
ရန်ကုန် ဩဂုတ် ၂၄
အကြိမ်(၃၀)မြောက် ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူ ကြူလှ မိသားစုက ပခုက္ကူ စာပေဆုရန်ပုံငွေသို့ ငွေကျပ်သိန်း ၁၀၀ ၊ မြန်မာနိုင်ငံစာကြည့်တိုက် များနှင့် တပ်မတော် တပ်ရင်း တပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံ ကျမ်းစာအုပ် စုစုပေါင်း ၃၀၀၀ ပေးအပ်လှူဒါန်းသည့် အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်ကော်မတီ ဝင်များ၊ စာရေးဆရာ၊ ဆရာမကြီး များ၊ စာပေဆုရပုဂ္ဂိုလ်များ၊ ပညာ ရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ “စာပေကဏ္ဍအတွက် တန်ဖိုးဖြတ်မရနိုင်သော ပခုက္ကူ စာပေဆု Video Clip နှင့် ပါရီ အိုလံပစ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား” Video Clip တို့ကို ပြသသည်။
အမှာစကားပြောကြား
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် မိမိတို့ ၏ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အဓိကထား အထောက်အကူပြုနေ သည့် ပခုက္ကူစာပေဆု ဆုနှင်း သဘင်အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး မှာ မြန်မာစာပေပညာရှင်တို့၏ ဝိုင်းဝန်းကြိုးပမ်းမှုများ ပါဝင်သကဲ့ သို့ စာပေပညာရှင်များကို ချီးမြှင့် သည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကစာပေဆု တည်ထောင်သူ များ၏ အားစိုက်ထုတ်မှုများက လည်း အဓိကကျပါကြောင်း၊ ပခုက္ကူဦးအုံးဖေ စာပေဆုသည် ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သည် ဖြစ်သည့်အတွက် သက်တမ်းရှည် ပုဂ္ဂလိကစာပေဆုတစ်ခု ဖြစ်ပါ ကြောင်း။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် ၁၉၉၂ ခုနှစ်တွင် ပခုက္ကူမြို့မှ သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင် ဦးအုံးဖေက စာပေရန်ပုံငွေတစ်ရပ် တည်ထောင်ရန်အတွက် ငွေကျပ် ၇၆ သိန်းနှင့် ၁၂၇၉ ကျပ်တို့ကို မတည်၍ နိုင်ငံတော်သို့ လှူဒါန်း ခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်မှ စတင် ပြီး ဦးအုံးဖေ၏ စာပေအလှူဒါန မတည်ငွေနှင့် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆုနှင့် စာပေဆု ဘာသာရပ်လေးမျိုးကို စတင်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခု အခါတွင် တစ်သက်တာစာပေဆု နှင့် ဘာသာရပ်ငါးမျိုးကို ဆုချီးမြှင့် လျက်ရှိပါကြောင်း။
၎င်းမကွယ်လွန်မီက ပခုက္ကူ ဦးအုံးဖေ စာပေဆုပေးပွဲအခမ်း အနားတစ်ခုတွင် “စာပေဟာ ကျွန်တော့်ကို မြေတောင်မြှောက်၊ ရေလောင်း ပေါင်းသင်ပေးတဲ့ ကျေးဇူးရှင်ပါ။ ဒါကြောင့် ကိုယ်ပိုင် ငွေတွေကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ စာပေကို ကျေးဇူး ဆပ်တဲ့အနေနဲ့ စာပေဆု၊ ပညာ ရည်ချွန်ဆုများအတွက် လှူဒါန်း ပေးပြီး စာကြည့်တိုက်များ တည်ဆောက်လှူဒါန်းခြင်း ဖြစ်ပါ တယ်။ လမ်းမှား၊ အမြင်မှားရောက် နေတဲ့ လူတွေကိုလည်း စာဖတ် ခြင်းအားဖြင့် အမြင်မှန်ရကာ ကျွန်တော့်လို မကောင်းတဲ့ဘဝက ကောင်းတဲ့ဘဝကို ပြောင်းလဲစေ ချင်လို့ပါ” ဆိုပြီး ပြောကြားခဲ့ သည်ကိုလည်း မှတ်သားခဲ့ဖူး ပါကြောင်း။
ဂုဏ်ပြုမှတ်တမ်းတင်
