
မော်လမြိုင် သြဂုတ် ၂၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ် ၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပ နိုင်ငံဖြတ်ကျော် ဝင်ထွက်ပေါက်များ အပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း တိုးမြှင့်ဆောင်ရွက် ခြင်း၊ သီးခြားထားရှိ ကုသမှုပေး ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်း ထားရှိခြင်း၊ ကျန်းမာရေးပညာ ပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ကြည့်ရှုစစ်ဆေး
ယနေ့နံနက်ပိုင်းတွင် မွန် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် မော်လမြိုင်လေဆိပ်တွင် ပြည်သူ့ကျန်းမားရေး ဦးစီးဌာန ဝန်ထမ်းများနှင့် လူမှုကယ်ဆယ် ရေး အသင်းအဖွဲ့ဝင်များက Mpox (မျောက်ကျောက်)ရောဂါ ကာကွယ် ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကိုယ်အပူချိန် တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်တွင်း၊ ပြည်ပ ဆိုက်ရောက် ခရီးသည်များ၏ ကျန်းမာရေး ကြေညာချက် (Health Declaration Form) အား ကျန်းမာရေး တာဝန်ရှိသူများက စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါ နှင့်ပတ်သက်၍ နှိုးဆော်ထား ရှိခြင်း အစရှိသော ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီး များက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
လက်ကမ်းစာစောင်များဝေ
ထို့နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေ သတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွား နိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံ များတွင် ကူးစက်ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူလူထုအနေဖြင့် ရောဂါကူးစက် ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေး အသိပညာပေးခြင်း၊ နိုင်ငံအတွင်း သို့ ရောဂါကူးစက်ဝင်ရောက်မှု မရှိ စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များနှင့် စား သောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်ပြီး ကျန်းမာရေးဝန်ထမ်း များက စမ်းသပ်စစ်ဆေးကုသပေး နေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အားပေး စကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်သည် မွန်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးတိုးဝင်းက ကော်မတီဝင်များ၏ လုပ်ငန်း ဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက မွန်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ တင်ပြလာသည့် လယ်ယာမြေ ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း တင်ပြကြသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းနောက် ကော်မတီဝင် များက ပြည်နယ်အတွင်း လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြချက် များပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)