
ကျိုင်းတုံ ဩဂုတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ မြန်မာ - ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်က ကျိုင်းတုံမြို့ ပြည်နယ်အစိုးရရိပ်သာ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mr Mongkol Visitstump ဦးဆောင်သောအဖွဲ့နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး ဦးဆောင် သောအဖွဲ့တို့က နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် မြန်မာ-ထိုင်း နယ်စပ်တာချီလိတ် ချစ်ကြည်ရေးတံတားဂိတ်မှ တာချီလိတ်- ကျိုင်းတုံ-တောင်ကြီး- မိတ္ထီလာ-မန္တလေး လမ်းကြောင်းများ တွင် ကုန်စည်စီးဆင်းမှုဆောင်ရွက်နိုင်ရေးနှင့် ခရီး သွားလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များ ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌတို့က အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံလေဆိပ်နှင့် ကျိုင်းတုံ - တောင်ကြီးလမ်း တွင် ကုန်စည်ပို့ဆောင်မှုအခြေအနေများ သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်
(ပြန်/ဆက်)