ယနေ့ ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု အပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ် ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်း စာပေဆုနှင့် သုတေသနစာပေဆု စုစုပေါင်း ၁၆ ဆုကို ချီးမြှင့်နိုင်ခဲ့ သည့်အတွက် ဆုရရှိသူ စာရေး ဆရာ ဆရာမကြီးများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘာသာရပ်တိုင်းတွင် ဆုရရှိသော စာမူလက်ရာများသည် နိုင်ငံနှင့် ပြည်သူအတွက် ရသ၊ သုတ ဖြည့်ဆည်းပေးမည့် ဘဝလမ်းညွှန် စာမူကောင်းများဖြစ်ကြပါကြောင်း၊ ဆုရရှိသူ ဆရာ၊ ဆရာမကြီးများ အားလုံး မိမိတို့၏ ကလောင် အစွမ်းဖြင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒ ပြုအပ်ပါကြောင်း၊ ထိုနည်းတူ ပညာရည်ချွန်ဆု ရရှိကြသော သားငယ်၊ သမီးငယ်လေးများကို လည်း ဂုဏ်ပြုမှတ်တမ်းတင်အပ် ပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးကို အားပေးလျက်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/တပ်ရင်း တပ်ဖွဲ့ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များကိုလည်း မကြာခဏ လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် လည်း လူထုသိပ္ပံကျမ်း အတွဲ(၆) နှင့် အတွဲ (၇) တစ်မျိုးလျှင် အုပ် ၁၅၀၀ စီဖြင့် စုစုပေါင်း အုပ် ၃၀၀၀ ကို ထပ်မံလှူဒါန်းပါကြောင်း၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍ အရေးကြီးပုံနှင့် စာကြည့်တိုက် ယဉ်ကျေးမှု ထွန်းကားရေးကို လုပ်ဆောင်ကြရန် လိုအပ်ပုံကို တိုက်တွန်းလေ့ရှိသကဲ့သို့ စာတတ် သူတိုင်း စာဖတ်ကြရေး၊ စာတတ် ရုံ၊ အတတ်ပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိ ပညာပြည့်ဝသည့်၊ ဗလငါးတန် ပြည့်ဝသောလူငယ်များ ပေါ်ထွက် လာစေရေးအတွက် တာဝန်ရှိသူ များအပြင် မိဘ၊ ဆရာ ပူးပေါင်း ဆောင်ရွက်မှုကလည်း အရေးကြီး ပုံကို အလေးထား မှာကြားလေ့ ရှိပါကြောင်း၊ ထို့အပြင် ကျောင်း စာကြည့်တိုက်နှင့် ရပ်ကွက် စာကြည့်တိုက်များ တိုးပွားရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွား ရန်နှင့် စာပေ၏ အရေးကြီးသော အခန်းကဏ္ဍကို အလေးထားရန် မိမိတို့ကို မှာကြားလေ့ရှိပါကြောင်း။
စာပေ၏ အစွမ်းသတ္တိသည် အမှောင်ခွင်းပြီး အလင်းဆောင်နိုင် သည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ ငွေကျပ်သိန်း ၁၀၀ ကို ထည့်ဝင် လှူဒါန်းပါကြောင်း၊ ယနေ့ အခမ်း အနားသို့ တက်ရောက်လာကြသော စာပေပညာရှင်ကြီးများက လည်း စာပေဗိမာန်က ဆောင်ရွက် လျက်ရှိသည့် စာပေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီ အားဖြည့်ပေးကြပါဟု မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေသို့ လှူဒါန်းငွေကျပ် သိန်း ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ကလည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များသို့ လှူဒါန်း သည့် လူထုသိပ္ပံကျမ်းအတွဲ (၆) နှင့် (၇) တစ်မျိုးလျှင် အုပ် ၁၀၀၀ စီ စုစုပေါင်း အုပ် ၂၀၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေ (မောင်ဆွေသက်) ကလည်းကောင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက် ရှိ စာကြည့်တိုက်များသို့ လူထု သိပ္ပံကျမ်းအတွဲ(၆)နှင့် (၇)တစ်မျိုး လျှင် အုပ် ၅၀၀ စီ စုစုပေါင်း အုပ် ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး ထွန်းထွန်း ဦး ကလည်းကောင်း လက်ခံရယူ ကြသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပခုက္ကူ ဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ် ၇၅ သိန်းကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံရယူ ပြီး စာပေဆုရွေးချယ်ခဲ့မှုနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူစာပေ တစ်သက်တာဆုများကို ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက ပေးအပ်ရာ ဆရာကြီး ဦးခင်အောင် (ရွှေဘိုဘာမထီ ခင်အောင်) ကိုယ်စား သမီးဖြစ်သူ ဒေါ်သရဖီစိမ်းအောင်နှင့် ဆရာ ကြီး ဦးတင့်လွင် (တက်လူ)ကိုယ်စား သားဖြစ်သူ ဦးစည်သူ လွင်တို့က လက်ခံရယူကြသည်။
