သည် ပညာရေးနှင့်ပတ်သက်ပါက ထိပ်ဆုံးကရှိသည့် မြို့ကြီးတစ်မြို့ဖြစ်ပါ ကြောင်း၊ အလားတူ အားကစားကဏ္ဍတွင် လည်း အားကောင်းသည့် မြို့ကြီးတစ်မြို့ ဖြစ်ပါကြောင်း၊ ထို့ပြင် မြောင်းမြခရိုင်သည် ပညာရေးဒီဂရီကောလိပ်၊ စိုက်ပျိုးမွေးမြူ ရေးသိပ္ပံ၊ သူနာပြုသင်တန်းကျောင်း တို့ကို အခြေတည်ဖွင့်လှစ်ထားခြင်း ကြောင့် နိုင်ငံတော်အတွက် ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ များကို ထိထိရောက်ရောက်ဖြင့် ပညာရှင် များ မွေးထုတ်ပေးရာ မြို့ကြီးတစ်မြို့ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကြီးကို ကျင်းပ၍ အသိပညာ မြှင့်တင်ပေးခြင်းအားဖြင့် မြောင်းမြမြို့အား ပိုမိုတိုးတက်ပြည့်စုံ အောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရှင်သန်ခိုင်မာသည့် ကျေးရွာ စာကြည့်တိုက် ၃၂၃ တိုက် အတွက် သုတစာအုပ် ၆၄၆၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ လူမှု ရေးရာဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ပညာ ဘဏ်တိုက် စာကြည့်တိုက်သို့ သွား ကြစို့” သီချင်းဖြင့်ဖျော်ဖြေ၍ စာရေးဆရာ မောင်လှိုင်းသစ် (ချစ်စရာမြေ) က “မြောင်းမြနှလုံးသား” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ကြည့်ရှုအားပေး
ထို့နောက် မြောင်းမြမြို့ ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူ များက “ကျေးလက်သဘာဝ တိုင်းဧရာ အလှ” သီချင်းဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် ဖြိုးမြတ်အောင် နှင့် ရွှေတံဆိပ်ဆုရှင်များက “နှလုံးသား ကို အလှဆင်ပါ” သီချင်းဖြင့်လည်း ကောင်း၊ တံခွန်တိုင်ကျေးရွာမှ ကရင် တိုင်းရင်းသား သံစုံတီးဝိုင်းအဖွဲ့က တေးသံသာများတီးမှုတ်၍ လည်း ကောင်း၊ ကရင်တိုင်းရင်းသား ရိုးရာစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့က ကရင်ရိုးရာ အကဖြင့်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာပြည်မှာ စာပဒေသာ ဝေဆာစေ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်အတွင်း ခင်းကျင်းပြသထား သော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာ ပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေ မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ သည်။ သတင်းစဉ်