လက်ခံရယူ
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမြဲတမ်းအတွင်း ဝန် ဦးဝင်းကျော်အောင်၊ မြန်မာ နိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) နှင့် ဦးညွန့်တင် (မောင်ငြိမ်းသူ ကြို့ပင်ကောက်)တို့က ပခုက္ကူ စာပေဆု ဝတ္ထုရှည် ဒုတိယဆုရ မေတ္တာထွေး နွေးပါသည် ဝတ္ထု ရေးသားသူ ဆရာညိမ်းညို၊ ဝတ္ထု ရှည် တတိယဆုရ စိတ်ဝတ္ထု ရေးသားသူ ဆရာနေစိုးသော်၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ မုသားချိုချိုနှင့် အခြားဝတ္ထုတို များကို ရေးသားသူ ဆရာအမေ့ သား (နတ်မောက်)၊ ဝတ္ထုတို ပေါင်းချုပ် ဒုတိယဆုရ အတိုဆုံး ဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများကို ရေးသားသူ ဆရာကိုနီသွေး(မန်းမြို့)၊ ဝတ္ထုတို ပေါင်းချုပ် တတိယဆုရ မွေးရပ် မြေနှင့် သူငယ်ချင်းနှင့် သုတရသ ဝတ္ထုပေါင်းချုပ်ကို ရေးသားသူ ဆရာထွန်းလှိုင်(မြိုင်)၊ ကျမ်းစာပေ ပထမဆုရ ကုန်းဘောင်ခေတ် စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေကိုရေးသားသူ ဆရာကိုတိုး (ရန်ကင်း)၊ ကျမ်းစာပေ ဒုတိယ ဆုရ ရတနာပုံအိမ်ရှေ့စံကို ရေးသားသူ ဆရာဦးဝင်းမြင့်မောင် (လင်းအရုဏ်ဦး)၊ ကျမ်းစာပေ တတိယဆုရ ရုပ်ရှင်နှင့်နိုင်ငံရေး၊ အမျိုးသားရေး အခန်းကဏ္ဍကို ရေးသားသူ ဆရာသက်ဦးမောင်၊ သုတေသနစာပေ ပထမဆုရ သရေခေတ္တရာ ပျူတို့၏ ရွှေထည်၊ ငွေထည် ယဉ်ကျေးမှုအနုလက်ရာ များကို ရေးသားသူ ဆရာမာန်သစ် ငြိမ်း (ရှေးဟောင်းသုတေသန)၊ ကဗျာပေါင်းချုပ် ပထမဆုရ ရောင်နီသန်းချိန် ပန်းပွင့်ချိန်ကို ရေးသားသူ ဆရာကောင်းနွဲ့၊ ကဗျာပေါင်းချုပ် ဒုတိယဆုရ မွှေးမြဂုဏ်ရည် စာပန်းသီကဗျာ များကို ရေးသားသူ ဆရာရွှေမင်း သား(စစ်ကိုင်း)၊ ကဗျာပေါင်းချုပ် တတိယဆုရ ဘဝတေးသံကဗျာ များ ရေးသားသူ ဆရာတော် ကနောင် နိုင်နွယ်ဦး၊ သုတေသန စာပေဒုတိယဆုရ ဆိုကရေးတီး ရိုးရာခရီးကို ရေးသားသူ ဆရာ ကိုဇော်ဌေး (ယဉ်ကျေးမှု) နှင့် သုတေသနစာပေ တတိယဆုရ လပြည့်နေ့ဖွား မြန်မာလူကျော် များကို ရေးသားသူ ဆရာ လက်ယာ (မေတ္တာတံခွန်) တို့က ဆုများ လက်ခံရယူကြသည်။
ထို့နောက် အကြိမ် (၃၀) မြောက် ပခုက္ကူဦးအုံးဖေ စာကြည့် တိုက်စာအုပ်ဆု ရရှိသူများနှင့် ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆု ရရှိသူများကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခ ချုပ် ဒေါက်တာ ကေသီထွေးတို့ က ဆုများပေးအပ်ချီးမြှင့်ရာ ကျွန်တော်သိသော ကျွန်တော့်ရွာ စာအုပ်ရေးသားသူ ဆရာခင်မောင် ဝင်း(အညာမြေ)၊ သရဒွေးလင်္ကာ အဖွင့်ကျမ်းစာအုပ် ရေးသားသူ ဆရာသဲ၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပညာသင်ဆုရရှိသူ မသန့် ဖြူဖြူထွန်း (ဒုတိယနှစ်၊ ပန်းချီ ပညာဌာန)နှင့် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပညာသင်ဆုရရှိသူ မောင်မင်းသုဟန်ကျော် (ဒုတိယ နှစ်၊ ပန်းချီပညာဌာန) တို့က ဆုများ လက်ခံရယူကြသည်။
ယင်းနောက် စာပေအလှူရှင် ပခုက္ကူဦးအုံးဖေကိုယ်စား ပခုက္ကူ စာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ဦးသိန်းခိုင်ဦးက ရှင်းလင်းပြော ကြားပြီး ဆုရရှိသူများကိုယ်စား ပခုက္ကူစာပေဆု သုတေသနစာပေ ပထမဆုရ ဆရာမာန်သစ်ငြိမ်းက ကျေးဇူးတင်စကား ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ဆုရရှိသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်း အနားတွင် ပြသထားသည့် ဆုရရှိ သူများ၏ ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
သတင်းစဉ်